ကိုယ်ပိုင် တေးဂီတ app တစ်မျိုးကို စမ်းသပ်နေတဲ့ TikTok မိခင်ကုမ္ပဏီ ByteDance

နိုဝင်ဘာလက TikTok ကို App Store နဲ့ Google Play တို့ကနေ download ပြုလုပ်တဲ့ အကြိမ်ရေ ၁.၅ ဘီလျံ ရှိလာတဲ့အတွက် ဂိမ်းမဟုတ်တဲ့ app ကဏ္ဍအတွင်းမှာ တတိယ အများဆုံး download ပြုလုပ်ကြတဲ့ app ဖြစ်လာပါတယ်။

အခုဆိုရင် TikTok မိခင်ကုမ္ပဏီ ByteDance အနေနဲ့ Resso အမည်ရ app အသစ်နဲ့ တေးဂီတထုတ်လွှင့်တဲ့ အပိုင်းကို တိုးချဲ့ဖို့ စီစဉ်နေပါတယ်။ လက်ရှိမှာ အိန္ဒိယနိုင်ငံမှာ beta ဗားရှင်းကို စမ်းသပ်နေပြီး ဖွံ့ဖြိုးပြီးဈေးကွက်တွေက Spotify နဲ့ Apple Muisc လိုမျိုးဝန်ဆောင်မှုတွေနဲ့ ယှဉ်ပြိုင်ဖို့ ရည်မှန်ထားပါတယ်။

Moon Video Inc ကဖန်တီးထားတဲ့ Resso ဟာ T-Series နဲ့ Times Music လိုမျိုး အိန္ဒိယလေဘယ်တွေနဲ့ သဘောတူညီချက်ရေးထိုးထားပါတယ်။ ဒါ့အပြင် Universal Music Group နဲ့ Sony Music Entertainment လိုမျိုးကုမ္ပဏီကြီးတွေနဲ့ ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှု အစုစုကို တိုးချဲ့ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ app မှာ အကြံပြုထားတဲ့ အဆိုတော်တွေနဲ့ ဝေမျှနိုင်တဲ့ playlist တွေလည်း ပါဝင်လာပါတယ်။

သုံးစွဲသူတွေအနေနဲ့ Resso မှာ သီချင်းနားထောင်တဲ့အခါ သီချင်းစာသားတွေပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းတွေအတွက် ကိုယ်ပိုင်ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ဒါမှမဟုတ် GIF ထည့်သွင်းနိုင်ပါတယ်။ TikTok လိုမျိုး control တွေအတွက် swipe လုပ်နိုင်ကာ မှတ်ချက်တွေရေးသားနိုင်သလို အခြားသုံးစွဲသူရဲ့ channel တွေကိုလည်း subscribe လုပ်နိုင်ပါတယ်။ Facebook, Instagram, WhatsApp နဲ့ အခြား platform တွေအတွက် playlist တွေကိုလည်း ဝေမျှနိုင်ပါတယ်။

Resso ကို ကြော်ငြာပါဝင်တဲ့ ဗားရှင်းကို အခမဲ့ အသုံးပြုနိုင်ပါတယ်။ ကြော်ငြာမပါဝင်တဲ့ ဝန်ဆောင်မှုအတွက်က လစဉ် ၁.၆၈ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena