ကတ်ဖြင့်ငွေပေးချေမှုစနစ် အဆင့်မြှင့်နေ

MPU ကတ်တွေနဲ့ ငွေပေးချေမှုစနစ်ကို အဆင့်မြှင့်တင်နေတယ်လို့ သိရပါတယ်။

Switching စနစ်ကို အဆင့်မြှင့်တင်ဆောင်ရွက်ထားပြီး ၂၀၁၈ ခုနှစ် နှစ်စပိုင်းမှာ အဲဒီစနစ်သစ်နဲ့ Myanmar Payment Union အဖွဲ့ဝင်ဘဏ်တွေမှာ အသုံးပြုနိုင်တော့မယ်လို့ MPU ရဲ့ စီအီးအို ဦး ဇော်လင်းထွဋ် ကပြောပါတယ်။ “၂၀၁၈ နှစ်စ ပိုင်းမှာ ဒီ Switch အသစ်နဲ့ အဖွဲ့ဘဏ်အချို့က Live တက်သွားပါလိမ့်မယ်၊ လက်ရှိပေးနေတဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ အေတီအမ်ငွေထုတ်၊ ပီအိုအက်စ် (Point of sale) မှာ ငွေပေးချေတာတွေ မကတော့ဘူး ကတ်တူကတ် (Card to Card)၊ အကောင့်တူအကောင့် (account to account) အကောင့်တူကတ် (account to card) လုပ်နိုင်အောင် ဗဟိုဘဏ်နဲ့ ညှိနှိုင်းပြီးဆောင်ရွက်မယ်” လို့သူကပြောပါတယ်။

အဲဒီလိုဆောင်ရွက်လိုက်ခြင်းအားဖြင့် ငွေပေးချေကတ် အသုံးပြုလိုသူတွေအနေနဲ့ တစ်ဘဏ်ချင်းစီရဲ့ ​ဝန်ဆောင်မှုကို သီးခြားအသုံးပြုစရာ မလိုတော့ဘဲ အဖွဲ့ဝင်ဘဏ်အားလုံးမှာ စနစ်တစ်မျိုးတည်းနဲ့ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ အာရှငွေပေးချေမှုကွန်ရက် (Asia Payment Network) သို့လည်း Myanmar Payment Union ဝင်ရောက်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလက နေစတင်ကာ လုပ်ဆောင်နေတာဖြစ်ပြီး အဲဒီလိုဝင်ရောက်ခြင်းအားဖြင့် နိုင်ငံတကာ ငွေပေးချေမှုအတွက် MPU အသုံးပြုပြီး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီကတ်တွေကို အသုံးပြုပြီး ကားလက်မှတ်အတွက် ငွေပေးချေတာ၊ ဟိုတယ်တည်းခိုခ ပေးချေတာတွေအတွက်လည်း အသုံးပြုနိုင်အောင် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

-ထွန်းထွန်း