ကလေးတွေအတွက် ရည်ရွယ်တဲ့ Kindle e-reader ကို Amazon ဖြန့်ချိ

Amazon ဟာ ကလေးတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ နာမည်ကျော် Kindle e-reader ဗားရှင်းသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အခု ဗားရှင်းသစ်မှာ ကလေးတွေအတွက် သင့်တော်မယ့် စာအုပ်ပေါင်း ၁,၀၀၀ ကျော်လည်း ပါဝင်လာပါတယ်။

ပေါင် ၉၉ တန်ဖိုးရှိ Kindle Kids Edition ဟာ Amazon ရဲ့နောက်ဆုံးပေါ် ဈေးသက်သာတဲ့ အထူးထုတ်ကုန် ဖြစ်ပါတယ်။ အခုထုတ်ကုန်မှာ ဂိမ်းဆော့တာနဲ့ စာလုံးတည်ဆောက်တာကတစ်ဆင့် ကလေးတွေ စာဖတ်အောင် အားပေးတဲ့ software တွေကို ဒီဇိုင်းထုတ်ထားပါတယ်။

ကလေးတွေက စာလုံးတွေ၊ စာမျက်နှာတွေနဲ့ စာအုပ်တွေအခြေခံပြီး ရည်မှန်းချက်တွေကို ပြီးမြောက်တဲ့အခါ တံဆိပ်တွေ ရရှိမှာဖြစ်ပါတယ်။ Amazon ရဲ့ X-ray tool ကိုပြောင်းလဲထားပြီး ကလေးတွေ စာလုံးတွေ ရှာဖွေနိုင်အောင် ပြုလုပ်ထားပါတယ်။ ဒါ့အပြင် စာလုံးစာရင်းတွေထဲမှာ ဝေါဟာရတည်ဆောက်သူတွေအတွက် flash card တွေနဲ့ Amazon ရဲ့ word wise အကူအညီလည်း ပါဝင်လာပါတယ်။

စာလုံးနဲ့ စကားစုတွေကို အခြားဘာသာစကားနဲ့ ဘာသာပြန်ပေးနိုင်သလို Wikipedia ကိုလည်းအသုံးပြု ထားနိုင်ပါတယ်။ Amazon ရဲ့ search ကလည်း ကလေးစာအုပ်တွေကို စာရေးဆရာ ဒါမှမဟုတ် စာအုပ်အမည်ရဲ့ စာလုံးပေါင်း အတိအကျမသိဘဲ လွယ်ကူစွာရှာနိုင်ဖို့ အပြောင်းအလဲပြုလုပ်ထားပါတယ်။

Kindles Kids Edition အတွက် case လည်းပါဝင်သလို စာအုပ်ပေါင်း ၁,၀၀၀ ကျော်ပါဝင်တဲ့ Amazon ရဲ့ Kids Unlimited ကိုတစ်နှစ်စာပေးသွင်းအသုံးပြုနိုင်သလို audiobook တွေကိုလည်း မကြာခင် ဖြန့်ချိမယ်လို့ သိရပါတယ်။ Kindle ကို နှစ်နှစ်အာမခံပေးထားပါတယ်။

Amazon ရဲ့ Kindle သစ်မှာ မိဘတွေက ကလေးတွေ စာဖတ်တာနဲ့ tablet အသုံးပြုချိန် အတိုင်းအတာကို စောင့်ကြည့်နိုင်မယ့် dashsboard ပါဝင်ပြီး ဆွေးနွေးမှုနဲ့ ဆက်ဆံမှုကို အကူအညီပေးနိုင်ဖို့ စာအုပ်တွေကနေ စကားပြောတာနဲ့ အကျဉ်းချုပ်ဆွေးနွေးတာတွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

Kindle သစ်နဲ့အတူ Amazon ကပေါင် ၁၄၉.၉၉ တန်ဖိုးရှိ Fire HD 10 tablet ဗားရှင်းသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ Amazon ရဲ့အကြီးဆုံး Android tablet ဟာ ၃၀ ရာခိုင်နှုန်း မြန်ဆန်ပြီး ဘက်ထရီသက်တမ်းက ၁၂ နာရီ ရှိပါတယ်။

Fire HD 10 မှာ အဆင့်မြှင့်တင်ထားတဲ့ Wi-Fi နဲ့ မြန်ဆန်တဲ့ USB-C charging ပါဝင်တဲ့အတွက် ၃ နာရီအတွင်း ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိစေပါတယ်။ Fire HD 10 မှာ multitasking အသုံးပြုနေစဉ်မှာ ဗီဒီယိုဖွင့်ထားနိုင်ဖို့ picuture-in-picture အတွက် အဆင့်မြှင့်တင်ထားတဲ့ Fire OS ပါဝင်လာပါတယ်။ Fire HD 10 ကို အရောင်များစွာနဲ့ ထုတ်လုပ်ထားပြီး အဆင့်မြင့် အဖြူရောင်ဗားရှင်းလည်း ထုတ်လုပ်ထားပါတယ်။

ဒါ့အပြင် ပေါင် ၁၉၉.၉၉ တန်ဖိုးရှိ Kids Edition အတွက် Fire HD 10 ကိုရောင်းချမှာ ဖြစ်ပြီး kickstand case အသစ်လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ထုတ်ကုန်သစ်တွေကို အောက်တိုဘာလ ၃၀ ရက်မှာ တင်ပို့ရောင်းချမှာ ဖြစ်ပြီး ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။

စိုးထက်
Ref: TheGuardian