Home » 

2017 Ford Shelby GT500

By: 

လင်းထက် (IA)

၁၉၆၂ ခုနှစ်မှာ ပထမမျိုးဆက် စတင်ထုတ်လုပ်ထားတဲ့ မော်ဒယ်ပါ။ Ford ရဲ့ မော်ဒယ်ဖြစ်ပြီး Mustang တန်းဝင်ပါ။ ဒါကိုမှ Shelby နဲ့ ထုတ်လုပ်လာပြီဆိုတော့ စွမ်းဆောင်ရည်ပိုင်း အထူး အဆင့်မြှင့်ထားပြီဆိုတာ သိသာ နေစေပါတယ်။ အခု မော်ဒယ်ကတော့တတိယမြောက်မျိုးဆက်အဖြစ် ၂၀၁၅ ခုနှစ်ကနေမှ စတင်ထုတ်လုပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ကိုယ်ထည်ပိုင်းကို Pony အမျိုးအစားလို့လည်းခေါ်သလို Muscle လို့လည်း သတ်မှတ်လို့ ရပါသေးတယ်။ အမေရိကန် ဒီဇိုင်းစစ်စစ်ပါ။ တခြားအခုကိုယ်ထည်၊ ရုပ်ထွက်မျိုးနဲ့ မော်ဒယ်ဆိုတာမရှိသလောက်ပါဘဲ။ ကိုယ်ထည်အကြမ်းခံနိုင်ရည် အားအကောင်းဆုံး၊ အရည်အသွေး စိတ်အချရဆုံး၊ ရုန်းကန်ပြေးနှုန်းအမြင့်ဆုံး မော်ဒယ်ပါ။ ဒါပေမဲ့ အားနည်းချက်ကတော့ ဆီစားများမယ်ဆိုတာပါပဲ။ ဟုတ်ပါပြီ၊ နှစ်ပေါင်း ၅၀ ကျော်ကြာအောင် ဈေးကွက်မှာ ရပ်တည်နိုင်ခဲ့တဲ့ မော်ဒယ်ကို လေ့လာရအောင်ပါ။

အားသာချက်

အဓိက အားသာချက်ကတော့ ကိုယ်ထည်ပိုင်း မာကျောမှုပဲ ဖြစ်ပါ တယ်။ အလေးချိန်လည်း စီးသလောက် အကောင်းဆုံး သံမဏိအထိုင်နဲ့ ဖန်တီးထားတာပါ။ တိုက်ခိုက်မှု စစ်ဆေးချက်တွေအရ ကိုယ်ထည်ရဲ့ မာကျောမှုက ပြိုင်ဘက်မရှိလောက်အောင် ကောင်းပါတယ်။ နောက်တစ်ချက်က စွမ်းဆောင် ရည် V8 အင်ဂျင်နဲ့ ရနိုင်တာပဲဖြစ်ပါတယ်။ စွမ်းအင်ထုတ်လုပ်မှုရော ရုန်းအားပါ အထူးကောင်းမွန်ပါတယ်။ ပြီးတော့ လက်ကိုင်ပိုင်း၊ စိတ်ကြိုက်တွေ့စရာပါ။ ပတ်လမ်းမောင်း ပြိုင်ကား မော်ဒယ်မဟုတ်ဘဲ တကယ်ကို တည်ငြိမ်တဲ့ လက်ကိုင်စနစ်ကို တွေ့ရပါတယ်။ အထူးသဖြင့် မြန်နှုန်းမြင့် မောင်းနှင်ချိန် လမ်းကွေ့ ၄၅ ဒီဂရီချိုးတွေကို အကောင်း ဆုံး ကွေ့ချိုးနိုင်တာ တွေ့ရပါ တယ်။ နောက်ထပ်ထူးခြားတာကတော့ နည်းပညာထည့်သွင်းမှုထက် အတွင်းခန်း အပြင်အဆင်က ဇိမ်ခံမော်ဒယ်တွေလို ပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်။

