ကမ္ဘာ့အရေးပါဆုံး စီအီးအိုအတွက် အခက်အခဲလား၊ အခွင့်အလမ်းလား

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ Googleရဲ့ စီအီးအို ဆန်ဒါ ပီချိုင်းကို Alphabet ကုမ္ပဏီရဲ့ စီအီးအိုအဖြစ်ပါ ခန့်အပ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါက နည်းပညာလောကအတွက် ထုတ်ကုန်သစ်တစ်ခု၊ နည်းပညာသစ်တစ်ခုပေါ် ထွက်လာခဲ့ခြင်းထက်ပိုပြီး အဓိပ္ပါယ်ရှိနေခဲ့ပါတယ်။ ဒီရာထူး သစ်ကြောင့် ဆန်ဒါပီချိုင်းက ကမ္ဘာပေါ်မှာ အရေးပါဆုံး အမှုဆောင်အရာရှိချုပ်ဆိုတဲ့ ဂုဏ်ပုဒ်သစ်ကို အပ်နှင်းခံလိုက်ရသလို နည်းပညာလောကအတွက် အထူးသဖြင့် Google အတွက် ခေတ်သစ်တစ်ခုကို အစပြုလိုက်တာလည်း ဖြစ်ပါတယ်။

Alphabet က ဘာလဲ

၁၉၉၈ ခုနှစ် စက်တင်ဘာလမှာ စတန်းဖိုဒ်တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြတဲ့ လယ်ရီပေ့နဲ့ ဆာဂျီဘရင်းတို့က သူတို့ရဲ့ အဆောင်အိပ်ခန်းထဲမှာ Google ကို စတင်တည်ထောင်ခဲ့ကြပါတယ်။ နောက်ပိုင်း ဒေါ်လာဘီလျံနဲ့ချီတန် ဖိုးရှိတဲ့ ဧရာမကုမ္ပဏီကြီးတစ်ခု ဖြစ်လာပြီးနောက်မှာ သူတို့နှစ်ယောက်စလုံးက ကုမ္ပဏီရဲ့ နေ့တဓူဝကိစ္စတွေကို မသေမချင်းလုပ်နေဖို့ ဆန္ဒမရှိခဲ့ကြပါဘူး။ ဒါကြောင့် အဲရစ်ရှမစ်ကို ဆယ်စုနှစ် တစ်ခုစာ စီအီးအိုအဖြစ်အပ်နှင်းပြီး သူတို့ကတော့ အနာဂတ်အတွက် ပိုပြီးအာရုံစိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လယ်ရီပေ့ကပဲ စီအီးအိုတာဝန်ကို ပြန်ယူခဲ့ပြီး Google အတွက်ရော သူတို့နှစ်ယောက်အတွက်ပါ အဆင်ပြေစေမယ့် စီမံခန့်ခွဲပုံနည်း လမ်းသစ်ကို ရှာဖွေခဲ့ကြပါတယ်။

