ကမ္ဘာ့လူဦးရေ နေထိုင်တဲ့အရပ်ဒေသ ၉၈ ရာခိုင်နှုန်းကို Google Earth လွှမ်းခြုံထား

Google အနေနဲ့ Street View ကို မိတ်ဆက်ခဲ့တာ ၁၂ နှစ်ရှိပြီ ဖြစ်ပါတယ်။ Street View ဆိုတာ Google က ကမ္ဘာတစ်ဝန်း စေလွှတ်ထားတဲ့ကားတွေက ကမ္ဘာပေါ်က လမ်းမတွေကို ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်ပေးတာ ဖြစ်ပါတယ်။ Stree View မှာ မြို့ပြ၊ မြို့တော်နယ်နိမိတ်နဲ့ ဝေးလံသီခေါင်တဲ့ တောအရပ်က ဓာတ်ပုံတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က Google ဟာ Street View ရိုက်ကူးတဲ့ကားတွေနဲ့ အခြားထုတ်ကုန်တွေက ကမ္ဘာ့မြေပုံနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ကိုင်နေလဲ ဆိုတာ ထုတ်ပြန်ခဲ့ပါတယ်။ Google အနေနဲ့ Street View ရုပ်ပုံ မိုင် ၁၀ သန်းကျော် ရိုက်ကူးခဲ့ပါတယ်။ အဲဒီ အကွာအဝေးနဲ့ ကမ္ဘာကို လှည့်ပတ်မယ်ဆိုရင် အကြိမ် ၄၀၀ ကျော်တယ် လို့ Google ကပြောခဲ့ပါတယ်။

Google Earth မှာ လူတွေ ကြည့်ရှုနိုင်တဲ့ ဂြိုဟ်တုရုပ်ပုံပေါင်း စတုရန်းမိုင် ၃၆ သန်း ရှိတယ်လို့ Google က ပြောထားပါတယ်။ အဲဒီပမာဏဟာ ကမ္ဘာတစ်ဝန်းက လူတွေနေထိုင်ရာ တည်နေရာအစိတ်အပိုင်း ၉၈ ရာခိုင်နှုန်း ကို လွှမ်းခြုံနိုင်ခဲ့တာ ဖြစ်ပါတယ်။

မြေပုံဝန်ဆောင်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်ကို Google က ပထမဆုံး ထုတ်ပြန်ခဲ့ပြီး Google Maps နယ်ပယ်က အချက်အလက်အကြောင်း ပြောပြခဲ့ပါတယ်။ လစဉ်သုံးစွဲသူ ၁ ဘီလျံကျော် ရှိတဲ့ Google Maps ဟာ နာမည်ကျော် ထုတ်ကုန်တွေထဲက တစ်မျိုးဖြစ်ပြီး ဒေသတွင်းကြော်ငြာဖြန့်ချိဖို့ Google အတွက် စွမ်းအားအရှိဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

စိုးထက်
Ref: CNET