ကမ္ဘာကြီးအပေါ် ပြောင်းလဲမှုအချို့ဖြစ်စေမည့် ဂရပ်ဖင်းသတ္တု အသုံးပြုနည်းပညာများ

ဂရပ်ဖင်း(Graphene) ဟူသည်မှာ ဓာတုအငွေ့များကို သတ္တုအောက်ခံလွှာပေါ်တွင် ကျရောက်စေသော Energy-Intensive ဖြစ်စဉ်ဖြင့် ဖန်တီးထားသည့် ဒြပ်သတ္တုပစ္စည်း တစ်ခုဖြစ်ပါသည်။ ထို့အပြင် ၎င်း၏ အသုံးဝင်ပုံမှာ အလွန်ပင် များပြားသောကြောင့် နယ်ပယ် အသီးသီးတွင် တွင်ကျယ်စွာ အသုံးပြုလာကြသည်ကို တွေ့ရှိရသည်။ ၎င်းသတ္တုသည် ကာဘွန်အက်တမ် အရွယ်အစားတစ်ခုမျှသာ ထူသော်လည်း စတီးလ်ထက်ပင် ပိုမိုမာကျောမှုရှိသည့်အပြင် ပျော့ပျောင်းကွေးညွှတ်နိုင် စွမ်းသည်လည်း မြင့်မားသည်။ ဂရပ်ဖင်းအပေါ် သုတေသနပြု လေ့လာတွေ့ရှိမှုသည် ၂၀၀၄ ခုနှစ် စတင်ခဲ့သည် ဆိုသော်လည်း နှစ်စဉ်နှစ်တိုင်းတွင် အဆိုပါသတ္တုအသုံးပြုမှုသည် ပိုမိုလာခဲ့ပြီဖြစ်သည်။

ရေဆိုးမှ ရေသန့်စနစ်ထုတ်ယူမှု

ဂရပ်ဖင်းသတ္တု၏ အသုံးဝင်ပုံကို လေ့လာကြည့်မည်ဆိုလျင် အခြားသော ပတ်ဝန်းကျင်နေရာဒေသမှ ရေဆိုးများမဆိုထားနှင့် ဆိပ်ကမ်းရှိ ရေဆိုးများကိုပင် အဆင့်တစ်ဆင့်တည်းဖြင့် သန့်စင်ပေးနိုင်သည့် Graphene အသုံးပြု ရေစစ်ကိရိယာကို သြစတြေးလျနိုင်ငံမှ သိပ္ပံပညာရှင်များက တီထွင်နိုင်ခဲ့ကြပါသည်။ ထိုတီထွင်ခဲ့သော နည်းပညာတွင် Commonwealth Scientific & Industrial Research Organisation – CSIRO အဖွဲ့အစည်းမှ အသစ်တီထွင်ထားသော Graphair ပစ္စည်းကို အသုံးပြုထားပေသည်။ ၎င်းတို့ အဖွဲ့အနေဖြင့် ရေစစ်ရန်အတွက် Graphair ကို ပြုလုပ်ရာတွင် ဈေးနှုန်းချိုသာသည့် အပြင် ပြန်လည်ပြည့်ဖြိုးမြဲ ပစ္စည်းတစ်မျိုးဖြစ်သော ပဲပုပ်ဆီဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ Graphene ရေစစ်ကိရိယာကို ပြုလုပ်ရန်အတွက် ရှေးဦးစွာ ဈေးကွက်တွင် ရရှိနိုင်သော ရေစစ်တစ်ခုရှိရမည် ဖြစ်သည်။ ထို့နောက် ၎င်းရေစစ်ကို ရေများဖြတ်၍ စီးဆင်းချိန်တွင် အညစ်အကြေးများကို ဟန့်တား နိုင်သည့် Microscopic Nano-Channel များပါရှိသော Graphair အလွှာပါးတစ်ခုဖြင့် ဖုံးအုပ်လိုက်ခြင်းဖြင့် အဆင့်မြင့်ရေစစ် ကိရိယာတစ်မျိုးကို ရရှိလာစေခြင်းဖြစ်သည်။ လက်တွေ့ စမ်းသပ်မှုများအရ အဆိုပါရေစစ်သည် ရေဆိုးရေညစ်အလွန် များပြားသော သြစတြေးလျနိုင်ငံ၊ Sydney
ဆိပ်ကမ်းရှိ ရေများကိုပင် တစ်ကြိမ် စစ်ထုတ်လိုက်ရုံဖြင့် သောက်သုံး၍ရသည်အထိ သန့်စင်နိုင်သည်ဟု ဆိုပါသည်။

