ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် မိုးပျံကား စတင်ရောင်းချ

ဒတ်ခ်ျကုမ္ပဏီတစ်ခုက ဖန်တီးထုတ်လုပ်ထားတဲ့ စီးပွားဖြစ် မိုးပျံကားတွေကို ပထမဆုံးအကြိမ် စတင်ရောင်းချ လိုက်တယ်လို့ သိရပါတယ်။

PAL-V ဟာ Liberty Sport နဲ့ Liberty Pioneer ဆိုတဲ့ မိုးပျံကားနှစ်မျိုးကို ဖန်တီးထားတာ ဖြစ်ပါတယ်။ ဘီးသုံးဘီးပါတဲ့ အဲ့ဒီမိုးပျံကားတွေမှာ လူနှစ်ဦးလိုက်ပါစီးနင်းနိုင်ပြီး တစ်နာရီ ၁၁၂ မိုင်နှုန်းနဲ့ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီမော်ဒယ်နှစ်မျိုးအနက် Sport က ဈေးသက်သာတဲ့မော်ဒယ်ဖြစ်ပြီး တန်ဖိုးက ဒေါ်လာ ၄၀၀,၀၀၀ ဖြစ်ပါတယ်။ Pioneer အတွက်ကတော့ ဒေါ်လာ ၆၀၀,၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

Liberty ဗားရှင်းနှစ်မျိုးစလုံးမှာ ပြန်သိမ်းနိုင်တဲ့ ပန်ကာရွက်တစ်ခုနဲ့ အင်ဂျင်နှစ်ခုပါဝင်ပါတယ်။ အင်ဂျင်တစ်ခုက ကားမောင်းဖို့အတွက်ဖြစ်ပြီး ကျန်တစ်ခုက ပျံသန်းဖို့အတွက် ဖြစ်ပါတယ်။

မြေပြင်ပေါ်မှာတော့ Liberty က တစ်နာရီ မိုင် ၁၀၀ နှုန်းနဲ့ မောင်းနှင်ပြီး ရပ်ထားရာကနေ တစ်နာရီ ၆၂ မိုင်နှုန်းကို ၉ စက္ကန့်အတွင်း အရှိန်တင်ပေးနိုင်ပါတယ်။ ဆီအပြည့်နဲ့ဆိုရင် ၈၁၇ မိုင်အထိ မောင်းနှင်နိုင်ပြီး ဆီစားနှုန်းက တစ်ဂါလံ ၃၁ မိုင် ဖြစ်ပါတယ်။

ပျံသန်းဖို့အတွက် flying mode ကို ပြောင်းတဲ့အခါ ၁၀ မိနစ်လောက် ကြာမြင့်ပြီး ဆီအပြည့်နဲ့ဆိုရင် လေထဲမှာ မိုင် ၃၁၀ အထိ မောင်းနှင်နိုင်တယ်လို့ PAL-V က ပြောကြားပါတယ်။

“နှစ်အတန်ကြာ ကြိုးပမ်းလုပ်ဆောင်ခဲ့ပြီး နည်းပညာနဲ့ အရည်အချင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီးတဲ့နောက် ကမ္ဘာတစ်ဝန်းက ချမှတ်ထားတဲ့ လုံခြုံရေးဆိုင်ရာ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ တီထွင်ဆန်းသစ်တဲ့ မိုးပျံကားတစ်မျိုးကို ကျွန်တော်တို့အဖွဲ့က အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်” လို့ PAL-V ရဲ့ အမှုဆောင်အရာရှိချုပ် Robert Dingemanse က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ လတ်တလောမှာ Liberty မိုးပျံကားတွေကို တင်ပို့သွားမှာ မဟုတ်ဘဲ ပထမဆုံး တင်ပို့ရောင်းချမှုကို ၂၀၁၈ နှစ်ကုန်ပိုင်းမှသာ စတင်သွားမယ်လို့ သိရပါတယ်။

Ref: Independent