Home » 

Disney Infinity 3.0 Gold Edition

By: 

နေအောင်လတ် (mmgamers.com)

Disney Infinity 3.0 Gold Edition ဂိမ်းဟာ အရင်တုန်းက Skylanders ဂိမ်းတွေလိုမျိုး အရုပ်တွေဝယ်ပြီး ဂိမ်းအတွင်းဇာတ်ကောင်နဲ့ power-ups တွေကို သွင်းကာဆော့ရတဲ့ ပုံစံမဟုတ်တော့ဘဲ အခုဆိုရင် ဂိမ်းအတွင်းမှာ ဇာတ်ကောင်တွေနဲ့  playset story mode တွေ အကုန် unlock ဖြစ်ပြီးသားပုံစံနဲ့ ကစားနိုင်တဲ့ Action Adventure game သစ်ဖြစ်ပါတယ်။ အရင် Version 2.0 အထိတော့ Disney နဲ့ Pixar Animation ဇာတ်ကောင်တွေရော Marvel Super Heroes ပါဝင်ခဲ့ပြီး အခုဆိုရင်တော့ Lucasfilm ရဲ့ Star Wars ဇာတ်ကောင်တွေပါ တွဲဖက်ပါဝင်ထားတဲ့ဂိမ်းသစ်ဖြစ်ပါတယ်။ The Walt Disney Company အနေနဲ့ Marvel Entertainment ကို ၂၀၀၉ ခုနှစ်ကတည်းက ဒေါ်လာသန်း ၄,၆၀၀ ကျော်အကုန်အကျခံပြီး ဝယ်ယူခဲ့သလို Marvel နဲ့ပတ်သက်တဲ့ Live Action Movies, Series နဲ့ အခြား project ပေါင်းများစွာကို ဦးစီးခဲ့ပေမယ့် Marvel Heroes တွေ ပါဝင်တဲ့ major game release ကိုတော့ Disney Infinity 2.0 မှာမှဖြန့်ချိခဲ့ပါတယ်။ Lucasfilmနဲ့အတူ Star WarsFranchise ကိုလည်း Disney က ၂၀၁၂ ခုနှစ်မှာ ဒေါ်လာသန်း ၄,ဝဝဝ ကျော်နဲ့ ဝယ်ယူခဲ့ပြီးဖြစ်လို့ Star Wars ဇာတ်ကောင်တွေကို Disney Infinity 3.0 မှာ မြင်တွေ့နိုင်ပြီဖြစ်ပါတယ်။

Disney Infinity: 3.0 ဟာ Nintendo ရဲ့ Amiibo အရုပ်တွေနဲ့ SkylandersSpyro Adventure အရုပ်တွေလိုပဲ ဂိမ်းကစားဖို့အတွက် gameplay data တွေ သိမ်းဆည်းနိုင်တဲ့ Data အရုပ်ကလေးတွေနဲ့ Figure Portal ကို စတင်ရောင်းချခဲ့ပြီး အရုပ်တစ်ရုပ်ကို $15 ကနေ $20 ကြားပေးခဲ့ရပါတယ်။ ဒါပေမဲ့ အစောပိုင်းရောင်းအား အရမ်းကောင်းခဲ့ပြီး နောက်ပိုင်းမှာတော့ ဇာတ်ကောင် တစ်ခုချင်းစီရဲ့ရောင်းအားက သိပ်မမျှဘဲ အနာဂတ်အတွက်  စီးပွားရေးအရမ်းအရမ်းကြီး အလုပ်မဖြစ်တာ့ဘူးဆိုပြီး အရုပ်နဲ့ထည့်ကစားတဲ့ function သစ်တွေကို ရပ်တန့်ခဲ့ပါတယ်။ Developer တွေ အဆိုအရ Avengers တွေထဲမှာဆို တစ်ခြားဇာတ်ကောင်တွေရောင်းကောင်းခဲ့ပေမယ့် Hulk figure တွေ သန်းနဲ့ချီ ပိုပြီးထုတ်ထားလို့ warehouse တွေမှာ ပိုနေတာတွေ၊ Guardians of Galaxy set ထဲကဆို Yonduလို main character မဟုတ်တဲ့ ဇာတ်ကောင်တွေ ပိုနေတာတွေ အစရှိတဲ့ overstock issues တွေဖြစ်ခဲ့ပါတယ်။ ပထမ Disney Infinity တုန်းကတော့ Toy Story တို့၊ The Incredibles တို့လို ကာတွန်းဇာတ်ကောင်တွေကိုပဲ အသုံးနိုင်ပေမယ့် Ver.2.0 မှာတော့ Marvel Comics ရဲ့ Hulk, Spider-Man, Star Lord နဲ့ Iron Man လိုမျိုး Super heroes တွေ ပါဝင်လာပါတယ်။ 3.0 မှာတော့ Luke Skywalker, Boba Fett, Han Solo နဲ့ Darth Vader လို ဇာတ်ကောင်တွေကြောင့် လူကြီးပရိသတ်တွေကိုပါ ပိုမိုဆွဲဆောင်နိုင် လာပါတယ်။ Disney Infinity ဂိမ်းမှာ Play Set Mode နဲ့ Toy Box Mode ဆိုပြီး ပုံစံနှစ်မျိုးခွဲခြားထားမှာဖြစ်ပြီး အခု Version 3.0 မှာတော့ Star Wars ရုပ်ရှင်ဇာတ်ကားများ အပါအဝင် Star Wars Clone Wars နဲ့ Rebels လိုမျိုး ဇာတ်လမ်းတွဲတွေထဲမှ ဇာတ်ကောင်တွေရဲ့ character data တွေ အားလုံးကြိုပွင့်ပြီးသားမို့ စိတ်ကြိုက်ဇာတ်ကောင်နဲ့ levels တွေ ရွေးချယ်ကစားနိုင်ပါတယ်။

