ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်ဖို့ လုပ်သား ၇၅,၀၀၀ ကိုခန့်အပ်ဖို့ Amazon စီစဉ်

Amazon ဟာကိုရိုနာဗိုင်းရပ်စ် ရောဂါအတွင်း ကုန်ပစ္စည်း မှာယူမှု မြင့်တက်လာမှုကို ဖြည့်တင်းနိုင်ဖို့ လုပ်သား ၇၅,၀၀၀ ကိုထပ်မံ ခန့်အပ်မယ်လို့ ခန့်မှန်းထားပါတယ်။ Amazon ဟာလွန်ခဲ့တဲ့ ၃ လလောက်က လုပ်သားပေါင်း ၁၀၀,၀၀၀ ကျော်ကို ငှားရမ်းခဲ့ရပါတယ်။

“ကျွန်တော်တို့တွေက အသိုက်အဝန်းကို ထောက်ပံ့မယ့် အဖွဲ့တွေ တိုးတက်လာတာ တွေ့ရပြီး လုပ်သားတွေ ဆက်လက်ခန့်သွားပါမယ်။ မကြုံစဖူးကာလအတွင်း ဝယ်ယူသူတွေအတွက် တာ၀န်ထမ်းဆောင်ဖို့ အလုပ်အကိုင် ၇၅,၀၀၀ကို ဖန်တီးသွားပါမယ်” လို့ Amazon က blog post မှာရေးခဲ့ပါတယ်။

အွန်လိုင်းက လက်လီရောင်းချတဲ့ Amazon ဟာကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းအတွင်း လစာငွေများစွာ သုံးစွဲဖို့ မျှော်မှန်းထားပါတယ်။ ပြီးခဲ့တဲ့လက ဒေါ်လာသန်း ၃၅၀ အသုံးပြုမယ်လို့ ပြောခဲ့ပေမယ့် အခုအခါမှာတော့ ဒေါ်လာသန်း ၅၀၀အသုံးပြုမယ်လို့ ပြောထားပါတယ်။

Amazon ဟာကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ကာလအတွင်း စားသုံးသူအမှာတွေ မြင့်တက်လာတာကို ရင်ဆိုင်ဖို့ လုပ်သားတွေများစွာ ခန့်အပ်နေပါတယ်။ Walmart, Kroger နဲ့ Instacart တို့လည်း လုပ်သားတွေ တိုးမြှင့်ခန့်အပ်နေကြပါတယ်။ အရေးပေါ်ကာလအတွင်း လူသန်းပေါင်းများစွာက ကုန်စည်တွေကို သိုလှောင်ဝယ်ယူနေကြသလို ရောဂါကူးစက်မခံရဖို့ အိမ်မှာနေထိုင်ဖို့ ညွှန်ကြားခံရသူတွေကြောင့် လက်လီကုန်ပစ္စည်းအမှာတွေ မြင့်တက်လာတာပါ။

အလုပ်အကိုင်သစ်တွေ တိုးချဲ့ခန့်အပ်နေပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသန်းပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်ခဲ့ကြပါတယ်။ ကပ်ရောဂါအတွင်း အားကစားရုံ၊ စားသောက်ဆိုင်၊ ဈေးဝယ်စင်တာ၊ ရုပ်ရှင်ရုံနဲ့ အခြားနေရာများစွာ ပိတ်ထားကြပါတယ်။ အခုလိုခက်ခဲတဲ့အခြေအနေအတွင်း အထိနာခဲ့တဲ့လုပ်ငန်းက လူတွေ Amazon ဂိုထောင်အလုပ်တွေ လျှောက်ဖို့ ကုမ္ပဏီက အဆက်မပြတ်တိုက်တွန်းနေပါတယ်။

စိုးထက်
Ref: CNET