ကမ္ဘာတစ်ဝန်းမှာ တွေ့နေရတဲ့ သတ္တုပြားတွေကို ဘယ်လိုတည်ဆောက်ကြသလဲ

ဒီဇိုင်းနဲ့ အထူးပြုလုပ်ချက် ကျွမ်းကျင်သူတွေကတော့ ကမ္ဘာတစ်ဝန်းမှာ တွေ့နေရတဲ့ သတ္တုပြားတွေ ပုံတူကူးဖို့ မခက်ဘူးလို့ ပြောထားပါတယ်။ (ကျွန်တော်တို့ကလည်း စမ်းသပ်ကြည့်ဖို့ မတိုက်တွန်းပါဘူး)

ခင်ဗျားအနေနဲ့ အိမ်ထဲမှာ ပိတ်မိလို့ ဖုန်းကနေ လူမှုကွန်ရက် ဖွင့်ကြည့်နေရတာ ငြီးငွေ့ကောင်း ငြီးငွေ့နေပါလိမ့်မယ်။ အဲဒီအခါကျရင် ကမ္ဘာပေါ်က နေရာအနှံ့အပြားမှာ ပေါ်လာတဲ့ သတ္တုပြား လျှို့ဝှက်ဆန်းကြယ်မှု အကြောင်းကို အဖြေရှာလိုစိတ် ဖြစ်လာပါလိမ့်မယ်။ အဖြေတွေကို လူတွေက ရယ်ကောင်းရယ်ကြမှာပါ။ ဒါမှမဟုတ်လည်း သတ္တုပြားကြီးအကြောင်းပဲ စဉ်းစားနေပြီး အာရုံလွှဲနိုင်ပါတယ်။

သတ္တုပြားတွေက ယူတာ့၊ ကယ်လီဖိုးနီယားနဲ့ ရိုမေးနီးယားနိုင်ငံမှာ ပေါ်ခဲ့တယ်။ နယူးယောက်စီးတီး၊ ဖာရတ်ဗီလီ မြို့လယ်မှာ ပေါ်လာတဲ့ သတ္တုပြားကတော့ ၃ ပေရှိပါတယ်။ အင်္ဂလန် ဝိုက်ကျွန်းငယ် ကမ်းခြေမှာလည်း တစ်ပြားပေါ်လာပါတယ်။ အဲဒီ သတ္တုပြားတွေက အကြောင်းတစ်စုံတစ်ရာကြောင့် ဖန်တီးထားတာ မဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။ ဥပဒေကြောင်းအရဆို တစ်ဦးတည်းပိုင်မြေပေါ်မှာ ပိုင်နက်ကျူးကျော် ဖြစ်ပါတယ်။ နေရာတော်တော်များများမှာ ဆိုရင် အာဏာပိုင်တွေမသိဘဲနဲ့လည်း သတ္တုပြားတွေကို တပ်ဆင်တာက တရားမဝင်ပါဘူး။ ယူတာ့ပြည်နယ်က မြေဧကသန်းပေါင်းများစွာကို ဖက်ဒရယ်အရ အများပိုင်မြေဖြစ်တယ်။ အဲဒီမြေပေါ်မှာ ပြီးခဲ့တဲ့လက ၁၀ ပေမြင့်တဲ့ စတီးသတ္တုပြားတွေ့ခဲ့ရပါတယ်။ ယူတာ့သတ္တုပြားကို စိတ်ကူးဉာဏ်ကွန့်မြူးပြီး သတ္တုပြားဖန်တီးတဲ့ အတုခိုးသူတွေ ကမ္ဘာတစ်ဝန်းမှာ ပေါ်လာပါတယ်။ သတ္တုပြားတွေ ဖန်တီးတာက လေ့ကျင့်မှု မရှိထားရင် အန္တရာယ်များပါတယ်။ ကြီးမားပြီး မတည်ငြိမ်တဲ့ သတ္တုပြားတွေက အနီးတစ်ဝိုက်ကလူနဲ့ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ပေးနိုင်ပါတယ်။ အတုခိုးသူတွေက အချိန်ကုန်လွယ်ချင်ရင် အန္တရာယ်နည်းပါးပြီး တရားဝင်၊ ဈေးပေါ၊ လွယ်ကူတာကိုပဲ လုပ်သင့်တယ်။ (စာအုပ်တွေ၊ လမ်းလျှောက်တာ၊ သတ္တုပြားမပါတဲ့ စီမံကိန်းတစ်ခုခုပေါ့)

