ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူ ကမ္ဘာတစ်ဝန်း ပညာရေးစနစ်များပြောင်းလဲခဲ့ဟု ပြည်ထောင်စုဝန်ကြီးပြောကြား

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏ ပညာရေးစနစ်များ ပြောင်းလဲခဲ့ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက (၁၁) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက အွန်လိုင်းမှ တာဝန်ယူကျင်းပသည့် (၁၁) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး (11th ASEAN Education Ministers Meeting) ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများနဲ့ အာဆီယံ အထွေထွေအတွင်းရေးမှုးချုပ် တို့ တက်ရောက်ခဲ့ကြကာ ပညာရေးဝန်ကြီးများက အလှည့်ကျ မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။

“ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏ ပညာရေးစနစ်များ ပြောင်းလဲခဲ့ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံ၍ ကျန်းမာပျော်ရွှင်သော အရည်အသွေးရှိ သင်ယူမှု အခွင့်အလမ်းများ မဆုံးရှုံးစေရန်နှင့် အနာဂတ်၌ ထပ်မံ ကြုံတွေ့လာနိုင်သည့်ကိစ္စရပ်များကို အကောင်းဆုံး ရင်ဆိုင်နိုင်ရန်အတွက် လက်ရှိ ပညာရေးစနစ်ကို ပြန်လည်ပုံဖော်ရာတွင် အစိုးရများနှင့် ပညာရေးဌာနများ အနေဖြင့် စိန်ခေါ်မှုများ ရင်ဆိုင်နေရပါကြောင်း၊ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနသည် အမျိုးသားအဆင့် ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဇူလိုင်လ ၁၇ ရက်က မြန်မာနိုင်ငံတစ်ဝန်းရှိ အထက်တန်းကျောင်းပေါင်း ၇၁၇၃ ကျောင်းရှိသည့် အနက် ၆၅၂၆ ကျောင်းကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ သို့သော် ပြည်တွင်းကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် အဆိုပါကျောင်းများကို ဩဂုတ်လ ၂၇ ရက်နေ့၌ ပြန်လည်ပိတ်ခဲ့ရပါကြောင်း၊ ဗွီဒီယိုသင်ခန်းစာများကိုလည်း ပညာရေးဝန်ကြီးဌာန၏ Education Channel မှတစ်ဆင့် ထုတ်လွှင့်ပေးနေသကဲ့သို့ ဆရာများ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် မြန်မာဒီဂျစ်တယ်ပညာရေးပလက်ဖောင်း (Myanmar Digital Education Platform) မှတစ်ဆင့် အွန်လိုင်းသင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောင်းသားများ သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရေး ဟူသော ပညာရေးဝန်ကြီးဌာန၏ မူဝါဒအပေါ် အခြေခံလျက် အစိုးရနှင့် ပုဂ္ဂလိကပိုင် ရုပ်မြင်သံကြားလိုင်းများနှင့် FM ရေဒီယိုတို့နှင့်ပူးပေါင်းကာ လေ့လာသင်ယူမှု အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ DBE Boxes များနှင့် ဒီဂျစ်တယ် သင်ကြား-သင်ယူမှု ဆိုင်ရာ Toolkits များကိုအင်တာနက်လိုင်းများ မရရှိနိုင်သည့် ဝေးလံခေါင်ဖျားဒေသများတွင် အသုံးပြုနိုင်ပါကြောင်း၊ DBE Boxes များနှင့် ဒီဂျစ်တယ်သင်ခန်းစာများကို ပြုစုလျက်ရှိသကဲ့သို့ Myanmar National Open University ဖော်ဆောင်နိုင်ရေးအတွက်လည်း လေ့လာဆွေးနွေးလျက် ရှိပါကြောင်း” ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာန အနေနဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်း၍ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) မူကြမ်းကိုရေးဆွဲရာတွင် ကျောင်းသား၊ ကျောင်းသူများ လူသားကောင်းစိတ်ဓာတ်ရှိမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ တာဝန်ယူမှု တာဝန်ခံမှုနှင့် ဆန်းသစ်တီထွင်မှုကိုဦးတည်လျက် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု(IQ)၊ စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကိုစာနာပေးနိုင်မှု (EQ) နှင့် ၂၁ ရာစုအရည်အသွေးများ ပြည့်ဝစေရေးအတွက် ဦးတည်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««