ကင်မရာ အလိုအလျောက် လှည့်နိုင်သည့် N3 စမတ်ဖုန်းကို Oppo မိတ်ဆက်

Oppo-N3.jpg

Oppo သည် သုံးစွဲသူများ selfie ဓာတ်ပုံကောင်း များစွာကို ရိုက်ကူးနိုင်ရန်အတွက် ရှေ့ကင်မရာတွင် 16 megapixel အသုံးပြုထားသော N3 စမတ်ဖုန်းကို မိတ်ဆက်ခဲ့သည်။

N3 စမတ်ဖုန်းတွင် ပါဝင်သည့် 16 megapixel ဆုံလည် ကင်မရာသည် မော်တာဖြင့် အလိုအလျောက် ရွေ့လျားနိုင်ပြီး touchscreen ကို swipe ပြုလုပ်၍လည်း ထိန်းချုပ်နိုင်သည်။ ၎င်းစမတ်ဖုန်း နောက်ကျောရှိ လက်ဗွေစနစ် အာရုံခံစနစ်ကို swipe ပြုလုပ်၍ ကင်မရာကို ထိန်းချုပ်နိုင်သည့်အပြင် အဝေးထိန်း ခလုတ်ဖြင့် ထိန်းချုပ်နိုင်သည်။ N3 စမတ်ဖုန်းတွင် ပါဝင်သည့် feature အသစ်တစ်ခုမှာ စိတ်ဝင်စားဖွယ်ရာ ဓာတ်ပုံများကို ရိုက်ကူးရန် အလိုအလျောက် ကင်မရာ လှည့်နိုင်သည့် vertical panorama mode ပါဝင်လာသည်။ ထို့အပြင် Oppo သည် N3 စမတ်ဖုန်းတွင် VOOC အားသွင်းသည့် နည်းပညာ အသုံးပြုထား သောကြောင့် မိနစ် ၃၀ အတွင်း ၇၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်သည်။

N3 စမတ်ဖုန်းတွင် ၅.၅ လက်မ 1920×1080 TFT 403 ppi မျက်နှာပြင် အသုံးပြုထားပြီး 3,000 mAh ဘက်ထရီအပြင် Quad-core MSM897AA ပရိုဆက်ဆာ အသုံးပြုထားသည်။ အဆိုပါ N3 ဖုန်းကိုဒေါ်လာ ၆၄၉ ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

-စိုးထက်
(Ref: TechinAsia)