ကိုရိုနာဗိုင်းရပ်စ်ကြောင့် iPhone ဝယ်လိုအားကျဆင်းနိုင်

မတ်လသုံးလပတ်အတွင်း iPhone မှာယူမှုအတွက် နှစ်စဉ် စာချုပ်ချုပ်မှု ၁၈ ရာခိုင်နှုန်းပဲရှိမယ်လို့ Apple ရဲ့ အရေးပါဆုံး ကန်ထရိုက်တာတစ်ခုက ခန့်မှန်းထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားနေတာကြောင့် ကမ္ဘာ့စီးပွားရေး ပြိုလဲမှုနဲ့ ဈေးကွက်မှာ အခုနှစ်အတွင်း iPhone ဝယ်လိုအား နည်းပါးနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အစောပိုင်းမှာ ကော်ပိုရေးရှင်းတွေက လုပ်သားဆုံးရှုံးမှုအပေါ် စိတ်ပူနေကြပေမယ့် တရုတ်မှာ အခြေအနေတွေ တည်ငြိမ်သွားပြီး စားသုံးသူ ဝယ်လိုအားက ဖိအားရှိနေပါတယ်။

“အခုအချိန်မှာ တရုတ်နိုင်ငံက လုပ်သားအင်အား ဒါမှမဟုတ် ကုန်ကြမ်းပြတ်လပ်မှုကို မပြောတော့ပါဘူး။ အခုအခါမှာတော့ လူတိုင်းက အမေရိကန်နဲ့ ဥရောပက ဝယ်လိုအားအကြောင်းတွေပဲ ပြောတော့ပါတယ်” လို့ သတင်းရင်းမြစ်တစ်ခုက Reuters ကိုပြောခဲ့ပါတယ်။

Apple အတွက် iPhone display တွေထောက်ပံ့ပေးသူက မှာယူမှု ၁၇ ရာခိုင်နှုန်း လျော့ကျနိုင်တယ်လို့ ပြောထားပါတယ်။ အမည်မဖော်ပြထားတဲ့ ကုမ္ပဏီက ၂၀၂၀ မှာ iPhone display သန်း ၇၀ ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ၅၈ သန်းပဲ ထုတ်လုပ်နိုင်ပါတော့မယ်။ iPhone sensor ထောက်ပံ့တဲ့ကုမ္ပဏီတစ်ခုကတော့ ဒီနှစ်သုံးလပတ်အတွင်း အကျိုးအမြတ်ရရှိနေပြီး ၂၀၂၀ ပထမနဲ့ ဒုတိယသုံးလပတ်မှာ တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် Apple က 5G လုပ်ဆောင်ချက်ပါဝင်တဲ့ iPhone 12 ထုတ်လုပ်မှုကို ရွှေ့ဆိုင်းထားလိုက်ပါတယ်။ iPhone 12 ကို ဒီနှစ် နှောင်းပိုင်းမှာ မိတ်ဆက်နိုင်ပါသေးတယ်။ Apple အနေနဲ့ ဒီနှစ်အတွင်း ထုတ်ကုန်သစ်မိတ်ဆက်မှုကို ရွှေ့ဆိုင်းဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ COVID-19 ကြောင့် ခရီးသွားလာခွင့် ကန့်သတ်မှုတွေအပေါ် Apple ကထည့်သွင်းစဉ်းစားနေပါတယ်။

Apple ရဲ့ A စီးရီး ချစ်ပ်ထုတ်လုပ်တဲ့ TSMC နဲ့ ထိုင်ဝမ်ကုမ္ပဏီ PCB ထုတ်လုပ်သူ iPhone 12 ထွက်ရှိဖို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စိုးထက်
Ref: AppleInsider