ကတ်စနစ်ဖြင့် ယာဥ်စီးခပေးချေသည့် ဝန်ဆောင်မှုကို ယာဥ်အစီးရေ ၅၉၇ စီးတွင် အသုံးပြုနိုင်မည်

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ယာဥ်လိုင်းများအနက် ယာဥ်အစီးရေ ၅၉၇ စီးတွင် ကတ်စနစ်ဖြင့် စီးနင်းနိုင်မှာဖြစ်ပြီး ယာဥ်လိုင်း အမှတ် ၄၃၊ ၆၂၊ ၇၂၊ ၈၇၊ ၈၈၊ ၈၉၊ ၉၆၊ ၁၂၊ ၁၄၊ ၂၅၊ ၃၀၊ ၃၈ တွေမှာ စတင် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ဇူလိုင် ၂၁ ရက်က Yangon Payment Services-YPS ဖေ့စ်ဘွတ်စာမျက်နှာမှ တစ်ဆင့် မိတ်ဆက်ခဲ့တဲ့ ကတ်စနစ်နဲ့ ယာဥ်စီးခပေးချေတဲ့ဝန်ဆောင်မှု (Yangon Payment Services-YPS) မိတ်ဆက်ပွဲကတစ်ဆင့် သိခဲ့ရတာ ဖြစ်ပါတယ်။

“ ရန်ကုန်မြို့ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုမှာ YBS ဟာ အလွန်အရေးကြီးပါတယ်။ အခက်အခဲဖြစ်နေတာ အဲဒီလို YBS တွေစီးနင်းလို့ ငွေပေးချေတဲ့အခါ ငွေစက္ကူတွေကို တိုက်ရိုက်ပေးချေရလို့ ငွေအကြွေဖြတ်ရတဲ့ပြဿနာကို ကြုံတွေ့ကြရပါတယ်။ အဲ့ဒီ အခက်အခဲကို ပြေလည်စေဖို့ ဒီ YPS စနစ်ကို ထူထောင်ခဲ့တာဖြစ်ပါတယ်။ ဘတ်စ်ကားစနစ်မှာ ကတ်နဲ့ အသုံးပြုခြင်းဟာ အခြေခံ ပြည်သူလူထုတွေ ကိုယ်တိုင်က ငွေကို ကတ်နဲ့ပေးချေတယ်ဆိုတဲ့ အခြေအနေတစ်ခုကို တိုးတက်လာတာ ဖြစ်သလို ဒါဟာ ရန်ကုန်မြို့ရဲ့ ပြုပြင်ပြောင်းလဲရေးကဏ္ဍမှာ အရေးကြီးတဲ့သမိုင်းမှတ်တိုင်တစ်ခု လည်း ဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောပါတယ်။

အဆိုပါ အွန်လိုင်းမိတ်ဆက်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ Asia Starmar Transport Intelligent Co.,Ltd မှ Deputy CEO ဖြစ်သူ Ms.Grace Li တို့က YPS ကတ်စတင် အသုံးပြုနိုင်ခြင်းနှင့်ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

YPS ကတ် တစ်ကတ်ရဲ့ တန်ဖိုးမှာ ငွေကျပ် ၂,၀၀၀ ဖြစ်ပြီး အနည်းဆုံးငွေကျပ် ၁,၀၀၀ မှ အများဆုံးငွေကျပ် ၅၀,၀၀၀ ထိ ငွေဖြည့်သွင်းထားနိုင်ပြီး ဇူလိုင် ၁၆ ရက်မှ သြဂုတ် ၁၅ ရက်အတွင်း ကနဦးငွေဖြည့်သည့်ပမာဏမှာ ငွေကျပ် ၅,၀၀၀ ဖြစ်ပါက YPS ကတ်တစ်ကတ် အခမဲ့ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