Version သစ်မှာ ဇာတ်ကောင်တွေရဲ့ Level Cap ကို ၂၀ အထိမြှင့်ပေးထားသလို Health နဲ့ Offensive, Defensive စွမ်းရည်တွေကို စိတ်ကြိုက်ပြု ပြင်ပြောင်းလဲနိုင်တဲ့ Skill Tree စနစ်လည်း ပါဝင်ထားသလို စွမ်းရည်သစ်တွေရွေးမည်ဆိုရင်လည်း Format ချပြီး ပြောင်းလဲနိုင်ပါတယ်။ မိုးပေါ်ပျံနိုင်တဲ့ အစွမ်းတွေရရှိထားပြီး အရင်ထက် လည်းမြေပုံတွေ ပိုကျယ်လာတာတွေ့ရပါတယ်။ ဇာတ်ကောင်အရုပ်တွေအပြင် မိမိ character  တွေကို health နဲ့ damage အစရှိတဲ့ status effect တွေ တိုးပွားစေနိုင်မယ့် power disc လို့ခေါ်တဲ့ accessory item function တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ Combat gameplay ပိုင်းကို အရမ်းအဆင့်မြင့်သွားစေပြီး button mashing gameplay ပုံစံမဖြစ်တော့အောင် Star Wars - the Force Unleashed game series ကလိုမျိုး Full Combo မျိုးစုံ၊ Combo အဆင့်ဆင့်ခွဲဖြာပြီး သုံးလို့ရတဲ့ကစားပုံမျိုးစုံကို မိတ်ဆက်ပေးထားပြီး Enslaved နဲ့ DmC (Devil may Cry) လို Action ဂိမ်းကောင်းတွေကိုရေးဆွဲပေးခဲ့တဲ့ developer Ninja Theory ကို combat gameplay ပိုင်းတွေမှာ အသုံးပြုထားပါတယ်။

Story Mode တွေအနေနဲ့ကတော့ Star Wars Episode II: Attack of the Clones အပြီး Clone Wars ကာတွန်း ဇာတ်လမ်းတွဲအချိန်မှာ ကစားနိုင်မယ့် Twilight of the Republic၊ မူလ Star Wars ဇာတ်လမ်းတွဲသုံးကားနေရာမှ Luke Skywalker နဲ့ Leia တို့အဖြစ် တိုက်ပွဲဝင်ရမယ့် Rise Against the Empire တို့အပြင် ၂၀၁၅ နှစ်ကုန်ပိုင်းက ရုံတင်ပြသခဲ့တဲ့ Star Wars Episode VII - The Force Awakens ရုပ်ရှင်အတွက် The Force Awakens ဇာတ်လမ်းလည်း ပါဝင်ထားပါတယ်။ အခြား Story mode အသစ်ကတော့ Walt Disney နဲ့ Pixar Animation Studio ရဲ့ Inside Out ထဲက levels တွေအတွင်းမှာ Joy, Anger နဲ့ Sadness လိုမျိုး ဇာတ်ကောင်လေးတွေနေရာက ကစားနိုင်တဲ့ playset story mode အသစ်ပဲဖြစ်ပါတယ်။ Marvel Super Heroes အရုပ်သစ်အဖြစ်ကတော့ Avengers - Age of Ultron ထဲက Iron Man - Hulk Buster Armor နဲ့ Ultron ဇာတ်ကောင်တွေ ထပ်ထည့်ပေးထားပါတယ်။

Disney Infinity 3.0 Gold Edition ဟာအရင် Version တွေလို အရုပ်တွေဝယ်စုပြီး ဂိမ်းနဲ့တွဲကစားလို့မရတော့လို့ အချို့ collector တွေ သိပ်သဘောမကျလောက်ပေမယ့် စုဖို့ထက်ပိုက်ဆံကုန်သက်သာပြီး level သစ်တွေ၊ ဇာတ်ကောင်သစ်တွေ ဂိမ်းထဲမှာ အသင့်ကစားလိုသူတွေအတွက်ကတော့ အများကြီးအဆင်ပြေသွားတဲ့ Action Adventure ဂိမ်းသစ်ဖြစ်တာတွေ့ရမှာပါ။

Tags: