ကရိုနာဗိုင်းရပ်စ်ကြောင့် MWC 2020 ပြပွဲ ဖျက်သိမ်း

ကမ္ဘာ့အကြီးဆုံး မိုဘိုင်းပြပွဲဖြစ်တဲ့ MWC 2020 ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ နှစ်စဉ် ဘာစီလိုနာမြို့မှာ ပြုလုပ်နေလေ့ရှီတဲ့ MWC ပြပွဲကို တာဝန်ယူကျင်းပတဲ့ GSMA အဖွဲ့အစည်းက ဒီနှစ် MWC ပြပွဲကို ဖျက်သိမ်းတယ်လို့ ကြေညာခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း ကရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတာကြောင့် မိုဘိုင်းကုမ္ပဏီပေါင်းများစွာက ပွဲကနေ နုတ်ထွက်ခဲ့ကြပါတယ်။

“ကမ္ဘာတစ်ဝန်း ကရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအပေါ် စိုးရိမ်နေကြပြီး အခြားအခြေအနေတွေနဲ့ ခရီးသွားလာမှုအပေါ် စိုးရိမ်တကြီးဖြစ်နေတာကြောင့် GSMA အနေနဲ့ ပွဲကျင်းပဖို့ မဖြစ်နိုင်ပါဘူး” လို့ GSMA အမှုဆောင်အရာရှိချုပ် ဂျွန်ဟော့မန်းကထုတ်ပြန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့တစ်ပတ်လောက်က LG ဟာ MWC ပြပွဲကနေ နုတ်ထွက်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ AT&T, Facebook နဲ့ Amazon အပါအဝင် နည်းပညာကုမ္ပဏီတွေက နှစ်စဉ်ကျင်းပနေကျ MWC ပြပွဲကနေ အသီးသီးနုတ်ထွက်ခဲ့ပါတယ်။ ပြပွဲမှာ ပါဝင်ပြသမယ့် ကုမ္ပဏီများစွာ နုတ်ထွက်ခဲ့ကြတဲ့အတွက် ပွဲမှာ ပါဝင်ပြသမယ့် ကုမ္ပဏီအနည်းငယ်ပဲ ကျန်ရစ်ခဲ့ကြပါတယ်။ MWC ပြပွဲမှာ နည်းပညာကုမ္ပဏီဝန်ထမ်းတွေ ကရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ ရှိတာကြောင့် ပွဲကနေ နုတ်ထွက်ခဲ့တာ ဖြစ်တယ်လို့ ကုမ္ပဏီတွေက ပြောကြပါတယ်။ MWC ပွဲကို ကမ္ဘာတစ်ဝန်းကနေ လာရောက်ကြည့်ရှုသူ ၁၀၀,၀၀၀ ကျော်ရှိပါတယ်။

ကရိုနာဗိုင်းရပ်စ်ကို တရုတ်ပြည်၊ ဟူဘေးဒေသမြို့တော် ဝူဟန်အတွင်း ဒီဇင်ဘာလက တွေ့ရှိခဲ့ပါတယ်။ ကရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဟာ နမိုးနီးယားရောဂါလိုမျိုးဖျားနာပါတယ်။ တရားဝင်အမည်က COVID-19 ဖြစ်တဲ့ ကရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၅,၀၀၀ ရှိပြီး လူပေါင်း ၁,၃၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ကရိုနာဗိုင်းရပ်စ်ဟာ တရုတ်ပြည်နယ်စပ် ကျော်လွန်ပြီး အမေရိကန်၊ ဂျပန်နဲ့ ဩစတြေးလျ အပါအဝင် နိုင်ငံပေါင်း ၃၀ မှာ ကူးစက်ပျံ့နှံ့နေပါတယ်။

စိုးထက်
Ref: CNET