ကမ္ဘာ့ပထမဆုံး ခေါက်စမတ်ဖုန်း ထုတ်လုပ်သူ Flexpai 2 ကိုမိတ်ဆက်

တရုတ်စမတ်ဖုန်း ကုမ္ပဏီ Royole ဟာ ပြီးခဲ့တဲ့နှစ်အတွင်း Samsung နဲ့ Huawei တို့ကိုကျော်ပြီး ကမ္ဘာ့ပထမဆုံး ခေါက်စမတ်ဖုန်း ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ Roy၀le ဖုန်းဟာ ကျရှုံးခဲ့ရပါတယ်။ ဒီတစ်ပတ်မှာတော့ ကုမ္ပဏီက Flexpai 2 အမည်ရ မျိုးဆက်သစ်ဖုန်း တစ်မျိုးကို ရှန်းဇန့်မြို့ကနေ တိုက်ရိုက်ထုတ်လွှင့် မိတ်ဆက်လိုက်ပါတယ်။

Royole ရဲ့ Flexpai 2 ကတော့ စာအုပ်နဲ့တူပါတယ်။ ဖုန်းကို အပြင်ဘက်ဖြန့်လိုက်ရင် ၇.၈ လက်မ မျက်နှာပြင် ဖြစ်သွားပါမယ်။ ဖုန်းမှာ Snapdragon 865 chipset အသုံးပြုထားပြီး ဘက်ထရီ 4,450mAh နဲ့ ကင်မရာ ၄ လုံး ပါဝင်လာပါတယ်။ 5G လည်းထောက်ပံ့ထားပြီး အမေရိကန်၊ ဥရောပနဲ့ တရုတ်ကွန်ရက်တွေမှာ အသုံးပြုနိုင်တယ်လို့ Royole စီအီးအို ဘေးလ်လူကပြောပါတယ်။

Flexpai 2 ဟာ အရင်မျိုးဆက်ထက် ၄၀ ရာခိုင်နှုန်း ပါးလွှာ၊ ပေါ့ပါးပါတယ်။ Flexpai 2 အထူက ၀.၂၄ လက်မပဲ ရှိကာ Samsung Galaxy Fold 2 ထက်ပိုမိုပါးလွှာပါတယ်။

Flexpai 2 ရဲ့အထူးခြားဆုံး လုပ်ဆောင်ချက်ကတော့ ပတ္တာဖြစ်ပြီး ဖုန်းကျောဘက်အထိ ပါဝင်ပါတယ်။ Royole က Flexpai 2 ပတ္တာဟာ အကြိမ်ရေ ၁.၈ သန်းအထိ ခေါက်နိုင်ပြီး ရေစိုခံသလို၊ မာကျောမှုရှိတယ်လို့ ပြောထားပါတယ်။
မူလ Flexpai ကိုတော့ CES 2019 ပြပွဲမှာ ပြသခဲ့ပြီး ၇.၈ လက်မ ကွေးနိုင်တဲ့ AMOLED မျက်နှာပြင်ကို ပလတ်စတစ်နဲ့ ဖန်တီးထားကာ ရုပ်ထွက်အရည်အသွေးကတော့ 1440p ဖြစ်ပါတယ်။ မူလ Flexpai ဟာကြီးမား လေးလာသလို software ပိုင်ငးအားနည်းပြီး user-interface ကလည်း အထင်ကြီးစရာ မရှိပါဘူး။ Flexpai 2 ကတော့ မူလမော်ဒယ်က ပြဿနာတွေကို ဖြေရှင်းထားပါတယ်။

Flexpai 2 မှာတော့ RAM 8GB နဲ့ storage 256GB ပါဝင်ပြီး Royole ဝက်ဘ်ဆိုက်မှာ ယွမ် ၉,၉၉၉ (ဒေါ်လာ ၁,၄၇၀) နဲ့ရောင်းချနေပါတယ်။ Android အခြေခံ Water OS 2.0 အသုံးပြုထားပြီး နိုင်ငံတကာကို ဘယ်အချိန်ဖြန့်မလဲဆိုတာ မသိရသေးပါဘူး။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««