ကမ္ဘာတစ်ဝန်းက ဝင်ငွေနည်းပါးတဲ့ သုံးစွဲသူတွေအပေါ် ဖုန်းကုမ္ပဏီတွေက ဘယ်လို အမြတ်ထုတ်နေသလဲ

တစ်ကိုယ်ရေ အချက်အလက် လုံခြုံရေးအကြောင်း ပြောမယ်ဆိုရင် လူ့အဖွဲ့အစည်းထဲက အချမ်းသာဆုံးနဲ့ အဆင်းရဲဆုံးလူတွေအကြား အမြဲတမ်း ကွဲပြာခြားနားမှု ရှိနေမယ်။ ချမ်းသာသူတွေက အိပ်ခန်းများစွာပါဝင်တဲ့ နေအိမ်တွေမှာ ဇိမ်ကျကျနေနိုင်ပြီး ကျူးကျော်တွေကို မောင်းထုတ်ဖို့ ထိပ်တန်းလုံခြုံရေးစနစ်တွေအတွက် ငွေပေးချေနိုင်ပါတယ်။ လူ့အဖွဲ့အစည်းထဲက အဆင်းရဲဆုံးသူတွေကတော့ တစ်ကိုယ်ရေလုံခြုံရေး အာမခံချက် အနည်းငယ်နဲ့ အခြားသူတွေနဲ့အတူ နေရာလွတ်မှာ ဝေမျှနေထိုင်ရုံကလွဲပြီး အခြားရွေးချယ်စရာမရှိပါဘူး။

ဒါပေမဲ့ အင်တာနက်အသုံးပြုမှု မြင့်တက်လာတဲ့ ခေတ်မှာတော့ အချက်အလက် တစ်ကိုယ်ရေလုံခြုံရေး ပြဿနာကလည်း စိုးရိမ်ပူပန်စရာ ကိစ္စပါပဲ။ ကော်ပိုရေးရှင်းတွေက ဝက်ဘ်ဆိုက်တွေကို လက်ဝါးကြီးအုပ် ဆက်လက်လုပ်ကိုင်နေတာကြောင့် ဆင်းရဲ၊ ချမ်းသာကွာခြားမှုက ကြီးထွားနေပါတယ်။

ကြားဖူးနေကျ ဆိုရိုးတစ်ခုရှိပါတယ်။ အဲဒါကတော့ “ထုတ်ကုန်အတွက် ပိုက်ဆံမပေးနိုင်ရင် ခင်ဗျားကိုယ်တိုင်က ထုတ်ကုန်ပဲ” ဆိုတာပါ။ အင်တာနက်လိုမျိုးလူတွေကို ထုတ်ကုန်အဖြစ် အသွင်ပြောင်းလဲနိုင်တဲ့ အရာဆိုတာ မရှိပါဘူး။ ရလဒ်ကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲက အင်အားမရှိဆုံး လူတွေက အချက်အလက်တွေကို အခမဲ့ ပေးနေကြရတယ်။ သူတို့ကိုယ်တိုင် လိုလားစွာပေးချင်တာ မဟုတ်ဘဲ အခြားရွေးချယ်စရာမရှိလို့ဘဲ ဖြစ်ပါတယ်။

ဝင်ငွေနည်းပါးတဲ့ သုံးစွဲသူတွေက လုံခြုံရေးအားနည်းချက်ရှိ တန်ဖိုးနည်းဖုန်းတွေကို အသုံးပြုကြ

လွန်ခဲ့တဲ့နှစ်အနည်းငယ်က အမေရိကန်အစိုးရ Apple ဖုန်းတွေမှာ back door တစ်ခု တည်ဆောက်ဖို့ ကုမ္ပဏီကို ဖိအားပေးခဲ့ပါတယ်။ Apple ကငြင်းဆန်ခဲ့တယ်။ ဒါပေမဲ့ တန်ဖိုးနည်းဖုန်း ထုတ်လုပ်သူအများစုကတော့ မတူညီတဲ့ နည်းလမ်းကို သုံးနေပါတယ်။