ထို့အပြင် ယခင်တီထွင်ခဲ့ပြီးသော ရေစစ်ကိရိယာများဖြင့် ရေသန့်စင်ရာတွင် အချိန်ကြန့်ကြာခြင်းနှင့် အဆင့်များစွာ ဖြတ်သန်းရခြင်းတို့ ရှိမည်ဖြစ်သည်။ ယခုတီထွင်လိုက်သော နည်းပညာကို အသုံးပြုမည်ဆိုပါက အချိန်အနည်းငယ်အတွင်းတွင် အဆင့်တစ်ဆင့် တည်းဖြင့်ပင် ရေသန့်ကို ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် လိုအပ်သော ပစ္စည်းများအနေဖြင့် အပူစွမ်းအင်၊ Graphair၊ ရေစစ်အလွှာ ပါးနှင့် ရေပန့်အသေးတစ်ခုတို့သာ ဖြစ်သည်ဟု သုတေသနအဖွဲ့ ခေါင်းဆောင်ဖြစ်သူ Dong Han Seo က ပြောဆိုခဲ့သည်။ ဆက်လက်၍ သမားရိုးကျရေစစ် များတွင် အများဆုံးဖြစ်တတ်သော ပြဿနာတစ်ရပ်မှာ ရေစစ်အလွှာပါးပေါ်တွင် မလိုလားအပ်သော ပစ္စည်းများ အလွယ်တကူ ကပ်ငြိသည့်အတွက် ရေစစ်ထုတ်ရာတွင် နှေးကွေးခြင်းဖြစ် သည်။ ယခုတီထွင်ခဲ့သော ရေစစ်တွင်မူ အဆိုပါပြဿနာ လုံးဝမရှိသည့်အပြင် ၀.၆ စတုရန်း လက်မ အရွယ်အစားရှိသည့် ဂရပ်ဖင်းရေစစ် အလွှာပါးတစ်ခုသည် တစ်နေ့ လျှင် ရေလီတာဝက်ခန့်ကို စစ်ထုတ်ပေးနိုင်မည်ဟု ဆိုပါသည်။ ထို့အပြင် သုတေသီများအနေဖြင့် လာမည့်နှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ သွားရောက်ကာ အဆိုပါ Graphene ရေစစ်ဖြင့် ကွင်းဆင်း စမ်းသပ်မှုများကို ဆောင်ရွက်သွားမည့်အပြင် မြို့တွင်းရေပေးဝေစနစ်နှင့် ပင်လယ်ရေသန့်စင်ခြင်းတို့တွင် အသုံးပြုနိုင်ရန်နှင့် စက်မှုလုပ်ငန်းများမှ စွန့်ပစ်ရေများကို သန့်စင်နိုင်ရန်လည်း ရည်မှန်းထားသည်ဟုဆိုသည်။

လေထဲမှ စွမ်းအင်ထုတ်ယူ အသုံးပြုနိုင်မှု

ထို့အပြင် ဂရပ်ဖင်းကို ရှာဖွေတွေ့ရှိခဲ့သည့် နိုဗယ်ဆုရရှိခဲ့သူ တစ်ဦးဖြစ်သော မန်ချက်စတာတက္ကသိုလ်မှ သုတေသီတစ်ဦး ဖြစ်သူ Andre Geim နှင့် သူ၏အဖွဲ့များသည် လက်ကိုင်ဖုန်းများအတွက် လျှပ်စစ်စွမ်းအင်ကို အားသွင်းစရာမလိုဘဲ ထာဝရ အသုံးပြုနိုင်စေရန်အတွက် လေမှတစ်ဆင့် ဟိုက်ဒရိုဂျင်ကို ခွဲထုတ်ကာ အသုံးပြုနိုင်စေရန် ဆောင် ရွက်လျက် ရှိကြပေသည်။ Geim၏ အဖွဲ့အနေဖြင့် လေထဲတွင် ပါဝင်သော ဟိုက်ဒရိုဂျင်အက်တမ်ကို ကောင်းစွာစစ်ထုတ်နိုင်စွမ်းရှိသည်ကို ရှာဖွေတွေ့ရှိခဲ့သည့်အတွက် ထိုကဲ့သို့ဆောင် ရွက်နေခဲ့ကြခြင်းလည်း ဖြစ်သည်။ အဆိုပါအချက်သည် နောင်တစ်
ချိန်အနာဂတ်တွင် မော်တော်ယာဉ်များ၌ လျှပ်စစ်စွမ်းအင်ကို အသုံးပြုနေစရာ မလိုအပ်တော့ဘဲ လေထုကို အသုံးပြုကာ လောင်စာဆီအဖြစ် အသုံးချနိုင် လိမ့်မည်ဖြစ်သည်ဟုလည်း ခန့်မှန်းထားကြသည်။

