ကလေးသုံး စမတ်နာရီရောင်းချမှုကို ဂျာမနီ တားမြစ်ပိတ်ပင်

ကလေးတွေအတွက် ရည်ရွယ်ရောင်းချတဲ့ စမတ်နာရီတွေဟာ လျှို့ဝှက်ထောက်လှမ်းနိုင်တဲ့ ထုတ်ကုန်တွေဖြစ်တယ်ဆိုပြီး အဆိုပါစမတ်နာရီ ရောင်းချမှုကို ဂျာမန်အာဏာပိုင် အဖွဲ့တစ်ဖွဲ့က တားမြစ်ပိတ်ပင်လိုက်ပါတယ်။

အဲ့ဒီအဖွဲ့ဟာ အရင်ကလည်း My Friend Cayla လို့ခေါ်တဲ့ အင်တာနက်ချိတ်ဆက်ထားတဲ့ အရုပ်တွေကို အလားတူအကြောင်းပြချက်တွေနဲ့ ပိတ်ပင်ခဲ့ပါတယ်။

အဆိုပါ စမတ်နာရီတွေကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ မိဘတွေအနေနဲ့ ဖျက်ဆီးပစ်ဖို့ကိုလည်း ဆက်သွယ်ရေးအာဏာပိုင်အဖွဲ့ Federal Network Agency က တိုက်တွန်းထားပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အင်တာနက်ချိတ်ဆက်ထားတဲ့ ထုတ်ကုန်တွေအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လိမ့်မယ်လို့ လုံခြုံရေးပညာရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

“လုံခြုံမှုအားနည်းတဲ့ စမတ်ထုတ်ကုန်တွေဟာ ကိုယ်ရေးလုံခြုံမှုအပေါ် ထိခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလုံခြုံရေးအားနည်းမှုက ကလေးငယ်တွေရဲ့ လုံခြုံရေးအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ GPS tracking နာရီတွေမှာ ဖြစ်ပေါ်လာတဲ့အခါ အရမ်းကို စိုးရိမ်စရာကောင်းပါတယ်။ နောက်ပြီး ‘internet of things’ နဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေ သတ်မှတ်မထားတဲ့အပေါ်မှာလည်း ထိတ်လန့်တုန်လှုပ်မိပါတယ်” လို့ Pen Test Partners မှ လုံခြုံရေးပညာရှင် ken Munro က ပြောကြားခဲ့ပါတယ်။

Federal Network Agency ဥက္ကဋ္ဌ Jochen Homann ကလည်း “ မိဘတွေအနေနဲ့ app တစ်ခုကနေတစ်ဆင့် သူတို့ကလေးတွေရဲ့နာရီတွေကိုသုံးပြီး ကလေးရဲ့ ပတ်ဝန်းကျင်က အသံတွေကို နားထောင်နိုင်ပါတယ်။ ဒါကို ခွင့်ပြုချက်မရှိဘဲ အသံထုတ်လွှင့်တဲ့စနစ်တစ်ခု အနေနဲ့ သတ်မှတ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဂျာမနီနိုင်ငံမှာ အများအပြားရောင်းချခဲ့တဲ့ အဲ့ဒီနာရီတွေကို အသက် ၅ နှစ်ကနေ ၁၂ အရွယ် ကလေးတွေအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနာရီအများစုမှာ Sim card တစ်ခုထည့်သွင်းနိုင်ပြီး ကန့်သတ်ထားတဲ့ တယ်လီဖုန်း လုပ်ဆောင်ချက်တစ်ခုနဲ့ app တစ်ခုကနေ ထိန်းချုပ်နိုင်တဲ့ လုပ်ဆောင်ချက်တို့ ပါဝင်ပါတယ်။

နော်ဝေလူသုံးကုန်ကောင်စီ (NCC) ကလည်း Gator နဲ့ GPS for kids အပါအဝင် ကလေးတွေသုံးတဲ့ နာရီအချို့မှာ အချက်အလက်ထုတ်လွှင့်မှုနဲ့ encrypt မလုပ်ဘဲ အချက်အလက် သိမ်းဆည်းမှုတို့လို အားနည်းချက်တွေရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် သူစိမ်းတွေက အခြေခံ hacking နည်းလမ်းတွေကိုသုံးပြီး ကလေးတွေကို ခြေရာခံနိုင်သလို ကလေးတွေက အခြားတစ်နေရာမှာရှိနေသလို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

“ဒီတားမြစ်မှုဟာ ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ ထုတ်ကုန်တွေကိုထုတ်လုပ်ဖို့ ထုတ်လုပ်သူတွေကို သတိပေးလိုက်တာပါပဲ” လို့ NCC ရဲ့ digital policy အကြီးအကဲ Finn Myrstad က ပြောကြားခဲ့ပါတယ်။

-နောင်နောင်
Ref: BBC