တန်ဖိုးနည်း စမတ်ဖုန်းအများစုကို ကြိုတင်သွင်းထားတဲ့ app များစွာ ထည့်သွင်းရောင်းချနေတယ်လို့ Privacy International စစ်တမ်းကဖော်ထုတ်ခဲ့ပါတယ်။ အဲဒီ app တွေထဲမှာ Pinoy (သတင်း၊ podcast တွေနဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်ပါဝင်တဲ့ app), Facebook Lite, AccuWeather (ရာသီဥတုခန့်မှန်းချက် app), GMobi နဲ့ Adups (လာမယ့်နှစ်အနည်းငယ်အတွင်း လုံခြုံရေးပေါက်ကြားမှုတွေမှာ ပါဝင်ခဲ့တဲ့ app ၂ ခု) တို့ ပါဝင်နေပါတယ်။

စစ်တမ်းထဲမှာ ပါဝင်ခဲ့တဲ့ ဖုန်းတွေထဲက တစ်ခုကတော့ myA2 စမတ်ဖုန်းဖြစ်ပါတယ်။ ဖိလစ်ပိုင်ဖုန်းအမှတ်တံဆိပ် MyPhone က ၂၀၁၇ ဒီဇင်ဘာလအတွင်း ဖြန့်ချိခဲ့ပါတယ်။ ဖုန်းမှာ ၄ လက်မ မျက်နှာပြင်၊ quad-core ပရိုဆက်ဆာနဲ့ 5MP ကင်မရာ, 3G ချိတ်ဆက်မှုနဲ့ Android 6.0 Marshmallow OS ကိုအသုံးပြုထားပါတယ်။ ဖိလစ်ပိုင်မှာ myA2 ဖုန်းကို ဒေါ်လာ ၃၀ (ပီဆို ၁,၄၉၉.၀၀) နဲ့ဝယ်ယူနိုင်တယ်။

ဖုန်းသုံးစွဲသူတွေအတွက် ရုတ်တရက် မသိသာတာက ဖုန်းမှာ install လုပ်ပြီးသား app တွေပါဝင်လာတယ်။ အဲဒီ app တွေကို bloatware လို့ လူသိများကြပါတယ်။ အဲဒီ bloatware ကို ဖုန်းထုတ်လုပ်သူက သွင်းထားတဲ့အတွက် သုံးစွဲသူတစ်ယောက်ဖုန်းက အထွေထွေ ခွင့်ပြုမှုထက် သိသာခြားနားတဲ့ စွက်ဖက်သုံးစွဲသူမှုတွေ ပေးထားတာ ဖြစ်ပါတယ်။ အဲဒီ app တွေကို Google Play Store မှာမရှိတဲ့အတွက် ဖုန်းကနေ update လုပ်တာ ဒါမှမဟုတ် ဖယ်ရှားတာ ပြုလုပ်လို့ မရပါဘူး။ တကယ်လို့ လုံခြုံရေးအားနည်းချက် ရှိလာခဲ့ရင် အချက်အလက်တွေ မပေါက်ကြားအောင် တားဆီးလို့ မရတော့ပါဘူး။

MyPhone myA2 ဖုန်းက app တွေကြိုတင်သွင်းထားတဲ့ တစ်ခုတည်းသော ဖုန်းမဟုတ်

၂၀၁၉ ခုနှစ် မေလအတွင်း ကောနယ်တက္ကသိုလ်က ဆိုင် ၂၀၀ ကျော်က sample ဖုန်းကို အသုံးပြုပြီး Android ထုတ်ကုန်ပေါ်က ကြိုတင်သွင်းထားတဲ့ app နဲ့ပတ်သက်တဲ့ စစ်တမ်းကို ပြုလုပ်ခဲ့တယ်။

Third-party ကုမ္ပဏီတွေက ဖုန်းပေါ်မှာ app တွေကြိုတင်သွင်းထားဖို့ Android ဖုန်းထုတ်လုပ်သူတွေဆီ ငွေကြေးပေးမှု မြင့်တက်လာတာ သုတေသီတွေ သတိထားမိလာတယ်။ အဲဒီ app တွေထဲမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ code ပါဝင်တယ်။ တန်ဖိုးနည်းဖုန်းမှာ အလားတူ code တွေပျံ့နှံ့နေတယ်။ “ခြုံပြောရရင် Android ရဲ့ open-source model ကထောက်ပံ့မှုကွင်းဆက်က ပွင့်လင်းမြင်သာမှုမရှိပါဘူး။ အန္တရာယ်ဖြစ်စေနိုင်တဲ့ အမူအကျင့်တွေ ဖြစ်ပေါ်စေတယ်။ သုံးစွဲသူရဲ့ ခွင့်ပြုချက်နဲ့ သိရှိမှုမပါဘဲ အရေးပါတဲ့ အချက်အလက်နဲ့ ဝန်ဆောင်မှုတွေကို backdoor ကနေ အသုံးပြုတာတွေရှိတယ်” လို့ စစ်တမ်းမှာ နိဂုံးချုပ်ထားပါတယ်။

အခုကိစ္စနဲ့ ပတ်သက်ပြီး Android ကခေါင်းရှောင်လို့ မရပါဘူး။ MyPhone ကလည်း Android ခွင့်ပြုချက်ရ စီးပွားဖက်ဖြစ်တယ်။ အခြား Android ဖုန်းတွေလိုမျိုး စံသတ်မှတ်ချက်တူညီအောင် လုပ်သင့်တယ်။ ဖုန်းတွေပေါ်မှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ bloatware ကို third-party တွေ install ပြုလုပ်ခွင့်ပြုတာက အမှတ်တံဆိပ်တစ်ခုလုံးကို ပျက်စီးစေနိုင်တယ်။ အခုကိစ္စတွေမသိတဲ့ သုံးစွဲသူတွေကိုလည်း အန္တရာယ်ထဲ ပို့ဆောင်ရာရောက်ပါတယ်။

တစ်ဖက်မှာလည်း privacy အတွက် ငွေပေးချေသူကို ကုမ္ပဏီတွေက အမြတ်ထုတ်နေ

လုံးဝ လုံခြုံစိတ်ချရတဲ့ စမတ်ဖုန်းဆိုတာ မရှိပါဘူး။ ဒါပေမဲ့ အစကတည်းက အချက်အလက်နဲ့ အလဲအထပ်မလုပ်နိုင်မယ့် အရာကို ဝယ်ယူဖို့ တတ်နိုင်သူတွေရှိပါတယ်။ အဲဒီထုတ်ကုန်တွေက ဈေးနှုန်း မသေးပါဘူး။

Purism ကထုတ်တဲ့ Librem 5 မှာ GNU+ Linux ကိုအသုံးပြုထားတယ်။ မကြာသေးခင်က ရန်ပုံငွေရှာဖွေတဲ့ လှုံ့ဆော်မှုကနေ ရောင်းချထားပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၆၉၉ ဖြစ်ပါတယ်။ ဈေးကွက်ထဲက အခြားဖုန်းတွေနဲ့ မတူတာက ဖုန်းမှာ Android ဒါမှမဟုတ် iOS ကိုအသုံးမပြုထားပါဘူး။ Librem 5 မှာ PureOS လို့အမည်ရတဲ့ ၁၀၀ ရာခိုင်နှုန်း open software ဖြစ်ပါတယ်။ သုံးစွဲသူကို လွတ်လပ်ခွင့် အပြည့်အဝပေးထားတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း Free Software Foundation က Linux ကို တရားဝင်ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ Android ဒါမှမဟုတ် iOS ဖုန်းတွေနဲ့ မတူဘဲ update အကန့်အသတ်ရှိပါတယ်။ ထုတ်ကုန်အတွက် update တွေကို တစ်သက်တာ ထောက်ပံ့သွားမယ်လို့ Purism ကပြောထားပါတယ်။ Purism ရဲ့ Librem 5 ဖုန်းက ဈေးနှုန်းမြင့်မားပါတယ်။ myA2 ဖုန်းထက် ဈေးနှုန်း ၂၃ ဆမြင့်မားပါတယ်။

လူတွေက အချက်အလက်လုံခြုံရေးအပိုင်းကို ဂရုစိုက်မှုနည်းပါး

ကုမ္ပဏီတွေက အချက်အလက်လုံခြုံရေးထက် အမြတ်ငွေရရှိရေးကို ဂရုစိုက်တယ်။ သုံးစွဲသူအများစုက ဝန်ဆောင်မှုကို sign up လုပ်တဲ့အချိန်မှာ သဘောတူညီချက်ကို အနည်းငယ် အလေးထားပါတယ်။ သုံးစွဲသူတွေက တစ်ကိုယ်ရေအချက်အလက်တွေကို ပေးတာက ပုံမှန်ဖြစ်နေပါပြီ။