ဓာတုဗေဒအာရုံခံမှုကို တားဆီးပိတ်ပင်နိုင်ခြင်း

ဂရပ်ဖင်း၏ ထူးခြားချက် တစ်ခုဖြစ်သည့် သိပ်သည်းနိုင်စွမ်း မြင့်မားခြင်းသည် အင်းဆက်ပိုးမွှားများ၏ ကိုက်ခဲမှုအန္တရာယ်ကိုလည်း ကာကွယ်နိုင်စွမ်းရှိ သည်ကို တွေ့ရှိခဲ့ရပြန်ပါသည်။ အာရုံခံနိုင်စွမ်းရည် မြင့်မားသည့်ခြင်သည်ပင်လျှင် ဂရပ်ဖင်းကပ်ထားသည့် အရေပြားကိုအာရုံခံနိုင် စွမ်းမရှိပေ။ ထိုသို့သောတွေ့ ရှိချက်သည် နောင်တစ်ချိန်တွင် အင်းဆက်ပိုးမွှားများ ကိုက်ခဲမှု အန္တရာယ်ကို ကာကွယ်နိုင်ရန်နှင့် အနံထွက်လိုခြင်းမရှိသော အခြေအနေများတွင် အသုံးချနိုင်မည်ဖြစ်သည်။ သို့သော် ယခုတွေ့ရှိချက်သည် အရေပြားအနေဖြင့် ခြောက်သွေ့နေသည့် အချိန်အတွက်သာ ဖြစ်သည့်အတွက် အရေပြား စိုစွတ်နေခဲ့လျှင် အသုံးပြုနိုင်မည့် ဂရပ်ဖင်းအခြေပြု တီထွင်မှုတစ်ခုကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်ဟု သိရှိရပေသည်။

အနာဂတ်၏ အီလက်ထရောနစ် ပစ္စည်းများတွင် အသုံးချနိုင်ခြင်း

အမေရိကန် ပြည်ထောင်စုတွင် ဆီလီကွန်ကို အဓိကထားကာ ကျွန်ုပ်တို့ အသုံးပြုနေသည့် အီလက်ထရောနစ် ပစ္စည်းများကို ထုတ်လုပ်သည့် တောင်ကြားတစ်ခု ရှိပေသည်။ အဆိုပါနေရာ ကို Silicon Valley ဟု တင်စား ခေါ်ဝေါ်လျက် ရှိကြသော်လည်း နောင်အနာဂတ်တွင် ဂရပ်ဖင်း၏ အသုံးဝင်မှုကြောင့် Graphene Valley ဟု ပြောင်းလဲ ခေါ်ဆို ရတော့မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အ သုံးပြုသည့် အီလက်ထရောနစ် ပစ္စည်းများတွင် အသုံးပြုသည့် ဆီလီကွန်ဖြင့် ပြုလုပ်ထားသော ထရန်စစ္စတာများကို အသေးငယ် ဆုံးပုံစံအချိုးအစားကို ပြောင်းလဲဆောင်ရွက်ခြင်းမှသာ ၎င်းတို့၏ စွမ်းဆောင်နိုင်မှုကို အမြင့်ဆုံး ရောက်ရှိနိုင်မည်ဖြစ်သည်။ သို့ သော်လည်း ယခုအခါ ဂရပ်ဖင်း၏ ပင်ကိုယ်အားဖြင့် အလွန်ပါးလွှာခြင်းကြောင့် ဆီလီကွန်နေရာတွင် အစားထိုးအသုံးပြုနိုင်တော့မည် ဖြစ်ပေသည်။ ထို့အပြင် မာကျောမှုအဆင့်သည်လည်း မြင့်မာခြင်းကြောင့် ကွေးညွှတ်ပျော့ပြောင်းသော ထိတွေ့မျက်နှာပြင် (Flexible Touch screens) များတွင် အသုံးပြုနိုင်မည်ဖြစ်ရာ ကျွန်ုပ်တို့စမတ် ဖုန်းများ၏ မျက်နှာပြင်များအနေဖြင့် မည်သည့်အခါမှ အက်ကွဲမှုရှိတော့မည် မဟုတ်ပေ။

