ကိုဗစ်-၁၉ ကာလတွင် မြန်မာလူငယ်များ စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်ရန် Virtual အလုပ်သင် အစီအစဉ် တယ်လီနော စတင်

တယ်လီနောမြန်မာရဲ့ ၂၀၂၀ ပြည့်နှစ်အတွက် ပထမဦးဆုံး Virtual အလုပ်သင်အစီအစဉ်ကို မြန်မာလူငယ် ၁၂ ဦးနဲ့ စတင်သွားမယ်လို့ သိရပါတယ်။

ယခုနှစ် အလုပ်သင်အစီအစဉ်ကို အစိုးရနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀၀ ကျော် လျှောက်ထားခဲ့တဲ့အနက် ၁၂ ဦးကို ရွေးချယ်ခဲ့ပြီး သင်တန်းကာလအတွင်းမှာ တယ်လီနောရဲ့ သက်ဆိုင်ရာ ဌာနများမှ အတွေ့အကြုံရှိတဲ့ အကြီးတန်းအရာရှိများက သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

“တယ်လီနောရဲ့ စံနှုန်းတွေထဲက တစ်ခုကတော့ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတစ်ဝှမ်းက လူငယ်တွေကို အမြဲတမ်း စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့ပါပဲ။ လုပ်ကိုင်စွမ်းရည်ပြည့်ဝနေတဲ့ အနာဂတ် လူငယ်လူရွယ်တွေဟာ သူတို့ရဲ့ လုပ်ငန်းခွင်တွေမှာ အဆင်သင့်တာဝန်ယူ လုပ်ဆောင်နိုင်မှာကို မြင်တွေ့ရမယ့်အတွက် ဝမ်းသာမိသလို သူတို့ရဲ့ အနာဂတ်အတွက် အထောက်အပံ့ကောင်းတစ်ခု အနေနဲ့ ပံ့ပိုးပေးနိုင်တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ကူးစက်ရောဂါအခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို လက်တွဲရင်ဆိုင်သွားရာမှာ အဖွဲ့အစည်းတွေ အနေနဲ့ သမားရိုးကျ အလုပ်သင်အစီအစဉ်တွေကနေ Virtual အလုပ်သင် အစီအစဉ်အဖြစ် တဖြည်းဖြည်း အကောင်အထည် ဖော်လာနေကြပါတယ်။ ကျွန်မတို့အနေနဲ့ ဒီပြောင်းလဲမှုတွေကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲ လုပ်ဆောင်ပြီး လူငယ်တွေအနေနဲ့ စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်စေဖို့ ယခုနှစ် အလုပ်သင်အစီအစဉ် တစ်ခုလုံးကို ပထမဦးဆုံး အနေနဲ့ အွန်လိုင်းကနေ သင်ကြားပို့ချပေးသွားမှာပါ။ တယ်လီနောမြန်မာ အနေနဲ့ မြန်မာလူထုတစ်ရပ်လုံးကို သူတို့ရဲ့ အရေးကြီးဆုံး အရာများနဲ့ ဆက်သွယ်ချိတ်ဆက်ပေးသွားချင်တာပါ။ အထူးသဖြင့် မြန်မာလူငယ်လူရွယ်တွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ပေးသွားမှာပါ” လို့ တယ်လီနောမြန်မာရဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အရာရှိချုပ် Selina Lomholdt ကပြောပါတယ်။

ရွေးချယ်ခံရတဲ့ သင်တန်းသားတွေဟာ လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှ စပြီး အလုပ်သင်အစီအစဉ်ကို စတင်တက်ရောက်ရမှာ ဖြစ်ပါတယ်။ တယ်လီနောမြန်မာရဲ့ နည်းပညာဌာန၊ စျေးကွက်မြှင့်တင်ရေးဌာန၊ ဘဏ္ဍာရေးဌာန၊ စီးပွားရေးဆိုင်ရာဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာနနဲ့ ကော်ပိုရိတ်ရေးရာဌာန စတာတွေရဲ့ စီမံခန့်ခွဲရေးအဖွဲ့မှ သင်ကြားပို့ချမှုတွေကို အွန်လိုင်းကတစ်ဆင့် လေ့လာသင်ယူရမှာဖြစ်ပြီး Virtual အလုပ်သင်အစီအစဉ်အတွင်း ပူပင်ကြောင့်ကြမှု မရှိဘဲ သင်ယူ လေ့လာနိုင်ဖို့အတွက် သင်တန်းသားများ လိုအပ်မယ့် သင်ထောက်ကူပစ္စည်းတွေနဲ့ ဆက်သွယ်ရေးအတွက် ကုန်ကျစရိတ်တွေကို ဖြည့်ဆည်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းအစီအစဉ် ပြီးဆုံးသွားပါက သင်တန်းသားများကို တယ်လီနောမြန်မာ စီမံခန့်ခွဲမှုအဖွဲ့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««