ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးဖို့ ဝန်ထမ်းတွေ နေအိမ်ကနေပဲ အလုပ်လုပ်ကြဖို့ Google တိုက်တွန်း

Google မိခင်ကုမ္ပဏီ Alphabet က ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေတာကြောင့် ဧပြီ ၁၀ ရက်အထိ နေအိမ်ကနေပဲ အလုပ်လုပ်ကြဖို့ မြောက်အမေရိကဝန်ထမ်းအားလုံးကို တိုက်တွန်းခဲ့ပါတယ်။

“ကြိုတင်ကာကွယ်မှုများစွာ ရှိနေပေမယ့်လည်း Alphabet နဲ့ပိုမိုကျယ်ပြန့်တဲ့ အသိုက်အဝန်းကို ကာကွယ်ဖို့အတွက် ဝန်ထမ်းတွေ ရာထူးပေါ်မူတည်ပြီး နေအိမ်ကနေ အလုပ်လုပ်ကြဖို့ အကြံပြုလိုပါတယ်” လို့ Google ရဲ့ကမ္ဘာလုံးဆိုင်ရာ ဒုဥက္ကဋ္ဌဖြစ်တဲ့ Chris Rackow ကပြောခဲ့ပါတယ်။

Alphabet ဟာ အချိန်ပြည့်ဝန်ထမ်း ၁၂၀,၀၀၀ ခန့်အပ်ထားတယ်လို့ ၂၀၁၉ ခုနှစ် နှစ်စဉ်အစီရင်ခံစာအရ သိရပါတယ်။ Alphabet က မြောက်အမေရိကမှာ ဝန်ထမ်းဦးရေ ဘယ်လောက်ခန့်အပ်ထားလဲဆိုတာ မသိသေးပါဘူး။ ကုမ္ပဏီအများစုက တချို့မြို့တွေက ဝန်ထမ်းတွေ နေအိမ်ကနေ အလုပ်လုပ်ဖို့ ပြောကြားထားပြီး နေအိမ်ကနေ ပိုမိုကြီးမားတဲ့ အလုပ်လုပ်ကိုင်နိုင်မယ့် အစီအစဉ်ကို စမ်းသပ်နေပါတယ်။ Google ဟာ တိုက်တစ်ခုလုံးမှာရှိတဲ့ ဝန်ထမ်းတွေ နေအိမ်ကနေ အလုပ်လုပ်ဖို့ တောင်းဆိုလိုက်တဲ့ ပထမဆုံးကုမ္ပဏီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က Google, Amazon, Microsoft နဲ့ Facebook တို့က ဝါရှင်တန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာကြောင့် နေအိမ်ကနေ အလုပ်လုပ်ကြဖို့ စတင်တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရှိသူ အရေအတွက် ပိုမို များပြားလာပြီး လူ ၉၀၀ ကျော်ကူးစက်ခံနေရကာ သေဆုံးသူဦးရေ ၃၀ အထိ ရှိလာပါတယ်။

ကျောင်းနဲ့ တက္ကသိုလ်အများစုက အွန်လိုင်းကနေပဲ စာသင်ကြားပြီး ရက်အနည်းငယ်အတွင်း တက္ကသိုလ်အဆောင်ကနေ ကျောင်းသားတွေထွက်ခွာဖို့ ဟားဗတ်ကတောင်းဆိုထားပါတယ်။ ပွဲကြီးအများစုကိုလည်း ဖျက်သိမ်း ဒါမှမဟုတ် ရွှေ့ဆိုင်းခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒင်နဲ့ ဘာနီဆန်းဒါးအတွက် လှုံ့ဆော်စည်းရုံးမှု အစီအစဉ်တွေကိုလည်း ရွှေ့ဆိုင်းထားပါတယ်။ Google အနေနဲ့ နှစ်စဉ်ကျင်းပနေကျ Google I/O developer ကွန်ဖရင့် နှစ်တစ်နှစ်ရဲ့ အကြီးဆုံးပွဲကို ဖျက်သိမ်းထားရပါတယ်။

စိုးထက်
Ref: CNN