အနီအောက်ရောင်ခြည်မြင်ကွင်းစနစ်

ဂရပ်ဖင်း အကျိုးကျေးဇူးကြောင့် မိမိတို့အနေဖြင့် သိပ္ပံရုပ်ရှင်များထဲမှ ဂြိုဟ်သားများ၏ မြင်ကွင်းမျိုးကဲ့သို့သော အနီအောက် ရောင်ခြည်ကမ္ဘာကို တွေ့မြင်နိုင်တော့မည် ဖြစ်သည်။ ၎င်းတီထွင်မှုကို မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သုတေသီများအနေဖြင့် Graphene Contact Lens ကို တီထွင်ထုတ်လုပ်ခဲ့ကျခြင်းဖြစ်ပြီး အဆိုပါကိရိယာသည် အနီအောက် ရောင်ခြည်ရောင် စဉ်လှိုင်းများကို တွေ့မြင်နိုင်မည်ဖြစ်သည်။ အကယ်၍ အဆိုပါ ကိရိယာကို အခြားသော ဝတ်ဆင်အသုံးပြုနိုင်သည့် အီလက်ထရောနစ် ပစ္စည်းများအတွင်း တပ်ဆင်အသုံးပြုနိုင်မည်ဆိုလျှင် ကျွန်ုပ်တို့၏ မြင်ကွင်းတွေ့မြင်မှုကိုတိုးချဲ့နိုင်တော့မည် ဖြစ်သည်။ ထိုအချက်သည် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ကို အခြားသော နည်းလမ်းတစ်ခုဖြင့် ထိတွေ့ဆက် ဆံနိုင်စေရန် ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။

ပိုမိုကောင်းမွန်သည့် ကျည်ကာ အင်္ကျီထုတ်လုပ်နိုင်မှု

များစွာပါးလွှာသော်လည်း စတီးလ်ထက်ပင် မာကျောမှု အဆင့်မြင့်မားသည့်အတွက် ဂရပ်ဖင်းသတ္တုကို ကျည်ကာစနစ်များအား အဆင့်မြှင့်တင်အသုံးပြုရန် ဆောင်ရွက်လျက်ရှိကြပါသည်။ သုတေသီတို့၏ လေ့လာတွေ့ရှိချက်အရ Kelvar ကျည်ကာစနစ်ထက် ပိုမိုခံနိုင်မှုရှိသည့်အပြင် ပိုမိုပေ့ါပါးမှုရှိသည့်အတွက် စစ်သည်များနှင့် တရားဥပဒေဆိုင်ရာ တပ်ဖွဲ့များတွင် လုံခြုံစိတ်ချစွာ ဝတ်ဆင်အသုံးပြု နိုင်မည်ဖြစ်သည်။ ထို့အပြင် ဝတ်ဆင်ရသည့် ကျည်ကာစနစ်သာမက ယာဉ်များနှင့် လူနေအိမ်များတွင် တပ်ဆင်အသုံးပြုနိုင်မည့် ကျည်ကာမှန်များအဖြစ်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ ဂရပ်ဖင်း၏ စွမ်းဆောင်နိုင်စွမ်းသည် သံချေးတက်ခြင်းမှ ကာကွယ်နိုင်စွမ်းရှိသည်ကိုလည်း လေ့လာတွေ့ရှိရသလို အလွန်ပါးလွှာသည့် အကျိုးကျေးဇူးနှင့် မာကျောမှုကြောင့် အနာဂတ် ကာလတွင် သုတေသနပြုရင်းမှ ပိုမိုတွေ့ရှိလာမည့် နည်းပညာ အသစ်များကြောင့် များစွာအသုံးတည့်လာလိမ့်မည်ဟု ခန့်မှန်းကြည့်နိုင်ပါသည်။

-ကျော်လင်း (အမိမြေ)