အဲဒီအခါမှာ ရင်းနှီးမြှုပ်နှံသူ ဂုရုကြီး ဝါရင်းဘတ်ဖတ်ရဲ့  နည်းလမ်းကို သူတို့ အတုယူနိုင်ခဲ့ကြပါတယ်။ ဘတ်ဖတ်က သူပိုင်ဆိုင်သမျှ ကုမ္ပဏီတိုင်းကို သူ့ရဲ့ဘက်ရှိုင်းယား ဟီသာဝေးကုမ္ပဏီရဲ့ လက်အောက်မှာ စုပေါင်းထားခဲ့ပြီး လက်အောက်ခံ ကုမ္ပဏီအားလုံးရဲ့ ကိစ္စအဝဝကို သက်ဆိုင်ရာ စီအီးအိုတွေရဲ့ စိတ်ကြိုက် စီမံအုပ်ချုပ်စေပါတယ်။ ဒီလိုနည်းလမ်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသူ ဝါရင်းဘတ်ဖတ်က အသက်ရှုချောင်ခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာ လယ်ရီပေ့နဲ့ ဆာဂျီဘရင်းတို့က Alphabet ကုမ္ပဏီကို တည်ထောင်လိုက်ပြီး သူတို့ရဲ့ Google ကိုသာမက ကျန်တဲ့လုပ်ငန်းအားလုံးကို အဲဒီအောက်ဆွဲသွင်းလိုက်ပါတယ်။ Alphabet ရဲ့စီအီးအိုနဲ့ ဥက္ကဋ္ဌအဖြစ် သူတို့နှစ်ယောက်က တာဝန်ခွဲယူခဲ့ကြပြီး Google အပြင် မောင်းသူမဲ့ကား၊ AI တို့လိုမျိုး အခြားသော နည်းပညာလုပ်ငန်းအားလုံးရဲ့အနာဂတ်ကို အာရုံစိုက် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ လက်အောက်ခံ ကုမ္ပဏီ တစ်ခုဖြစ်သွားတဲ့ Google ရဲ့ နိစ္စဓူဝကိစ္တွေကို စီမံဖို့ ဆန်ဒါ ပီချိုင်းကို စီအီးအိုသစ်အဖြစ် ခန့်အပ်လိုက်ပါတော့တယ်။

ဆန်ဒါ ပီချိုင်းက ဘယ်သူလဲ

မိုက်ကရိုဆော့ဖ်ရဲ့ စီအီးအို ဆက်တယာ နာဒယ်လာနည်းတူ ဆန်ဒါပီချိုင်းကလည်း အိန္ဒိယဇာတိဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို ရောက်နှင့်သွားတဲ့ ဦးလေးဖြစ်သူရဲ့ စာအုပ်တွေကို ဖတ်ရင်း ဆီလီကွန်တောင်ကြားရဲ့ စိတ်လှုပ်ရှားစရာတွေကို ရင်ခုန်နေတတ်ခဲ့ပါတယ်။ ဒါပေမဲ့ အရွယ်ရောက်လာတဲ့အခါ သတ္တုပစ္စည်းတွေရဲ့ ရူပ၊ ဓာတုဂုဏ်သတ္တိတွေကို လေ့လာတဲ့ပညာရပ်ကိုပဲ သင်ယူဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မဟာသိပ္ပံဘွဲ့၊ အမ်ဘီအေဘွဲ့တွေကို အမေရိကန်ပြည်ထောင်စုမှာ ဆက်လက် သင်ယူခဲ့ပါတယ်။

၂၀၀၄ ခုနှစ် ဧပြီ ၁ ရက်မှာ ဆန်ဒါ ပီချိုင်းက Google ထုတ်ကုန်မန်နေဂျာ ရာထူးအတွက် ပထမဆုံး အင်တာဗျူးလာ ဖြေခဲ့ပါတယ်။ April’s Fool နဲ့ တိုက်ဆိုင်နေတာကြောင့် အလုပ်လျှောက်သူအများစုက စနောက်တယ်ထင်ပြီး အင်တာဗျူးလာမ ဖြေကြပါဘူး။ ဒီလိုနဲ့ ဆန်ဒါ ပီချိုင်းက အဲဒီအချိန်မှာပဲ ထုတ်ပြန်ကြေငြာခဲ့တဲ့ Gmail ဝန်ဆောင်မှုနဲ့အတူ Google မှာ ဘဝ သစ်စတင်ခဲ့ပါတယ်။

နည်းပညာနဲ့ ပတ်သက်ပြီး ဆန်ဒါပီချိုင်းရဲ့ ပါရမီကိုသူ့ရဲ့ Google သက်တမ်းတစ်လျှောက် လုံးမှာ ထင်ထင်ရှားရှားတွေ့မြင် နိုင်ပါတယ်။ Google ကို Search  Engine လုပ်ငန်းကြီး အဖြစ်သာမက အခြားသောထုတ်ကုန်တွေနဲ့ပါ တွဲဖက်မြင်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ Chrome Browser, Chrome OS, Chrome Book တို့ကို ဖန်တီးပေးနိုင်ခဲ့သလို Gmail , Google Drive , Google Maps တို့အတွက်လည်းဦးဆောင် ကြီးကြပ်ပေးခဲ့တာပါ။

ဆန်ဒါပီချိုင်းရဲ့ ကျေးဇူးက Android အပေါ်မှာလည်း များစွာရှိနေခဲ့ပါသေးတယ်။ ဒီလိုမျိုး အမြင်၊ ရူပါရုံတွေကြောင့် ၂၀၁၅ ခုနှစ် Alphabet ကုမ္ပဏီကို စတင်တည်ထောင်တဲ့အခါ ဆန်ဒါပီချိုင်းကို Google ရဲ့  စီအီးအိုသစ်အဖြစ် ထားရှိခဲ့တာပါ။ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်တဲ့ ဆန်ဒါပီချိုင်းက ကုမ္ပဏီတစ်ခုကို စီမံအုပ်ချုပ်တဲ့နေရာမှာတော့ လယ်ရီပေ့နဲ့ ဆာဂျီဘရင်းတို့ထက် ပိုပြီးနာမည်ကောင်းရခဲ့ပါတယ်။ သူစတင်တာဝန်ယူချိန် ၂၀၁၅ ခုနှစ်မှာ ကုမ္ပဏီရဲ့ရှယ်ယာဈေး နှုန်းက ဒေါ်လာ ၆၀၀ မပြည့်သေး ပေမယ့် လက်ရှိအချိန်မှာတော့ ဒေါ်လာ ၁၃၀၀ အထိ တက်သွား ခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Alphabet ရဲ့ စီအီးအိုသစ်အဖြစ် ကြေညာခဲ့ချိန်မှာလည်း ရှယ်ယာဈေးနှုန်းတွေ ထပတက်သွားခဲ့ ပါသေးတယ်။

စိန်ခေါ်မှုများ

လက်ရှိအချိန်မှာ ဆန်ဒါပီ ချိုင်းကို ကမ္ဘာ့အရေးပါဆုံး စီအီး အိုလို့ တင်စားနေကြပေမယ့်ဒီရာ ထူးကိုတော့ ဘယ်သူကမှ လိုချင် မယ်မထင်ပါဘူး။ လူတိုင်း အ တွက်တစ်နေ့ကို ၂၄ နာရီသာရှိပေမယ့် ဆန်ဒါ ပီချိုင်းအတွက် ဖြေရှင်းစရာ ပြဿနာတွေက များလွန်းလှပါတယ်။

Google ရဲ့ စီအီးအိုအဖြစ်နဲ့ တင်ကုမ္ပဏီတွင်း၊ ကုမ္ပဏီပြင် ပြဿနာပေါင်းစုံကို ဖြေရှင်းရဖို့ ရှိနေပါတယ်။ အလုပ်ခွင်အတွင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ၊ လူမျိုးရေးနဲ့ ကျား၊ မ ခွဲခြားဆက်ဆံခံရမှုတွေ၊ လစာပေးချေမှု မမျှတမှုတွေ စတဲ့ ခေါင်းစဉ်တွေကို သတိကြီးကြီးထားပြီး ကိုင်တွယ်ဖြေရှင်းပေးနေရပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်ရေး၊ ဝန်ဆောင်မှုအသုံးပြု သူတွေရဲ့ ကိုယ်ရေးကိုယ်တာ Privacy ကို လေးစားကာကွယ် ပေးရေး၊ အစိုးရအကြိုက်လိုက်ပြီး ပြည်သူလူထု အပေါ်နစ်နာစေမယ့်  ဆောင်ရွက်မှုတွေ မပြုလုပ်ရေးစ သဖြင့် ကုမ္ပဏီပြင်ပကပြဿနာ ပေါင်းစုံကိုလည်း ဒိုင်ခံဖြေရှင်း ပေးနေရပါသေးတယ်။ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ သွားရောက်ပြီး အစစ်ဆေးခံချိန်မှာ လွှတ်တော်အမတ်တွေရဲ့ တရစပ် ထိုးနှက်ချက်တွေကို ကြံ့ကြံ့ခံရဖို့လည်း ရှိနေပြန်ပါတယ်။