ဒါပေမဲ့လည်း လူတွေက သတ္တုပြားတွေကို ဆက်လုပ်နေကြတယ်။ ခင်ဗျားပိုင်တဲ့ ပစ္စည်းကတော့ ကိုယ်ပိုင်ပါပဲ။ အိမ်ရှေ့မြက်ခင်းပြင်မှာ အားလပ်ရက်ရာသီအတွက် သတ္တုပြားကို အလှဆင်မယ်ဆိုရင်တော့ တွေးစရာတွေရှိလာပါတယ်။

ပုံစံတူမော်ဒယ် သတ္တုပြားတွေ

လူတွေ ဘယ်လောက်များများက သတ္တုပြားတွေ ဆောက်နေကြသလဲဆိုတာ မသိပါဘူး။ အိမ်နောက်မှာ ခြံကျယ်ကျယ်ရှိပြီး အာရုံမနောက်တဲ့ အိမ်နီးချင်း၊ ခေါင်မြင့်တဲ့ အခန်းရှိရင် သတ္တုပြားအသေးစားလောက်ပဲ ဆောက်မယ့် ရည်မှန်းချက်ထားလို့ရပါမယ်။ သတ္တုပြားအကြောင်းကို ညစာစားရင်း လျှို့ဝှက်ဆန်းကြယ်စရာ ကိစ္စအဖြစ်လည်း အပျင်းပြောပြောလို့ရမယ်။

သတင်းမှာ တွေ့ရတဲ့ သတ္တုပြားတွေက စိန်ခေါ်မှုမြင့်မားတဲ့ မြေပေါ်မှာ ဆောက်ထားတာပါ။ ယူတာ့ သတ္တုပြား တွေ့ပြီးနောက် မြေယာစီမံခန့်ခွဲရေးဗျူရိုက “အများပိုင်မြေပေါ်က လာရောက်လည်ပတ်သူတွေအပေါ် သတိပေးချင်တာက အများပိုင်မြေကို သုံးတာ၊ နေရာချဲ့ထွင်တာ ဒါမှမဟုတ် ကိုယ်ပိုင်မြေလုပ်တာ ဒါမှမဟုတ် အခွင့်အာဏာမရှိဘဲ ရင်းမြစ်ဖန်တီးတာတွေက တရားမဝင်ဘူး” ဆိုတာပြောထားပါတယ်။

သတ္တုပြားတစ်ခု တည်ဆောက်မှုက သတ္တုပြားကို ပြန်ဖြုတ်ဖို့ ဖိတ်ခေါ်နေပါတယ်။ အာဏာပိုင်တွေက မဖယ်ရှားရင် သာမန်ပြည်သူအချင်းချင်းကပဲ ဖယ်လိုက်တာပါ။ ဆန်ဒီရေဂိုမြို့က ပါကင်မှာ တွေ့ရတဲ့ သတ္တုပြား၊ ကယ်လီဖိုးနီးယား အာတာစကာဒီရိုတောင်က သတ္တုပြားနဲ့ ရိုမေးနီးယား လွင်ပြင်မှာ တွေ့ရတဲ့ သတ္တုပြားတွေဟာ မကြာခင်မှာပဲ ဖယ်ရှားခံရပါတယ်။

