Privacy, Cyber Safety နှင့်ပတ်သက်သော အသိပညာပေးကာတွန်းများ မတ်လတွင်ထွက်ရှိမည်

Digital ခေတ်အတွက် Privacy၊ Cyber Safety နဲ့ပတ်သက်တဲ့ အသိပညာပေးကာတွန်းများ မတ်လတွင် ထွက်ရှိလာနိုင်ကြောင်း ဆိုက်ဘာဘေးကင်းနဲ့ FNF မှပူးတွဲပြုလုပ်တဲ့ ကာတွန်းဆရာပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် သိရပါတယ်။

ကာတွန်းဆရာပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဆိုက်ဘာဘေးကင်း (Myanmar Cyber Security Awareness Campaign)၊ Friedrich Naumann Foundation (Myanmar) နဲ့ Kernellix တို့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။

ဆိုက်ဘာဘေးကင်းအဖွဲ့ အနေနဲ့ Privacy၊ Cyber Safety နဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် ဆင်ခြင်သုံးသပ်နိုင်ရန် အချက်များကို ပြည်သူလူထုအတွင်း ပိုမိုရောက်ရှိနိုင်စေရန် စိတ်ကူးရည်ရွယ်ချက်နဲ့ ယခုတွေ့ဆုံပွဲကို စီစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုတွေ့ဆုံပွဲမှတစ်ဆင့် အသိပညာပေး ကာတွန်းရုပ်ပြများ ထွက်လာစေရန် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“အဓိကကတော့ နည်းပညာနဲ့ အနုပညာကို ပေါင်းစပ်ပြီးတော့ Digital ခေတ်မှာ လိုအပ်တဲ့ဆောင်ရန်၊ ရှောင်ရန် ဆင်ခြင်သုံးသပ်နိုင်ရန် ဗဟုသုတတွေ၊ ပညာပေးအကြောင်းအရာတွေကို အများပြည်သူတွေကြားထဲ ရောက်အောင်သွားဖို့ ကြိုးစားတာပါ။ အခု ကျွန်တော်တို့ အစီအစဉ်က နှစ်ဆင့်ပေါ့နော်။ ပထမအဆင့်က Digital ခေတ်မှာရှိတဲ့ Privacy၊ Cyber Safety ပြဿနာတွေက ဘာတွေလဲ၊ ဒီဟာတွေကို ကျွန်တော်တို့က ဘယ်လိုဝေဖန်ပိုင်းခြားပြီးတော့ ဆင်ခြင်မလဲဆိုတာ ဆရာတွေနဲ့ အရင်ဆွေးနွေးကြည့်တာပါ။ ဆွေးနွေးကြည့်ပြီးတော့ ဆရာတွေရဲ့ အမြင်တွေ၊ အတွေးအခေါ်တွေကို ထုတ်ကြည့်ချင်တာ ဒါက ပထမအဆင့် ပေါ့။ ဒုတိယအဆင့်က ဒီဆွေးနွေးပွဲက ထွက်လာတဲ့အကြောင်းအရာတွေကို အခြေခံပြီးတော့ Privacy, Cyber Safety နဲ့ပတ်သက်တဲ့ အသိပညာပေးသတင်းစကားတွေကို လူတွေကြားထဲရောက်အောင် ဘယ်လိုပို့မလဲဆိုတာ ကာတွန်းဆရာတွေက ကာတွန်းတွေဆွဲကြမယ်။ ကာတွန်းတစ်တွဲလောက် ထွက်လာဖို့မှန်းထားပါတယ်။ တစ်လလောက်နေရင် ဆရာတွေဆွဲထားတာတွေကို booklet လေးထုတ်ပြီးတော့ အွန်လိုင်းကနေတစ်ဆင့် လူတွေကြားထဲရောက်အောင်ဖြန့်မှာပါ” လို့ ဆိုက်ဘာဘေးကင်းမှ တာဝန်ရှိသူ ဦးရဲသူရသက်ကပြောပါတယ်။

“ဒီပွဲမှာ ဆွေးနွေးတဲ့ဟာတွေ အခြေခံပြီး ဆရာတွေက ကာတွန်းဆွဲမယ်။ ကာတွန်းဆွဲပြီးတော့ ကာတွန်းအတွဲလေးထုတ်မယ်။ ဆရာတွေက ကျွန်တော်တို့ဆီ ကာတွန်းတွေပေးမှာပေါ့နော်။ FNF( Friedrich Naumann Foundation) ကနေပြီးတော့ ကျွန်တော်တို့နဲ့ပေါင်းပြီး စာအုပ်ထုတ်ပြီးတော့ စာအုပ်တွေကို ဖြန့်မယ်ပေါ့။ စာအုပ်က မတ်လကုန်လောက်ရင် ထွက်နိုင်ပါတယ်။ ကာတွန်းဆရာတွေ ပုံဆွဲတဲ့အခါမှာ ဆရာတွေကို ဉာဏ်ပူဇော်ခသဘောမျိုးသာ ပေးအပ်သွားမှာပါ။ ဝယ်တာမျိုးမဟုတ်ပါဘူး” လို့ ထပ်မံပြောကြားခဲ့ပါတယ်။

Digital Privacy နဲ့ပတ်သက်ပြီး ပညာပေးကာတွန်းရေးဆွဲရာမှာ ကာတွန်းဆရာအော်ပီကျယ် အပါအဝင် ကာတွန်းဆရာ ၃၀ ဦးခန့်ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