Alphabet ကုမ္ပဏီရဲ့ စီအီးအိုဖြစ်လာချိန်မှာတော့ အပေါ်က ထက်ပိုပြီး လေးနက်ကျယ်ပြန့်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါတော့မယ်။ Alphabet ရဲ့ ဝင်ငွေ ၉၀ ရာခိုင်နှုန်းကျော်ကို Google ကနေသာ ရရှိနေတာဖြစ်ပြီး ကုမ္ပဏီရဲ့ ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းက လုံးဝမရှိသလောက်ပါပဲ။ မောင်းသူမဲ့ကား၊ ပစ္စည်းလိုက်ပို့မယ့် ဒရုန်း၊ အင်တာနက် ဝန်ဆောင်မှုပေးမယ့် မိုးပျံပူဖောင်းတို့လို အခြားလုပ်ငန်းပေါင်းစုံက ကုမ္ပဏီရဲ့ ယိုပေါက်တွေ ဖြစ်ပါတယ်။ နေ့စဉ်ပြဿနာ အသေးအဖွဲလေး တွေကနေ ကျန်းမာရေး စောင့်ရှောက်မှုလို စီမံကိန်းကြီးတွေအထိ စမ်းသပ်လုပ်ဆောင်ရင်း နှစ်စဉ် ဒေါ်လာဘီလျံနဲ့ချီပြီး ဆုံးရှုံးနေရတာပါ။

ဒါ့အပြင် Artificial Intelligence နဲ့  Quantum Computing တို့လို နည်းပညာလောကရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာလည်း ပန်းတိုင်တွေ ချမှတ်ပေးရဦးမှာပါ။ Alphabet ရဲ့ စီအီးအိုက Google ရဲ့ စီအီးအိုနဲ့တော့လုပ် ပိုင်ခွင့်ချင်း ထပ်တူကျမှာမဟုတ် ပါဘူး။ တည်ထောင်သူတွေ ဖြစ်ကြတဲ့ လယ်ရီပေ့ရော၊ ဆာဂျီဘရင်းကပါ ဘုတ်အဖွဲ့ ဝင်တွေ အဖြစ်သာ ဆက်လက် သက်ဆိုင်မှု ရှိတော့မယ်လို့ ဆိုထားပါတယ်။

ဒါပေမဲ့သူတို့ရဲ့ နှုတ်ဆက်စကားမှာ သုံးနှုန်းထားတဲ့ “တက်တက် ကြွကြွ”ပါဝင်မယ် ဆိုတာကရော ဘယ်အတိုင်းအတာအထိပါလဲ။ အထူးသဖြင့် သူတို့နှစ်ယောက်ရဲ့ မဲအဆုံးအ ဖြတ်ကသာ ဗီတိုအာဏာလိုဖြစ်နေတဲ့ ဘုတ်အဖွဲ့မှာ ရောဆန်ဒါ ပီချိုင်းက ဘယ်လိုအခန်းကဏ္ဍကနေ အသုံးတော်ခံပြရမှာလဲ။ “ကျွန်တော်တို့ နှစ်ယောက်အနေနဲ့ စိတ် ပါဝင်စားတဲ့ ကိစ္စတွေအတွက် စီအီးအို ဆန်ဒါပီချိုင်းနဲ့ မကြာခဏ တွေ့ဆုံဆွေးနွေးသွားပါ့မယ်”ဆိုတဲ့ နှုတ်ဆက်စကားကရောဘယ် လို အဓိပ္ပါယ်ဆောင်ပါသလဲ။ ပစ္စည်းလိုက်ပို့ပေးမယ့် စက်ရုပ်လေးကနေ ကွမ်တမ်ကွန်ပျူတာအထိ သူတို့စိတ်တိုင်းကျစမ်းသပ် လုပ်ဆောင်မှုတွေမှာ ဆန်ဒါပီ ချိုင်းအနေနဲ့ ဘယ်ကိစ္စတွေကို လွတ်လွတ် လပ်လပ်ကိုင်တွယ်ခွင့်ရမှာလဲ၊ ဘယ်ကိစ္စတွေကိုတွေ့ ဆုံဆွေးနွေးရမှာလဲ။ ဒီမေးခွန်းတွေ အားလုံးက Alpha-bet စီအီးအိုသစ် ဆန်ဒါပီချိုင်းအတွက် ခေါင်းခြောက်စရာ ဖြစ်လာတော့မှာပါ။