ယူတာ့က သတ္တုပြား

ယူတာ့သတ္တုပြားကတော့ စတီးစစ်စစ်ဖြစ်ပြီး မြေပေါ်မှာ မြဲအောင် စိုက်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သတ္တုပြား ပြင်ပပုံစံ အထပ်သားအောက်ခံနဲ့ ဖန်တီးထားပုံရပါတယ်။ ညဘက်ကြီး လူ ၄ ယောက်က သတ္တုပြားကို လာစိုက်သွားတဲ့ ဗီဒီယိုလည်း ထွက်လာပါတယ်။

“သူတို့ သတ္တုပြား တည်ဆောက်ပုံနဲ့ ဒီဇိုင်းက ရှင်းလင်းပြတ်သားတယ်” လို့ နယူးယောက် ပြဇာတ်နဲ့ ပွဲဒီဇိုင်းကုမ္ပဏီ ARDA စတူဒီယိုတည်ထောင်သူ အန်နီတာလာစကာလာက ပြောထားပါတယ်။

သတ္တုပြားတွေက ဆိုဒ်စုံရှိပြီး သတ္တုကို စိုက်တာ၊ ဂဟေဆော်တာ ဒါမှမဟုတ် ကွေးတာလည်း လုပ်နိုင်တယ်လို့ ARDA ရဲ့အခြားတည်ထောသူနဲ့ ဒီဇိုင်နာ ရော့ဘီဆင်းဂါးကပြောထားပါတယ်။

“အရွယ်အစားက အဲ့လောက် မထူးဆန်းပါဘူး” မစ္စတာဘီဆင်းဂါးကပြောတယ်။ “ခင်ဗျားလည်း မှာလို့ရတယ်။ သဲကန္တာရထဲ သတ္တုပြားဆောက်မလို့လားလို့ ဘယ်သူမှ မမေးဘူး”

အတွင်းဘက် အောက်ခံကတော့ လိုင်းတွေအတိုင်း အထပ်သား ဒါမှမဟုတ် အရာဝတ္ထုတစ်မျိုးနဲ့ လုပ်ရပါမယ်။ လိုင်းတွေကိုတော့ လက်ကိုင်လွှ ဒါမှမဟုတ် စက်လွှနဲ့ တြိဂံပုံစံ ဖြတ်ပေးရပါမယ်။ ရည်မှန်းချက် ပိုကြီးတဲ့ သတ္တုပြားဆောက်သူတွေကတော့ အောက်ခံဘောင်လုပ်ဖို့ ကွန်ပျူတာနဲ့ ထိန်းချုပ်လို့ရတဲ့ CNC ဖြတ်စက်ကို အသုံးပြုနိုင်တယ်လို့ မစ္စလာစကာလာက ပြောပါတယ်။ သတ္တုအစွန်းတွေ ချွန်မနေစေဖို့ water jet စက်နဲ့ panel ပြားအဖြစ် ဖြတ်ပေးလို့ရပါတယ်။ သတ္တုပြားဘရိတ်ကတော့ သတ္တုကို ကွေးပေးနိုင်ပေမယ့် အရမ်းကြီးတဲ့ သတ္တုကိုတော့ မကွေးပေးနိုင်ပါဘူး။

အကျအန ဆောက်ထားတဲ့ သတ္တုပြားကို ဂျစ်ကား ဒါမှမဟုတတ် အငှားထရပ်ကားနဲ့လည်း အလွယ်တကူ တင်လို့ရတယ်လို့ မစ္စတာဘီဆင်းဂါးက ပြောပါတယ်။ သတ္တုပြားကို မြေမှာ စိုက်နေစေဖို့ ဆိုရင်တော့ အောက်ခြေကို ကွန်ကရစ်လောင်းတာ ဒါမှမဟုတ် သတ္တုကွန်ကရစ်လောင်းတာမျိုး လုပ်လို့ရတယ်လို့ ဒီဇိုင်နာတွေက ပြောပါတယ်။ မစ္စတာဘီဆင်းဂါး ပြောပုံအရဆိုရင် သတ္တုပြားဆောက်သူတွေက မြေတူးပြီး အောက်ခြေမှာ သဲအိတ် ဒါမှမဟုတ် ကွန်ကရစ်မဆလာ လောင်းထားနိုင်တယ်။ “စာတိုက်ပုံး ဆင်သလိုမျိုးပေါ့”

