ကာလရှည်ပျောက်ဆုံးနေတဲ့ သက်တမ်းရင့် ကွန်ပျူတာလမ်းညွှန်စာအုပ် ပြန်လည်တွေ့ရှိ

ကမ္ဘာ့ပထမဆုံး ဒီဂျစ်တယ်ကွန်ပျူတာတွေထဲက တစ်ခုရဲ့ ပျောက်ဆုံးနေတဲ့ လမ်းညွှန်စာအုပ်ကို ဇူးရစ်မြို့က စာရွက်စာတမ်းထဲမှာ ပြန်တွေ့ခဲ့ပါတယ်။ အဲဒီ သတင်းကို ကွန်ပျူတာတွက်ချက်မှုဆိုင်ရာ စက်အဖွဲ့အစည်းက အငြိမ်းစား ဇူးရစ်မြို့က ဟောပြောသူ ဟားဘတ်ဘရူဒါရာက blog post မှာရေးသားခဲ့ပါတယ်။

Zuse Z4 ဟာ ကမ္ဘာပေါ်က သက်တမ်းအရင့်ဆုံး ထိန်းသိမ်းထားတဲ့ ဒီဂျစ်တယ်ကွန်ပျူတာ ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ Z4 ကွန်ပျူတာအရွယ်အစားကတော့ အခန်းတစ်ခုစာ ရှိပြီး သံလိုက်တိပ်တွေ အသုံးပြုကာ လူတော်တော်များများနဲ့လည်ပတ်ရပါတယ်။ Z4 ကွန်ပျူတာကို မြူးနစ်မြို့ Deutsches ပြတိုက်မှာ အသုံးမပြုဘဲ ထားရှိထားပါတယ်။ သမိုင်းပညာရှင်တွေနဲ့ ပြတိုက်ပညာရှင်တွေကတော့ ကာလရှည်ပျောက်ဆုံးနေတဲ့ ကွန်ပျူတာလမ်းညွှန်စာအုပ်ကြောင့် ကွန်ပျူတာကို အသုံးပြုဖို့ အခက်အခဲ တွေ့ခဲ့ကြပါတယ်။

Z4 ဟာ နာဇီတွေ နောက်ဆုံးဖန်တီးခဲ့တဲ့ ကွန်ပျူတာလည်း ဖြစ်ပါတယ်။ ဘာလင်မြို့ထဲ ဆိုဗီယက်တွေ မဝင်ခင်မှာ ဂျာမန်စစ်တပ်က ကွန်ပျူတာကို ဂိုတင်ဂန်မြို့အနောက်ဘက်ဆီ ရွေ့ခဲ့ပါတယ်။ Z4 ကွန်ပျူတာတီထွင်တဲ့ ကွန်ရတ်ဇုဆီဟာ ကမ္ဘာ့ပထမဆုံး ပရိုရေးဆွဲထားတဲ့ ကွန်ပျူတာကိုလည်း တီထွင်ခဲ့ပါသေးတယ်။ သူက ဂိုတင်ဂန်မှာ Z4 ကိုအပြီးသတ် ဆောင်ရွက်ခဲ့ပြီး မဟာမိတ်တွေ ရောက်မလာခင်မှာ နေရာထပ်ရွှေ့ပြောင်းခဲ့ပါသေးတယ်။ နာဇီတွေက Z4 နဲ့ဇုဆီကို မီတယ်ဘာဒိုနာဆီ ရွှေ့ပြောင်းစေလိုပါတယ်။

ဇုဆီကတော့ နေရာထပ်ပြောင်းဖို့ ငြင်းဆန်ပြီး ဘတ်ဟင်ဒီလန် ဂျာမန်မြို့လေးရှိရာ တောင်ဘက်ကို ထွက်ပြေးခဲ့တယ်။ ကွန်ပျူတာကို စပါးကျီထဲဝှက်ထားပြီး ဒေသခံလယ်သမားနဲ့ အမေရိကန်စစ်တပ်ဆီ သစ်ခုတ်ရောင်းရင်းနဲ့ စစ်ကြီးပြီးဖို့ပဲ စောင့်ဆိုင်းနေခဲ့တယ်။

ဒုတိယကမ္ဘာစစ် အပြီးမှာတော့ ဇုဆီဟာ ခေတ်သစ်စီးပွားဖြစ် ကွန်ပျူတာဖခင်ကြီး အဖြစ် အသိအမှတ်ပြုခံရသလို Z4 ကလည်း အထင်ကရ စက်တစ်လုံး ဖြစ်လာပါတယ်။ ကွန်တင်နင်တယ် ဥရောပက တစ်ခုတည်းသော ကွန်ပျူတာတစ်လုံးဖြစ်ပြီး လူတိုင်းက အလိုရှိခဲ့ကြပါတယ်။ နောက်ဆုံးမှာ Z4 ကွန်ပျူတာဟာ ဇူးရစ်က ဆွစ်ဖက်ဒရယ်နည်းပညာတက္ကသိုလ် (ETH) ဆီရောက်သွားခဲ့ပါတယ်။ ETH ဟာ ဆွစ်လေကြောင်း အင်ဂျင်နီယာတွေ တွက်ချက်မှုလုပ်တဲ့နေရာပဲ ဖြစ်ပါတယ်။ Z4 ကွန်ပျူတာလမ်းညွှန်စာအုပ်ကို ၁၉၅၀ ခုနှစ်လောက် လေယာဉ်ဆိုင်ရာ သမိုင်းဝင်စာရွက်စာတမ်းတွေကြားထဲ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

-စိုးထက်
Ref: VICE

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««