ကိုရိုနာဗိုင်းရပ်စ် ရပ်တန့်စေမယ့် ဓာတုပစ္စည်းကို ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာ ဖော်ထုတ်ထား

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေက သိပ္ပံပညာရှင်တွေကို ခေါင်းခြောက်စေပါတယ်။ ဗိုင်းရပ်စ်ပြန့်ပွားနှုန်း မြန်ဆန်လာတာကြောင့် သုတေသနကိုလည်း အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

IBM ရဲ့ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာ Summit မှာ AI ဦးနှောက်ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို လက်ခံထားနိုင်တဲ့ ဆဲလ်ကနေ ဗိုင်းရပ်စ်ကူးစက်မှုကို ရပ်တန့်နိုင်မယ့် ဆေးပေါင်းစပ်မှု simulation အသွင်တူဖန်တီးမှု ထောင်ပေါင်းများစွာကို ပြုလုပ်ခဲ့ပါတယ်။

စူပါကွန်ပျူတာက ဆေးပေါင်းစပ်မှု ၇၇ မျိုးကို တွေ့ရှိခဲ့ပါတယ်။ အဲဒီပေါင်းစပ်မှုတွေက ထိရောက်တဲ့ကာကွယ်ဆေးကို ဖန်တီးနိုင်မယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေဖြေရှင်းဖို့ Summit ကိုထုတ်လုပ်ဖို့ အမေရိကန်စွမ်းအင်ဌာနက တာဝန်ပေးခဲ့ပါတယ်။ Summit မှာ စွမ်းအင် 200 petaflops အထိ ရှိတာကြောင့် တစ်စက္ကန့်ကို တွက်ချက်မှုပေါင်း ကွာဒရာလီယွန် ၂၀၀ လုပ်နိုင်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် အမြန်ဆုံး laptop ထက် အဆတစ်သန်း ပိုမိုမြန်ဆန်ပါတယ်။

တင်နက်ဆီပြည်နယ်က Oak Ridge National Laboratory မှာရှိတဲ့ Summit ကွန်ပျူတာဟာ အယ်လ်ဇိုင်းမားရောဂါကို ဆယ်လူလာစနစ်အတွင်း ဖြစ်ပေါ်လေ့ရှိတဲ့ ပုံစံကို အဖြေရှာနိုင်သလို ရာသီဥတု အသွင်ယူမှုအပေါ် အခြေခံပြီး ပြင်းထန်တဲ့ရာသီဥတုကိုလည်း ခန့်မှန်းပေးနိုင်ပါတယ်။

စိုးထက်
Ref: CNN