ဆော့လိတ်စီးတီးက အနုပညာရှင် ဒန်တွန်းကတော့ ယူတာ့သတ္တုပြား ဓာတ်ပုံတွေအရ ဖန်တီးသူတွေဟာ ကျောက်တုံးကို ဖြတ်ဖို့ လွှအမာစားသုံးပြီး သစ်သား ဒါမှမဟုတ် သတ္တုအောက်ခံဘောင်တပ်ထား၊ သတ္တုပြားကို တပ်ခဲ့တာလို့ ပြောပါတယ်။ “သပ်သပ်ရပ်ရပ်နဲ့ အလွန် ကျွမ်းကျင်မှုနဲ့ လုပ်သွားတာပါ” သူက ဆက်ပြောတယ်။ “အရမ်းကျွမ်းကျင်သူ တစ်ယောက်ယောက်လုပ်သွားတာပဲ”

သတ္တုပြား တည်ဆောက်မှုက အရမ်းဈေးမကြီးပါဘူး။ ဈေးအသက်သာဆုံး သတ္တုပြားကတော့ ဒေါ်လာ ၂၀၀ ကနေ ၃၀၀ လောက်ပဲ ကျမယ်လို့ Trinity တက္ကသိုလ်က သဘာဝဒီဇိုင်း ပရော်ဖက်ဆာ စကော့နီးလ်ပြောပါတယ်။
အလယ်အလတ်တန်း ကျွမ်းကျင်မှုရှိတဲ့ တစ်ယောက်ယောက်က ဇာတ်ရုံက အဆင်အပြင်အလုပ်ရုံနဲ့ ဂိုထောင်ထဲမှာတင် သတ္တုဖြတ်စက် ဒါမှမဟုတ် ဂဟေဆော်တာတွေနဲ့ သတ္တုပြားတွေ ဖန်တီးလို့ရတယ်လို့ ပြောပါတယ်။
ဈေးနှုန်း မြင့်မားတဲ့ သတ္တုပြားတွေကတော့ ဒေါ်လာ ၁,၀၀၀ ဒါမှမဟုတ် ၂,၀၀၀ လောက် ကျသင့်မယ်လို့ သူက ပြောပါတယ်။

ဈေးကြီးတဲ့ သတ္တုပြားများ

ယူတာ့စတိုင် သတ္တုပြား ပိုခိုင်မာအောင် လုပ်နည်းကို အထူးပြုလုပ်ချက် အနုပညာရှင် ဂျေမီဟိုင်းမန်းက ပြောပြခဲ့ပါတယ်။ ဂျေမီဟိုင်းမန်းက “Mythbusters” အတွက် အစီအစဉ်မှူး ပြုလုပ်ခဲ့ပါတယ်။ သတ္တုပြားတည်ဆောက်သူက သတ္တုပြားကို ခိုင်အောင်လုပ်ထားတဲ့ အောက်ခံသသစ်သားပြားကို epoxy နဲ့သုတ်ထားပြီး သတ္တုပြားကို ပိုမိုလုံခြုံဖို့ နာရီအနည်းငယ်အကြာ အလေးချိန်ဒဏ်နဲ့ အခြားဘုတ်ပြားကို ဖိထားပါတယ်။