ပင်ဆယ်ဗေးနီးယားတက္ကသိုလ်က မီဒီယာ၊ မညီမျှမှုနဲ့ အပြောင်းအလဲစင်တာက ပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာ ဆယ်လ်ဖုန်းနဲ့ အင်တာနက်အသုံးပြုတဲ့ သုံးစွဲသူတွေပေါ် သက်ရောက်တဲ့ စိတ်ထားနဲ့ အမူအကျင့်အကြား တစ်ကိုယ်ရေအချက်အလက် ချိုးဖောက်မှုကို လက်ခံတဲ့အပိုင်းကို စစ်ဆေးထားပါတယ်။ “စစ်တမ်းပါဝင်သူအများအပြားက အချက်အလက်အလက် လုံခြုံမှု ဇာတ်လမ်းတွေ ဝေမျှမှုကို စွန့်လွှတ်ထားပါတယ်။ သုတေသီတွေက အွန်လိုင်းဝန်ဆောင်မှုနဲ့ platform နဲ့လဲလှယ်အသုံးပြုမှု အပိုင်းကို အခြေခံလူ့အခွင့်အရေးလို့ စဉ်းစားပါတယ်” လို့ စစ်တမ်းအနှစ်ချုပ်မှာ ဖော်ပြထားပါတယ်။

စစ်တမ်းမှာ ပါဝင်တဲ့ ရှောလို့အမည်ရတဲ့ လူတစ်ဦးက “တကယ်လို့ သူတို့က အချက်အလက်တွေ ရယူတယ်ဆိုရင် ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော်လည်း မရပ်တန့်နိုင်ဘူး။ ကျွန်တော့်မှာ ခိုးဖို့ ပိုက်ဆံလည်း မရှိပါဘူး။ တကယ်လို့ ဖြစ်လာရင် ကျွန်တော်ရင်ဆိုင်ဖြေရှင်းမယ်” လို့သုတေသီတွေကို ပြောခဲ့ပါတယ်။

တကိုယ်ရေလုံခြုံရေးနဲ့ ပတ်သက်ပြီး အစိုးရိမ်လွန်နေသလား

လူတချို့က ကျွန်တော်တို့ တစ်ကိုယ်ရေအချက်အလက် လုံခြုံရေးနဲ့ပတ်သက်ပြီး အစိုးရိမ်လွန်တယ်လို့ ငြင်းချက်ထုတ်တယ်။ တစ်ကိုယ်ရေအချက်အလက်အပေါ် စိတ်ဝင်စားတဲ့သူတွေ တစ်ယောက်မှ မရှိပါဘူး။ ဘဝတွေ သက်သောင့်သက်သာဖြစ်စေဖို့ တစ်ကိုယ်ရေလုံခြုံမှုတချို့ကို လျှော့ပေးသင့်တယ်လို့ ထင်ကြပါတယ်။ တိုက်ရိုက်ခြိမ်းခြောက်မှု မရှိတဲ့ အန္တရာယ်က ဂရုစိုက်ဖို့ ခက်ခဲနိုင်တယ်။

ဒါပေမဲ့ တစ်ကိုယ်ရေအချက်အလက်တွေကို ကျွန်တော်တို့ မလိုတဲ့ ထုတ်ကုန်တွေ ကြော်ငြာဖို့ ဆိုတာထက် ပိုမိုအသုံးပြုနေကြပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ ထုတ်ကုန်တွေအတွက် ငွေကြေးပိုမိုကောက်ခံတာ ဒါမှမဟုတ် စိတ်ဝင်စားမှုအခြေခံ ရှာဖွေမှုရလဒ်အမျိုးမျိုးကို ပြသပေးနိုင်ပါတယ်။ လူတွေနဲ့ အွန်လိုင်းမှာ ပြောတာတွေကို ခြေရာခံနိုင်ပြီး ဘယ်သူ့ကိုပြောလဲဆိုတာလဲ သိနိုင်ပါတယ်။

ကျွန်တော်တို့ဆီ အချက်အလက်တွေ စုဆောင်းတာက စက်တွေပါတယ်။ လူသားတွေကလည်း အဆုံးစွန်ထိ အချက်အလက်တွေကို အသုံးပြုနိုင်တယ်။ ကံမကောင်းစွာနဲ့ပဲ လူသားတချို့က အကျင့်ပျက်တဲ့စနစ်ထဲ ပါဝင်နေပါတယ်။ တစ်ကိုယ်ရေအချက်အလက်တွေ အလွဲသုံးစားပြုလုပ်မှု ဖြစ်ရပ်တွေ ခပ်ဝေးဝေးမှာ ရှိနေတာ မဟုတ်ပါဘူး။

