ကိုယ်ပိုင် သတင်း podcast တွေကို Apple ဖြန့်ချိ

Apple ဟာ Apple News နဲ့ သတင်းတွေ တင်ဆက်ထားတဲ့ ဒေသတွင်း Apple News စုစည်းမှုမှာ သတင်း podcast တွေထည့်သွင်းပြီး iOS 13.6 ကိုလည်း ဖြန့်ချိလိုက်ပါတယ်။

Apple News Today အစီအစဉ်ကို Apple News အယ်ဒီတာတွေဖြစ်တဲ့ ရှုမီတာဘာဆုနဲ့ ဒွာတီဂျရယ်ဒီနိုတို့က တင်ဆက်ပေးမှာပါ။ သတင်းအပိုင်းတစ်ခုကို ၇ မိနစ်ကနေ ၈ မိနစ်အထိ ကြာမြင့်ပါမယ်။ အပိုင်းသစ်တွေက တနင်္လာနေ့ကနေ သောကြာအထိ ထွက်လာပါမယ်။ အစီအစဉ်ကို အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ ဩစတြေးလျမှာ Apple News နဲ့ Apple Podcast တို့မှာ နားထောင်နိုင်ပါမယ်။

ဒါ့အပြင် Apple က Apple News Plus ကတစ်ဆင့် အသံထွက်ဆောင်းပါး အခု ၂၀ ကိုလည်း ဖြန့်ချိပါမယ်။ သတင်းဆောင်းပါးတွေကို ပရော်ဖက်ရှင်နယ်သရုပ်ဆောင်တွေက ဖတ်ပေးပါမယ်။ Esquire, GQ, New York မဂ္ဂဇင်းနဲ့ Vanity Fair လိုမျိုး နာမည်ကြီး စာအုပ်တွေက ဆောင်းပါးရှည်တွေကို အသံထွက်ဖတ်ပြပါမယ်။ Apple News Plus လစဉ်ကြေးပေးသွင်းသူတွေပဲ နားထောင်နိုင်ပါမယ်။

Apple News app အောက်ခြေက audio tab ကတစ်ဆင့် Apple News Today နဲ့သတင်းဆောင်းပါးတွေ နားထောင်နိုင်ပါမယ်။ CarPlay ကလည်း အခု feature တွေကို ထောက်ပံ့ထားတဲ့အတွက် ကားမောင်းရင်း သတင်းတွေကို နားထောင်နိုင်ပါမယ်။

စိုးထက်
Ref: TheVerge