ပိုခိုင်မာတဲ့ သတ္တုပြားမှာ သတ္တုအထူသားကို အသုံးပြုထားပြီး တြိဂပုံစံ ထောင့်ထဲ ထည့်ထားပြီး panel ၃ ခုလုံးကို တွဲထားနိုင်ပါတယ်။ အဲဒီလိုမျိုး သတ္တုပြားက အနားစောင့်ဖော်တာနဲ့ ထောင့်စေ့စေဖို့ ပြုလုပ်ချိန်ကြာမြင့်ပါတယ်။ ဒါပေမဲ့ တစ်ရက်၊ နှစ်ရက်အတွင်း အပြီးသတ်နိုင်ပါတယ်။“တချို့ စက်ရုံ၊ အလုပ်ရုံတွေမှာ ပစ္စည်းတွေ အစုံအလင်ရှိပြီး တပ်ဆင်လိုက်ရုံပါပဲ” သူကပြောပါတယ်။ “ဒါက ရိုးရှင်းတဲ့ လုပ်ငန်းတစ်ရပ်ပါပဲ”

သူက သတ္တုပြားနဲ့ပတ်သက်ပြီး သတိထားရမယ့် အသေးစိတ်ကိုလည်း ပြောခဲ့တယ်။ ပါးတဲ့ သတ္တုတွေက သတ္တုပြားကို ပုံပျက်သွားအောင် လုပ်နိုင်ပြီး သတ္တုပုံမပျက်အောင် စကူဆွဲပေးဖို့လိုပါတယ်။ ကတ်ထူပြားက သတ္တုပြားကို ရွေ့လျားတဲ့အခါ အစင်းရာမထင်အောင် ကာကွယ်ပေးနိုင်ပြီး ကြိုးနဲ့လည်း ဆွဲနိုင်ပါတယ်။ အောက်ခြေက သံကွန်ကရစ်ထဲ လွန်နဲ့ဖောက်ပြီး မြေကြီးထဲမှာ စိုက်ထားလို့ရပါတယ်။

သတ္တုပြားမျိုးစုံထုံးမီးစံကျသမားတွေအတွက် monolith ဆိုတာက ဘလောက်တုံးကို ဆိုလိုတာ ဖြစ်တယ်။ ဘလောက်တုံးကို မော်ကွန်းကျောက်တိုင် ဒါမှမဟုတ် ကျောက်ပြားလို့ ကျောက်တုံးနဲ့ ဖန်တီးရတယ်လို့ပဲ လက်ခံထားပါတယ်။ “2001: A Space Odyssey” ရုပ်ရှင် ထဲက ထောင့်မှန်စတုဂံပြာကြီးလိုပေါ့။ ဒါရိုက်တာ စတန်လေကူဘရစ်က ရုပ်ရှင်ထဲက ကျောက်ပြားကြီးကို ဖောက်ထွင်းမြင်နိုင်တဲ့ အရာအဖြစ် လိုချင်ခဲ့တာလို့ ကူဘရစ်အတ္ထုပ္ပတ္တိရေးသူနဲ့ ဟူစတန်တက္ကသိုလ်ပရော်ဖက်ဆာ ဒေးဗစ်မီကစ်က ပြောပါတယ်။

“သူက Lucite အကြီးစားကို မှာပါတယ်။ လုပ်ဖူးသမျှ အကြီးဆုံး Lucite အပြားကြီးကို မှာခဲ့တယ်” လို့ မစ္စတာမီကစ်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ အပြားကြီးရောက်လာတဲ့အခါ ဖောက်ထွင်းမြင်နိုင်တဲ့ ပုံစံ မဟုတ်တဲ့အတွက် ကူဘရစ် စိတ်ပျက်သွားပါတယ်။ ဒါနဲ့ သူက အနက်ရောင် ဆေးသုတ်ဖို့ နောက်ထပ် အပြားသစ်တွေကို ခဏ ခဏ မှာတယ်။ “ဒါကတော့ အလွန်မိုက်တဲ့ စိတ်ကူးပါ။ နက်နဲနေတဲ့ ချောက်အမှောင်ပုံစံမျိုးပေါ့” မစ္စတာမီကစ်က ပြောခဲ့ပါတယ်။
ကျောက်ပြားပုံစံ အတိုင်းအတာနဲ့ တူညီမှုရှိတဲ့အရာကိုတော့ monoliths လို့ပဲ ခေါ်ပါတယ်။ အနုပညာရှင် ဂျွန်မက်ကရန်ကန်က ဖိုင်ဘာမှန်ထည် ကာထားတဲ့ ထောင့်မှန်စတုဂံ အထပ်သားပြားတွေကို လုပ်ခဲ့ပြီး ဆေးတစ်ရောင်ပဲခြယ်ပြီး ပေါ်လစ်တိုက်ခဲ့တယ်။ ဒီနှစ်အတွင်းမှာ ဒေါ်လာ ၄၀၀,၀၀၀ နဲ့လေလံဆွဲသွားပါတယ်။ ဗြိတိန်က သဘာဝဒီဇိုင်းပညာရှင် မတ်ဒိုရေက အင်္ဂလန် ကမ်းခြေမှာ တွေ့ရတဲ့ အပြားက ဈေးမကြီးဘူးလို့ ပြောထားပါတယ်။ အဲဒီအပြားက သစ်သားပြားကို အလယ်မှာထားပြီး မှန်ထည်ကို စက်ရုံသုံးကော်နဲ့ ကပ်ထားတာလို့ ပြောထားပါတယ်။

လျှို့ဝှက်ဆန်းကြယ်မှု

သတ္တုပြားတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတယ်လို့ ဆိုထားတဲ့ အဖွဲ့ကတော့ ၂ ခုထက်မနည်း ရှိပါတယ်။ အာတာစကာဒီရိုက အနုပညာရှင် ၄ ဦးက ယူတာ့ သတ္တုပြားမျာ ပေါ်ပြီး ၂ ပတ်အကြာမှာ အလားတူ အနုပညာပစ္စည်းကို ဖန်တီးခဲ့တယ်လို့ ပြောထားပါတယ်။ နယူးမက္ကဆီကို စုပေါင်းလုပ်ငန်း Most Famous Artist ကလည်း တာဝန်ရှိတယ်လို့ ပြောထားပါသေးတယ်။

“သတ္တုပြားတွေကို ပညာရပ်နယ်ပယ်အသီးသီးက အနုပညာအသုံးဝင်က ဖြန့်ကြက် တည်ဆောက်ခဲ့တာလို့ အဖွဲ့ကပြောထားပါတယ်။ “အတုခိုးသူတွေ အများကြီးက ထွက်နေပါတယ်။ ကျွန်တော်တို့တွေက ကမ္ဘာလုံးဆိုင်ရာ အနုပညာဖြစ်စဉ်ကြီးထဲ လူတိုင်း ပါဝင်မှုအပေါ် အောင်ပွဲခံနေပါတယ်”

ဒါပေမဲ့ ကျောက်ပြားအများစုနဲ့ ပတ်သက်ပြီးတော့ မရှင်းမလင်းဘဲ ရှိနေပါသေးတယ်။ လေ့လာစောင့်ကြည့်သူတွေ လက်ခံတာကတော့ လူတွေက တစ်ခုခုလုပ်ချင်နေပြီး အတုခိုးသူတွေက သတ္တုပြားနောက်ကို လိုက်နေကြတယ်။

“ပွဲတော်တွေကလည်း မရှိတော့ဘူး။ ရုပ်ရှင်ရုံတွေလည်း ပိတ်ထားတယ်” လို့ မစ္စတာဒိုရေးကပြောတယ်။ “ဒီတော့ လူတိုင်းက အချိန်အားရနေကြတယ်လေ”

မစ္စတာဟိုင်းမန်းက အလားတူ သုံးသပ်မှုမျိုး လုပ်ခဲ့ပါတယ်။ “လူတိုင်းမှာ ဝါသနာတစ်ခုတော့ ရှိဖို့ လိုတယ်လေ”

-စိုးထက်
Ref: NYTimes

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««