ကိုရီးယား-မြန်မာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ဆရာအတတ်သင်သိပ္ပံတွင် နိုင်ငံတကာအဆင့်မီနည်းပညာများကို သင်ယူနိုင်မည်

ကိုရီးယား-မြန်မာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ဆရာအတတ်သင်သိပ္ပံ Korea-Myanmar TVET Teacher Training Institute (KMTTTI) သင်တန်းကျောင်းမှာ တက်ရောက်မယ့် သင်တန်းသား ဆရာ၊ ဆရာမတွေအနေနဲ့လည်း နိုင်ငံတကာအဆင့်မီတဲ့ အရည်အသွေး ရှိသော နည်းပညာတွေကို သင်ယူလေ့ကျင့်ခွင့်ရရှိမယ်လို့ ယုံကြည်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

KMTTTI သင်တန်းကျောင်းတွင် တက်ရောက်မည့် သင်တန်းသား ဆရာ၊ ဆရာမများအနေဖြင့်လည်း နိုင်ငံတကာအဆင့်မီသည့် အရည်အသွေးရှိသော နည်းပညာများကို သင်ယူလေ့ကျင့်ခွင့် ရရှိမည်ဟု ယုံကြည်ကြောင်း၊ Korea-Myanmar TVET Teacher Training Institute (KMTTTI) ကို အစီအစဉ် (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ပထမ အနေဖြင့် ဆရာ၊ ဆရာမများအား လေ့ကျင့်ပေးနိုင်ရန်အတွက် လေ့ကျင့်ရေးစင်တာ(TVET Teacher Training Center)ကို လည်းကောင်း၊ ဒုတိယအနေဖြင့် ဆရာ၊ ဆရာမများ လေ့ကျင့်သင်ကြားသင်ယူမှု လုပ်ငန်းစဉ်များနှင့် ဆက်စပ်ဆောင်ရွက်မည့် စံနမူနာပြ အစိုးရစက်မှုလက်မှုသိပ္ပံ (၁) ကျောင်း (Model GTI) အားလည်းကောင်း၊ တတိယအနေဖြင့် အသက်မွေးဝမ်းကျောင်းနှင့် ကိုက်ညီသော စွမ်းဆောင်ရည်ပြည့်ဝသည့် နည်း ပညာရှင်များ မွေးထုတ်နိုင်ရေး နည်းပညာနှင့်သက်မွေးပညာကဏ္ဍအား စက်မှုလုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် အတွက် သုတေသနဖွံ့ဖြိုးတိုးတက်ရေး စင်တာ (Research & Development Center) ကိုလည်းကောင်း တစ်ပါတည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အဖွင့်စကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Korea-Myanmar TVET Teacher Training Institute (KMTTTI) Soft Opening Ceremony ကို အောက်တိုဘာလအတွင်း ကျင်းပရန် လျာထားဆောင်ရွက်လျက် ရှိပြီး ကိုရီးယားသမ္မတနိုင်ငံအစိုးရ၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)တို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ KMTTTI တည်ဆောက်ရေး လုပ်ငန်းတွေ အောင်မြင်စွာပြီးစီးလာပြီ ဖြစ်ကြောင်း သိရပါတယ်။

ကိုရီးယား-မြန်မာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ဆရာအတတ်သင်သိပ္ပံ Korea-Myanmar TVET Teacher Training Institute (KMTTTI) ဖွင့်လှစ်နိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၂၂ ရက် က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကိုရီးယား-မြန်မာနည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ဆရာအတတ်သင်သိပ္ပံ Korea-Myanmar TVET Teacher Training Institute (KMTTTI) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

-သန္တာ

အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော်