ကမ္ဘာစက်ရုပ်စနစ် အမျိုးမျိုး တံခွန်စိုက်ပြိုင်ပွဲ

စတုတ္ထခေတ်ပြောင်း တော်လှန်ရေးလို့ သတ်မှတ်ပြောဆိုနေကြတဲ့ Industry 4.0 အတွက် နည်းပညာ (၉) မျိုးက ထောက်တိုင်များသဖွယ် အထောက်အပံ့ ပြုနေကြမှာ ဖြစ်တယ်။ တစ်နည်းဆိုရရင် ၂၁ ရာစုနှစ်အတွင်း တိုးတက် ဖြစ်ထွန်းမှုများအတွက် နည်းပညာ (၉) မျိုးကို အသုံးချခွင့် ရကြစေပါလိမ့်မယ်။ ထုထည်ပမာဏ ကြီးမားလှတဲ့ သတင်းအချက်အလက်များ ထားရှိစေကာ ဆန်းစစ်မှုများ ပြုလုပ်ခွင့်ရစေမယ့် နည်းပညာ (Big data and analytic)၊ ချဲ့ထွင်တွေ့ရှိနိုင်စေရေး နည်းပညာ (Augmented reality) ၊ သိုမှီးစနစ်ကြီးကို အမှီပြုကာ အင်တာနက်ကတစ်ဆင့် သတင်းအချက်အလက်များနဲ့ အသုံးချပရိုဂရမ်များကို အသုံးချခွင့်ပေးတဲ့ နည်းပညာ (The Cloud)၊ ကွန်ရက်လုံခြုံရေးဆိုင်ရာ နည်းပညာ (Cybersecurity)၊ အဖြည့်ပစ္စည်း ထုတ်လုပ်မှုဆိုင်ရာ နည်းပညာ (Additive manufacturing)၊ ကွန်ရက်ချိတ်ဆက်ထားတဲ့ စက်ကိရိယာများ အသုံးချကုန်ထုတ်လုပ်ရေး နည်းပညာ (Industrial Internet of Things)၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ် ချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ နည်းပညာ Horizontal and vertical system integration)၊ သဏ္ဌာန်သရုပ်ဖန်တီးအသုံးချ နည်းပညာ (Simulation) နဲ့ အလိုအလျောက်ရိုဘော့များနဲ့ လုပ်ကိုင်စေတဲ့ နည်းပညာ (Autonomous robots) စတာတို့ဖြစ်တယ်။

ဒီနည်းပညာ (၉) မျိုးကို ၂၁ ရာစုနှစ်ရဲ့ နည်းပညာအသီးအပွင့်များအဖြစ် သတ်မှတ်နိုင်ကြတယ်။ နည်းပညာများ ဖန်တီးရာမှာ အတက်ကြွဆုံး ပုဂ္ဂိုလ်များက လူငယ်များဖြစ်ခဲ့တယ်။ လူငယ်များနဲ့ ထိတွေ့မှု အလွယ်အကူဆုံး အခြေအနေရှိတဲ့ Autonomous robots နည်းပညာများကို တိုးတက်ဖွံ့ဖြိုး ရေး မျှော်မှန်းချက်နဲ့ ၁၉၉၉ ခုနှစ်မှာ International Robot Olympaid အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ကြတယ်။ အဖွဲ့အစည်းရဲ့ လှုပ်ရှားဆောင်ရွက်ရေးအဖြစ် ၂၀၀၄ ခုနှစ်မှာ ကမ္ဘာစက်ရုပ်စနစ် အမျိုးမျိုးတံခွန်စိုက် ပြိုင်ပွဲကြီးကို ပထမဆုံး စင်ကာပူနိုင်ငံမှာ ကျင်းပဖြစ်တယ်။ နိုင်ငံပေါင်း ၆၅ နိုင်ငံက အဖွဲ့ပေါင်း ၂၆၀၀၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်ကြတယ်။ ပြိုင်ပွဲအတွက် LEGO ကုမ္ပဏီ Lego Mindstorm ပစ္စည်းများကို အသုံးပြုစေတယ်။ တရုတ်၊ ဂျပန်၊ စင်ကာပူနဲ့ ကိုရီးယား နိုင်ငံတို့က စည်းရုံးဆောင်ရွက်ပေးတယ်။ ပထမဆုံး ကျင်းပဖြစ်ခဲ့တဲ့ WRO (World Robot Olympaid) ပွဲကို ဂျပန်၊ တရုတ်၊ ကိုရီးယား၊ တိုင်ဝမ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ရုရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ အသီးသီးက အဖွဲ့များ ပါဝင်ခဲ့တယ်။