အခက်အခဲလား၊ အခွင့်အလမ်းလား

“ကြုံလာသမျှကို လူအများစုက အခက်အခဲလို့ မြင်တယ်၊ လူတချို့ကသာ အခွင့်အလမ်းလို့ မြင်ပါတယ်” ဆိုတဲ့ စကားအတိုင်း တကယ်တော့ လောကကြီးမှာ ရှိသမျှ ကိစ္စတိုင်းက ကြည့်ရှုသူရဲ့ ရှုမြင်သုံးသပ်ခံယူပုံအပေါပဲ မူတည်နပါတယ်။ ဒီတော့ အထက်က စိန်ခေါ်မှုတွေကို စီအီးအိုသစ် ဆန်ဒါ ပီချိုင်း ကကော ဘယ်လိုမျိုး ရှုမြင်သုံးသပ်ပါသလဲ၊ ဒီပြဿနာအများစုကို ဖြေရှင်းရမယ့် သူ့မှာ ဘယ်လိုမျိုး အခြေခံစိတ်ထားတွေ ရှိနေပါသလဲ။

(က) အားလုံး တန်းတူညီ မျှမှုကို တန်ဖိုးထားတတ်ခြင်း

အင်တာနက်နဲ့ ပတ်သက်ပြီး အကြိုက်ဆုံးအချက်က လူအားလုံးကို တန်းတူညီမျှဖြစ်အောင် လုပ်ပေးနိုင်စွမ်း ရှိခြင်းပါလို့ သူကဆိုခဲ့ပါတယ်။ အသက်အရွယ်မရွေး၊ နေရာဒေသမရွေး၊ နောက်ခံအကြောင်း တရားမရွေးဘဲ လူတိုင်းက အင်တာနက်ပေါ်မှာ သတင်းအချက်အလက် ရယူပိုင် ခွင့်၊ အသုံးချပိုင်ခွင့် ရှိရမယ်လို့ သူက ယူဆထားပါတယ်။ ဒါကြောင့် Google ကို ထိန်းကျောင်းတဲ့အခါ ဒီလမ်းစဉ်အတိုင်း ဆက်သွားမယ်လို့ အတိအလင်း ကြေညာထားပါတယ်။

ကလေးငယ်တစ်ဦးက ဖြစ်စေ၊ ပါမောက္ခတစ်ယောက်ကဖြစ်စေ Google ကို အသုံးပြုရာမှာ တန်းတူညီတူ ဖြစ်နေစေရမယ်၊ နောက်ခံအကြောင်းတရား အချက်အလက်တွေအပေါ် မူတည်ပြီး ခွဲခြားဝန်ဆောင်မှုပေးတာမျိုး မရှိစေရဘူးလို့ သူက အာမခံထားပါတယ်။ သူ့ရဲ့ ဒီလိုမျိုး အခြေခံကျကျ အမြင်ကြောင့် တချို့ပြဿနာတွေမှာ အဖြေထုတ်ဖို့ ပိုမိုလွယ်ကူသွားပါလိမ့်မယ်။

