ကရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အကြံပေးသွားမယ့် စက်ရုပ်

ကမ္ဘာတစ်ဝန်းက လူတွေဟာ ကရိုနာဗိုင်းရပ်စ် ကူးစက်ခံရဖို့ စိုးရိမ်ပူပန်နေကြပါတယ်။ ကရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လူတွေ သိချင်နေတဲ့ ‌မေးခွန်းတွေကို ဖြေကြားပေးနိုင်တဲ့ စက်ရုပ် တိုင်းစကွဲမှာ ရှိပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်စီးတီး၊ မက်ဟန်တန်က တိုင်းစကွဲမှာ ၅ပေ မြင့်မားတဲ့ Promobot ကတော့ ကရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အကြံပေးနိုင်ပါတယ်။

တိုင်းစကွဲအနီးအနားဖြတ်သန်းသွားသူတွေက Promobot အနား ရပ်တန့်ပြီး မေးခွန်းတွေ မေးကြပါတယ်။ စက်ရုပ်ရဲ့ ရင်ဘတ်မှာ ထည့်သွင်းထားတဲ့ iPad လိုမျိုး touch screen ထဲ မေးခွန်းတွေ ရိုက်ထည့်ပြီး စက်ရုပ်နဲ့အပြန်အလှန်ပြောဆိုနိုင်ပါတယ်။ Promobot ကို ဖီလာဒယ်ဖီးယားမြို့အခြေစိုက် startup ကုမ္ပဏီတစ်ခုက ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီကို ရုရှားအဖွဲ့တစ်ခုက စီမံခန့်ခွဲပြီး လုပ်ငန်းတွေအတွက် အလိုအလျောက် ဝန်ဆောင်မှုစက်ရုပ်တွေ ဖန်တီးပေးပါတယ်။

“ကျွန်တော်တို့က ကရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေ ခြေရာခံဖို့ အထူး software ကိုဖန်တီးခဲ့ပါတယ်။ အခုပြဿနာဘယ်လောက် အရေးကြီးပြီး လူတွေ ဘယ်လောက်ကြောက်ရွံ့၊ တုန်လှုပ်နေတယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်ပါတယ်။ တကယ်လို့ သူတို့ ကရိုနာဗိုင်းရပ်စ်လက္ခဏာတွေ၊ ဘယ်လို ကာကွယ်တားဆီးသင့်သလဲဆိုတာ သိလာရင် အရာအားလုံးပိုမိုကောင်းလာပြီး လူတိုင်းပျော်ရွှင်လာပါမယ်” လို့ ကုမ္ပဏီရဲ့ လုပ်ငန်းဖွံ့ဖြိုးရေးအကြီးအကဲဖြစ်သူ အော်လပ်ကီဗော်ကုဆက်ဗ်က Reuters ကိုပြောခဲ့ပါတယ်။

စက်ရုပ်က ဗိုင်းရပ်စ်ကို ခြေရာမခံနိုင်ပါဘူး။ လူတစ်ယောက်မှာ အဖျားရှိနေပြီဆိုရင် စက်ရုပ် touch screen ပေါ်က yes နဲ့ no ခလုတ်ကို နှိပ်ပေးရပါမယ်။ တစ်ကယ်လို့ လူတွေက no ကို ရွေးချယ်တဲ့အခါမှာတောင် အဖြေမှန်လက်ခံရရှိအောင် ဆောင်ရွက်ပေးပါတယ်။

“ဒီစက်ရုပ်က အရမ်းတော်ပါတယ်။ တကယ့် တကယ်ကို တော်လွန်းပါတယ်” လို့ လန်ဒန်ကနေ နယူးယောက်ကို လာလည်သူတစ်ဦးကပြောခဲ့ပါတယ်။

-စိုးထက်
Ref: Reuters