WRO ပွဲမှာ ယှဉ်ပြိုင်ပါဝင်တဲ့ သူတွေကို အသက်အရွယ် (၆) နှစ်ကနေ (၂၅) နှစ်အထိ ခွင့်ပြုထားတယ်။ ပြိုင်ပွဲဝင်ဖို့ အမျိုးအစားအားဖြင့် ရိုးရိုးတန်း Regular Category၊ စိတ်ကြိုက်ပုံစံပြု Open Category၊ ဘောလုံးကန် ကစားစေတဲ့ WRO Football Category နဲ့ နည်းပညာကျောင်းသားအဆင့်ဝင် Advanced Robotics Challenge အမျိုးအစားများအဖြစ် (၄) မျိုး ဖိတ်ခေါ်ယူခဲ့တယ်။ ဒါ့အပြင် အသက်အရွယ်အလိုက် ယှဉ်ပြိုင်နိုင်ဖို့အတွက် လည်း (၆) နှစ်ကနေ (၁၃) နှစ်အတွက် Elementary (၁၃) နှစ်ကနေ (၁၆) နှစ်အတွက် Junior High နဲ့ ၁၆ နှစ်ကနေ ၂၅ နှစ်အထိကို Senior High ဆိုပြီး အုပ်စုခွဲခြား သတ်မှတ်ပေးတယ်။ ပြိုင်ပွဲဝင်နိုင်ရေးအတွက် TOE (Table of Eligibility) အချက်အလက်များနဲ့ ပြည့်စုံကြရမှာ ဖြစ်တယ်။

ပထမဆုံး WRO ပြိုင်ပွဲများကို စင်ကာပူနိုင်ငံမှာ ၂၀၀၄ ခုနှစ်ကကျင်းပခဲ့သလို ၂၀၀၅ ခုနှစ်အတွက် ထိုင်းနိုင်ငံ၊ ၂၀၀၆ ခုနှစ်အတွက် တရုတ်နိုင်ငံ၊ ၂၀၀၇ ခုနှစ်အတွက် တရုတ်တိုင်ပေ၊ ၂၀၀၈ ခုနှစ်အတွက် ဂျပန်နိုင်ငံ၊ ၂၀၀၉ ခုနှစ်အတွက် တောင်ကိုရီးယား၊ ၂၀၁၀ ခုနှစ်အတွက် ဖိလစ်ပိုင် နိုင်ငံ၊ ၂၀၁၁ ခုနှစ်အတွက် ယူအေအီးနိုင်ငံ၊ ၂၀၁၂ ခုနှစ်အတွက် မလေးရှားနိုင်ငံ၊ ၂၀၁၃ ခုနှစ်အတွက် အင်ဒိုနီးရှားနိုင်ငံ၊ ၂၀၁၄ ခု နှစ်အတွက် ရုရှားနိုင်ငံ၊ ၂၀၁၅ ခု နှစ်အတွက်ကွာတာနိုင်ငံ၊ ၂၀၁၆ ခုနှစ်အတွက် အိန္ဒိယနိုင်ငံ၊ ၂၀၁၇ ခုနှစ်အတွက် ကိုစကာရီကာနိုင်ငံ၊ ၂၀၁၈ ခုနှစ်အတွက် ထိုင်းနိုင်ငံတို့ မှာ ကျင်းပခဲ့ကြပြီး ၂၀၁၉ ခုနှစ် အတွက် WRO ကိုတော့ ဟန်ဂေရီ နိုင်ငံမှာ ကျင်းပတာ ဖြစ်တယ်။ ကျင်းပတဲ့ပွဲတိုင်းမှာလည်း Theme အနေနဲ့ ခေါင်းစဉ်များအဖြစ် အမည်းပေးလေ့ရှိတယ်။ ဥပမာအနေနဲ့ ပထမဆုံး ၂၀၀၄ ခုနှစ်ရဲ့ Theme က Robot in Sports လို့ ပေးခဲ့ပြီး နောက်ဆုံး ၂၀၁၈ ခုနှစ် ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ပွဲရဲ့ Theme က Food Matters ဖြစ်တယ်။ နိုဝင်ဘာ (၈) ရက်ကနေ (၁၀) ရက် အတွင်း ၂၀၁၉ ခုနှစ်အတွက် ဟန်ဂေရီနိုင်ငံမှာ ကျင်းပတဲ့ WRO-2019 ရဲ့ Theme ကတော့ Smat Cities ဖြစ်တယ်။

၂၀၁၉ ခုနှစ် WRO ပြိုင်ပွဲမှာ ထူးခြားမှုအနေနဲ့ WRO-Myanmar အဖွဲ့ ပထမဆုံး ပါဝင်ယှဉ်ပြိုင်တာကို တွေ့မြင်ကြရတယ်။ မြန်မာနိုင်ငံ ILBC ကျောင်း ကိုယ်စားပြု ကျောင်းသားလေးများက အဖွဲ့နှစ်ဖွဲ့ ဖွဲ့ကာ Senior Open အမျိုးအစားနဲ့ Senior Regular Category တို့မှာ ယှဉ်ပြိုင်ကြမှာဖြစ်တယ်။ အကြောင်းအရာဖော်ညွှန်းချက် Smart Cities ဆိုတဲ့ Theme ကို နောင်အနာဂတ်မြို့ကြီးများကို အထောက်အကူပြုစေမယ့် နည်းပညာသစ်များနဲ့ စိတ်ကူးသစ်များ အယူအဆသစ်များ ထွန်းပေါ်ရေးလို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။ ဟန်ဂေရီနိုင်ငံရှိ ဝန်ကြီးဌာနများ နိုင်ငံကိုယ်စားပြု အဖွဲ့အစည်းကြီးများက ဦးဆောင်ကျင်းပပေးတာ ဖြစ်တယ်။ မြန်မာနိုင်ငံက အဖွဲ့နှစ်ဖွဲ့ အပါအဝင် ကလေးသူ ငယ်လူရွယ်ပေါင်း ရ၀၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြပါလိမ့်မယ်။ ပုံမှန်အတိုင်း အမျိုးအစား (၄) မျိုးကို အသက်အရွယ်အုပ်စုလိုက် သတ်မှတ်ပါဝင်ကြစေတယ်။ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် Premium Partner (၂) ဦး Silver Partner (၄) ဦးတို့အပြင် ဟန်ဂေရီနိုင်ငံတွင်းက ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းပေါင်းစုံက ပံ့ပိုးဆောင်ရွက်ပေးကြတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့မှာလည်း ဒက်ချ်နိုင်ငံရဲ့ ဟမ်ဘဂ်မြို့ကြီးမှာ ကျင်းပမှာဖြစ်တယ်လို့လည်း မကြာသေးခင်က အတည်ပြုကြေငြာခဲ့တာ တွေ့ရတယ်။ မြန်မာနိုင်ငံက အဖွဲ့နှစ် ဖွဲ့အနေနဲ့ ပထမဆုံး အတွေ့အ ကြုံကို ဟန်ဂေရီမှာ ရယူပြီး နောင်လာမယ့် နှစ်ရဲ့ WRO-2020 မှာလည်း ဆက်လက်ချီတက် ကြိုးပမ်းသွားလိမ့်မယ်လို့ မျှော်မှန်း ထားကြတယ်။ လူငယ်တွေရဲ့ တီထွင်ကြံဆနိုင်စွမ်းများကို တူးဖော် မြှင့်တင်ပေးလေ့ရှိတဲ့ ကမ္ဘာစက်ရုပ်စနစ်အမျိုးမျိုးတံခွန်စိုက်ပြိုင်ပွဲကြီးများ နှစ်စဉ်ကျင်းပနိုင်ပါစေကြောင်း ဆုတောင်းပေးကြရမှာ ဖြစ်ပါတော့တယ်။

-ဦးသောင်းဝင်း(ပန်းချယ်ရီ)