(ခ) အနာဂတ်အတွက်သာ လုပ်ဆောင်ခြင်း

အဖွဲ့အစည်း တစ်ခုအတွက်သာမက လူတစ်ဦးချင်းစီတိုင်းအတွက် အရေးကြီးဆုံးအလုပ် တစ်ခုက အနာဂတ်အတွက် လက်ရှိအချိန်ကတည်းက လုပ်ဆောင်နေခြင်းပါလို့ သူကပြောခဲ့ဖူးပါတယ်။ ကိစ္စတိုင်းကို ဆုံးဖြတ်တဲ့အခါ သူ့အနေနဲ့ ဖြစ်လာမယ့်အရာအတွက်သာ ဦးစားပေးပါတယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့် Android နည်းပညာဘုန်းမီးနေလထွန်းပြောင်နေချိန်မှာတောင် အနာဂတ်မှာ လူတွေအတွက် ဘယ်လိုမျိုးတွက်ချက်မှု နည်းပညာ၊ ပစ္စည်းတွေ ဖန်တီးပေးရမလဲဆိုပြီး သူ့ရဲ့စိတ်ထဲ တွေးနေခဲ့ပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒီအခြေခံစိတ်ဓါတ်ကြောင့် Artificial Intelligence နဲ့ Quantum Computing တို့လိုမျိုး အနာဂတ်နည်း ပညာနယ်ပယ်တွေမှာ မှန်ကန်တဲ့ဆုံး
ဖြတ်ချက်တွေ ချမှတ်နိုင်ပြီး Google ကို ရှေ့ရောက်နေစေပါလိမ့်မယ်။

(ဂ) စုပေါင်းအောင်မြင်မှုကို ဦးထိပ်ထားခြင်း

အဖွဲ့အစည်းရဲ့ အောင်မြင်မှုကို အဓိပ္ပါယ် သတ်မှတ်တဲ့အခါ ခေါင်းဆောင် တစ်ယောက်နဲ့ တစ်ယောက်တူညီကြမှာ မဟုတ်ပါဘူး။ ခေါင်းဆောင် နာမည် ကောင်းရသွားပေမယ့် အဖွဲ့အစည်းအနေနဲ့ နစ်နာသွားရတာမျိုးတွေလည်း ရှိနေတတ်ပါတယ်။ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဆန်ဒါပီချိုင်း လိုချင်တဲ့ အောင်မြင်မှုကတော့ ရိုးရှင်းပါတယ်။ လက်အောက် ဝန်ထမ်းတွေရဲ့ အောင်မြင်မှုကို ဆောင်ကြဉ်းပေးနိုင်ဖို့ပါတဲ့။ လက်အောက်မှာ ရှိတဲ့သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေး၊ လိုအပ်တာတွေကို ထောက်ပံ့ပေးဖို့ သူအမြဲ အာရုံစိုက်ပါတယ်လို့ ဆိုထားပါတယ်။ အဖွဲ့အစည်းတစ်ခုလုံးရဲ့ ခရီးလမ်း ဖြောင့်ဖြူးစေရေးအတွက် ခလုတ်ကန်သင်းတွေ ရှင်းပေးတာ၊ လမ်းထွင်ပေးတာကသာ သူ့ရဲ့အလုပ်လို့ ဆိုပါတယ်။ အဆင့်ဆင့် တာဝန်ယူထားကြတဲ့ ခေါင်းဆောင်ငယ်တွေ အောင်မြင်မှုရတဲ့အခါ သူလည်း အောင်မြင်မှုရပြီလို့ သတ်မှတ်ထားပါတယ်။ ဒီနည်းလမ်းက ကဏ္ဍပေါင်း သောင်းခြောက်ထောင်ရှိနေတဲ့ Alphabet ကို အောင်မြင်မှုနဲ့ ပိုမိုနီးကပ်သွားစေပါလိမ့်မယ်။

