ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧည့်သည်ဆုံးရှုံးသွားတဲ့ အိမ်ရှင်တွေကို ဒေါ်လာသန်း ၂၅၀ ပေးသွားမယ့် Airbnb

Airbnb ဟာ ကိုရိုနာကပ်ရောဂါကြောင့် ဧည့်သည်ဆုံးရှုံးသွားတာကြောင့် အိမ်ရှင်တွေဆီ ထောက်ပံ့ကြေး ဒေါ်လာ သန်း ၂၅၀ ပေးသွားဖို့ ရှိပါတယ်။ မတ် ၁၄ ရက်နဲ့ မေ ၃၁ အကြား check-in ပြုလုပ်မှုနဲ့ မတ် ၁၄ ရက်မတိုင်မီ ကြိုတင်စာရင်းသွင်းမှုကို ဖျက်သိမ်းခံလိုက်ရသူတွေကို ငွေပေးချေသွားမှာ ဖြစ်ပါတယ်။

မတ် ၁၄ ရက်နဲ့ ဧပြီ ၁၄ ရက်အကြား check-in ပြုလုပ်မှုနဲ့ မတ် ၁၄ ရက်မှာ ကြိုတင်မှာယူမှုကို ဖျက်သိမ်းတဲ့ ဧည့်သည်တွေကို ငွေကြေးပြန်ပေးမယ်လို့ Airbnb ကပြောထားခဲ့ပါတယ်။
Airbnb စီအီးအို ဘရိုင်ယန်ချက်စကီက အိမ်ရှင်တွေနဲ့ မတိုင်ပင်ဘဲ ငွေကြေးပြန်လည်ပေးအပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် အိမ်ရှင်တွေဆီ စာပို့ပြီး တောင်းပန်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်း အကြီးအကျယ်ထိခိုက်ခဲ့ပြီး ခရီးသွားလုပ်ငန်းလည်း ပျက်စီးခဲ့ပါတယ်။ လူတွေကိုလည်း အိမ်ထဲမှာနေဖို့နဲ့ အခြားသူတွေ ထိတွေ့မှုကို ရှောင်ကြဉ်ဖို့ အကြံပေးထားပါတယ်။ ပွဲပေါင်းများစွာကို ဖျက်သိမ်း၊ ရွှေ့ဆိုင်းခဲ့တာကြောင့် ဒေါ်လာ ၂၄ ဘီလျံ ဆုံးရှုံးခဲ့ပြီး အလုပ်ပေါင်း ၈၂၅,၀၀၀ ဆုံးရှုံးခဲ့ရပါတယ်။

အတွေ့အကြုံရင့်ပြီး rate မြင့်မားတဲ့ အိမ်ပိုင်ဆိုင်သူ ဒါမှမဟုတ် “superhosts” တွေအတွက် သက်သာချောင်ချိရေးရန်ပုံငွေ ဒေါ်လာ ၁၀ သန်း ဖန်တီးမယ်လို့ Airbnb ကကြေညာခဲ့ပါသေးတယ်။ အဲဒီအိမ်ပိုင်ရှင်တွေက ကိုယ်ပိုင်အိမ်ကို ဧည့်သည်တွေဆီ ငှားရမ်းခဲ့ပြီး ငှားရမ်းခ ဒါမှမဟုတ် အရစ်ကျအိမ်ဝယ်ယူမှုကို ပေးနိုင်ဖို့ အထောက်အပံ့ပေးသွားပါမယ်။ ဧည့်သည်တွေက ဧပြီလကစတင်ပြီး ပြန်လည်ပေးစရာမလိုတဲ့ ဒေါ်လာ ၅,၀၀၀ grant ကိုလျှောက်ထားနိုင်ပါတယ်။ ရန်ပုံငွေ ဒေါ်လာ ၁ သန်းကို ဝန်ထမ်းတွေက လှူဒါန်းထားကာ Airbnb တည်ထောင်သူ ၃ ဦးက မတည်ပြီး ကျန်တဲ့လူတွေက ဝိုင်းဝန်းထည့်ဝင်ထားပါတယ်။

စိုးထက်
Ref: CNET