ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ၏ ပစ္စည်းလက်ခံပြေစာများ အတုပြုလုပ်၍ Online Shopping Page တချို့ လိမ်လည်ဆောင်ရွက်နေ

ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ ပစ္စည်းလက်ခံပြေစာများကို အတုပြုလုပ်ပြီး Online Shopping Page တချို့က လိမ်လည်ဆောင်ရွက်နေခြင်းများရှိနေကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူပြည်သူများကို အသိပေးခဲ့ပါတယ်။

စားသုံးသူရေးရာဦးစီးဌာနရဲ့ တရားဝင် Facebook စာမျက်နှာကနေ ယနေ့ နေ့လယ်ပိုင်းက သတိပေးခဲ့တာ ဖြစ်ပြီး အခုအခါမှာ အွန်လိုင်း Shopping လုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်လာနိုင်သည်နှင့် အမျှ စားသုံးသူတွေ အနေနဲ့ အွန်လိုင်းမှ တစ်ဆင့် ကုန်စည်နဲ့ ဝန်ဆောင်မှုများကို အလွယ်တကူ ဝယ်ယူရာမှာ စားသုံးသူတွေရဲ့ အင်တာနက်အခြေခံ ဝယ်ယူမှုစနစ် ဆိုင်ရာ အသိပညာဗဟုသုတ နည်းပါးမှုကို အခွင့်အကောင်းယူပြီးသော်လည်းကောင်း၊ မမှန်မကန် ရောင်းချခြင်းနည်းလမ်းများ အသုံးပြုပြီး သော်လည်းကောင်း Online Shopping လုပ်ငန်းများက စားသုံးသူများကို လိမ်လည်မှု လုပ်နေကြောင်း အသိပေးချက်မှာ ပါဝင်ပါတယ်။

တချို့သော Online Shopping Page တွေအနေနဲ့ ကုန်ပစ္စည်းများ ရောင်းချရာမှာ အများယုံကြည်စိတ်ချမှုများ ရနေတဲ့ အစိုးရနဲ့ ပုဂ္ဂလိက ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ ကုန်ပစ္စည်း လက်ခံပြေစာများကို အတုပြုလုပ်ခြင်း၊ ပြေစာအတုပုံများပေးပို့ပြီး မှာယူပစ္စည်း ပေးပို့ပြီးဖြစ်ကြောင်း စားသုံးသူရဲ့ ယုံကြည်မှု ရရှိစေရန် ပြပြီး ငွေကြိုလွှဲခိုင်းခြင်း၊ ငွေကြိုလွှဲပြီးက ပစ္စည်းမပို့ခြင်း စတဲ့ လိမ်လည်မှုများ ရှိနေကြောင်း အသိပေးချက်မှာ ပါဝင်ပါတယ်။

စားသုံးသူများ အနေနဲ့ အွန်လိုင်းမှ ပစ္စည်းများ ဝယ်ယူရာမှာ ပစ္စည်းလက်ခံပြေစာတွေကို အတုပြုလုပ်ပြီး Online Shopping လုပ်ငန်းတချို့ က လိမ်လည်ဆောင်ရွက်နေခြင်းများ ရှိနေတဲ့အတွက် အဆိုပါ လုပ်ငန်းတွေကို ဂရုပြုနိုင်ဖို့အတွက် နေပြည်တော် စားသုံးသူရေးရာဦးစီးဌာန အနေနဲ့ သတိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

-ကျော်ဇေယျ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««