(ဃ) စိတ်မလုံခြုံမှုကို တွန်း

အားအဖြစ် ပြောင်းလဲပစ်နိုင်ခြင်းနည်းပညာ နောက်ခံမဟုတ်တဲ့ သူ့အနေနဲ့ ဆီလီကွန်တောင်ကြားက နည်းပညာပါရမီ ရှင်တွေကြားမှာ ဘယ်လိုမျိုးယုံကြည်မှုရှိရှိ ရပ်တည်နိုင်ခဲ့သလဲလို့ မေးတတ်ကြပါတယ်။ သူကတော့ အမြဲတမ်း ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိမနေပါဘူးလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါတယ်။ ကိုယ့်ထက် ပိုတော်တဲ့သူ၊ ပိုတတ်တဲ့သူတွေနဲ့ လက်တွဲလုပ်ဆောင်နေ ရတဲ့အခါ စိတ်မလုံခြုံမှုကို သိသိသာသာ ခံစားရပါတယ်တဲ့။ ဒီခံစားချက်ကြောင့် သိမ်ငယ် နောက်ဆုတ် သွားမယ့်အစားပိုပြီး ကြိုးစားရမယ်ဆိုတဲ့ တွန်းအားသာ ဖြစ်လာခဲ့ပါတယ်တဲ့။ ဒါကြောင့် လယ်ရီပေ့နဲ့ ဆာဂျီ ဘရင်းတို့လို ပါရမီရှင်တွေနဲ့သာမက အခြားလူတော်တွေရဲ့ကြားမှာ ဆန်ဒါပီချိုင်းက ပိုပြီး ပေါ်လွင်ထင်ရှား လာခဲ့တာ နေမှာပါ။

လူတိုင်းကို ဖော်ဖော်ရွေရွေ ဆက်ဆံတတ်ခြင်း၊ နှိမ့်ချစွာ နေတတ်ခြင်းတို့လိုမျိုး တခြားအရည်အချင်းတွေလည်း ဆန်ဒါ ပီချိုင်းမှာ ရှိနေပါသေးတယ်။ ဒါပေမဲ့ အထက်ပါ အခြေခံစိတ်ဓါတ်တွေကတော့ သူ့ရဲ့ ရာထူးသစ်အတွက် အကောင်းဆုံးအထောက်အကူ ဖြစ်လာပါလိမ့်မယ်။

အိန္ဒိယလူ လတ်တန်းစား မိသားစုတစ်ခုမှာ မွေးဖွားခဲ့တဲ့ ကောင်လေးတစ်ယောက်က ရုပ်မြင်သံကြားကြည့်တာမျိုး၊ ကားလျှောက်စီးရတာလိုမျိုး ဇိမ်ခံပစ္စည်းတွေကို မတတ်နိုင်ခဲ့ပါဘူး။ နံပါတ်လှည့်ပြီး ဆက်ရတဲ့ တယ်လီဖုန်းကြီးတခုကို အိမ်မှာ တပ်ဆင်လိုက်တဲ့အခါမှသာ ၁၂ နှစ်သားလေး ဆန်ဒါ ပီချိုင်းတစ်ယောက် နည်းပညာရဲ့ အံ့ဩဖွယ်ရာတွေကို စသိခဲ့တာပါ။ လက်ရှိအချိန်မှာ အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ သူဟာ နောက်ဆုံးပေါ် နည်းပညာတွေကို ကိုယ်တိုင်ခံစားနေ ရုံတင်မကပဲ တစ်လောကလုံးအတွက် နည်းပညာသစ်တွေ ဆောင်ကြဉ်းပေးရမယ့် နေရာတစ်ခုကို ရောက်နေပါပြီ။ Alphabet ရဲ့စီအီးအိုသစ် ဆန်ဒါပီချိုင်းတစ် ယောက် ဘယ်ပုံဘယ်နည်း စခန်းသွားမလဲဆိုတာ ဆက်ပြီးစိတ် ဝင်တစား စောင့်ကြည့်ရပါတော့မယ်။

-လုကာကျော်
Ref: The Verge၊ Bloomberg၊ Wikipedia