တရုတ်အစိုးရက စမတ်ဖုန်းတွေ အသုံးပြုပြီး အဖိနှိပ်ခံ လူနည်းစုကို ခြေရာခံနေ

နှစ်ပေါင်းများစွာ တရုတ်နိုင်ငံမှာ ဝီဂါလူမျိုးစုကို ဖိနှိပ်မှုမြင့်တက်လာပါတယ်။ တရုတ်အစိုးရက ဝီဂါလူမျိုးတွေကို WeChat ကအပါအဝင် app တွေကနေ ခြေရာခံနေတာ ကာလကြာမြင့်ပြီ ဖြစ်ပါတယ်။ ဝီဂါလူမျိုးတွေရဲ့ လုပ်ဆောင်မှုနဲ့ တည်နေရာကို စစ်ဆေးဖို့ WeChat ကခွင့်ပြုပေးထားပါတယ်။

စောင့်ကြည့်ရေးနည်းပညာ ရလဒ်နဲ့ ဝီဂါအသိုက်အဝန်းထဲက နိုင်ငံသားတွေက သံသယရှိစရာကောင်းတဲ့ လုပ်ဆောင်ချက်တွေကြောင့် ခြေရာခံ၊ ဖမ်းဆီးထိန်းသိမ်းတာတွေ ရှိပါတယ်။ ပြီးတော့ ဖမ်းဆီးထားတဲ့ ဝီဂါတွေကို ပြန်လည်ပညာပေးရေး စခန်းထဲပေးပို့ပါတယ်။ အဲဒီမှာ အဓမ္မပြုကျင့်တာ၊ ဆေးပညာဆိုင်ရာစမ်းသပ်တာနဲ့ အတင်းအကျပ် ကိုယ်ဝန်ဖျက်ချတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိပါတယ်။

ကျွန်တော်တို့ရဲ့ အချက်အလက်တွေကို ကုမ္ပဏီတွေကို အသုံးပြုဖို့ ခွင့်ပြုတာက မမြင်ရတဲ့ အသေးအမွှားလေးကနေ ကြီးမားတဲ့ပြဿနာအထိ ဖြစ်စေပါတယ်။ အင်တာနက်မှာ ပြုလုပ်သမျှ ကျွန်တော်တို့ကို ပြန်လည်နာကျင်အောင် ပြုလုပ်နိုင်ပါတယ်။

ထုတ်ကုန်တွေ တစ်ကိုယ်ရေအချက်အလက် ပေါက်ကြားမှုက သုံးစွဲသူတွေ မမူတည်

ဖုန်းကုမ္ပဏီတွေက သုံးစွဲသူတွေကို ကာကွယ်ရမယ့် တာဝန်ရှိပါတယ်။ ငွေကြေးမရှိတာက အခြေခံလူ့အခွင့်အရေး ဆုံးရှုံးတယ်ဆိုတဲ့ အဓိပ္ပာယ် မရှိသင့်ပါဘူး။ ဖုန်းကုမ္ပဏီတွေက အချက်အလက်ကို ကာကွယ်ဖို့ ပျက်ကွက်မှုကို စစ်တမ်းများစွာက ဖော်ထုတ်ခဲ့ပါတယ်။ အထူးသဖြင့် cloud မှာ အချက်အလက်ပေါက်ကြားမှုတွေ ဖြစ်နေပါတယ်။ နိုင်ငံပေါင်းများစွာမှာ အခြေစိုက်နေတဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Microsoft လိုမျိုး ကုမ္ပဏီက အထွေထွေ အချက်အလက်ကာကွယ်မှု စည်းမျဉ်း (GDPR) ကို ချိုးဖောက်ထားပါတယ်။ ၂၀၁၈ ခုနှစ်က ဥရောပသမဂ္ဂက ပြဌာန်းခဲ့တဲ့ အချက်အလက်ဆိုင်ရာ ဥပဒေပဲဖြစ်ပါတယ်။

တကယ်လို့ ကုမ္ပဏီတွေက အခြေခံတာဝန်တွေ ပျက်ကွယ်တယ်ဆိုရင် အစိုးရက ကြားဝင်ပြီး အားနည်းတဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ဝင်ရောက်ဆောင်ရွက်ပေးရမယ့် တာဝန်ရှိပါတယ်။

စိုးထက်
Ref: Onezero.medium