အားနည်းချက်

ကိုယ်ထည်ပိုင်းက နှစ်ယောက်စီး Coupe ပုံစံ တံခါးနှစ် ပေါက်စနစ်နဲ့ဖြစ်လို့ နောက်ဘက် ခရီးသည်ခန်းက အတက်၊ အဆင်း နည်းနည်းခက်သွားစေ သလိုမော်ဒယ်ကို နှစ်ယောက်စီးပုံစံ ဦးစား ပေးဖန်တီးထားမှုကနောက်ဘက် ခရီးသည်ခန်းကို ကျဉ်းနေစေပါတယ်။ ပြီးတော့ ဆီစားနှုန်းနည်းနည်းများချင်တာလည်း တွေ့ရပါတယ်။ ဒါက စွမ်းဆောင်ရည်မြင့် ကားဈေးကွက်မှာ ဥရောပ မော်ဒယ်တွေထက် လူကြိုက်နည်းသွားစေနိုင်မယ့်အချက် ဖြစ်လာပါတယ်။

အင်ဂျင်ပိုင်း

မော်ဒယ်ကို အင်ဂျင်စနစ် တစ်မျိုးတည်းပဲ ထုတ်လုပ်ထားတာတွေ့ရပါတယ်။ ၅.၂ လီတာသုံး  V8 အင်ဂျင်ဖြစ်ပြီးတော့ Pony တန်းဝင်ထဲမှာတော့ တပ်ဆင် အင်ဂျင်အကြီးဆုံး ဖြစ်ပါတယ်။ ဒီစနစ်ကရုန်းအား ၄၂၉ ပေါင်-ပေမှာ စွမ်းအင်ထွက်ရှိမှုကမြင်းကောင်ရေ ၅၂၆ ကောင်အား ဖြစ်ပါတယ်။ ဒါကအကြီးစားဝန်တင် လူစီး Pick-up Truck မော်ဒယ်တွေမှာတောင် တွေ့ရခဲတဲ့ အင်ဂျင်စွမ်းဆောင်ရည်မျိုးပါ။ ဝန်တင်ဖို့မရှိတဲ့အတွက် ရုန်းအားကိုလျှော့ပြီး စွမ်းအင်ထွက်ရှိမှုပို ကောင်းအောင် ဖန်တီးထားတာ တွေ့ရပါတယ်။ မော်ဒယ်ရဲ့အစဉ်အလာတိုင်း ဂီယာစနစ်က Manual နဲ့ပဲထုတ်လုပ်ထားပြီး တကယ့်ကားမောင်းနှင်မှုအရသာ စစ်စစ်လိုချင်သူတွေ အတွက်အကောင်းဆုံး ဖန်တီးထားတာ ဖြစ်ပါတယ်။

ကိုယ်ထည်ပိုင်း

မော်ဒယ်ကို အပြင်ဘက် အရောင်အနေနဲ့ ၈ ရောင်ပဲ ထုတ်လုပ်ထားပါတယ်။ အထူးသဖြင့် ပေါ်လွင်သိသာတဲ့ အရောင်တွေဖြစ်တဲ့ အနီ၊ လိမ္မော်၊ အ၀ါနဲ့ အပြာတွေ ဖြစ်ပါတယ်။ အတွင်းခန်းကတော့ သားရေဦးစားပေး ပုံစံနဲ့ မီးခိုးရောင်တစ်ခုတည်းကို အပြင်အဆင် ၃ မျိုး ရွေးနိုင်မှာပါ။ ကားကအနေတော်အရွယ် ကိုယ်ထည်တန်းဝင်ဖြစ်ပြီး အလျား ၁၅ ပေနဲ့ ၈.၃ လက်မ၊ မျက်နှာစာ အကျယ် ၆ ပေနဲ့ ၃.၉ လက်မ၊ အမြင့် ၄ ပေ နဲ့ ၆.၂ လက်မပဲရှိပါတယ်။ နောက်ဘက် ခရီးသည်ခန်းဟာ ကုမ္ပဏီရဲ့ထုတ်လုပ်မှုအတိုင်းသာဆိုရင် အိတ်ထည့်ဖို့လောက်ပဲဖန်တီးထားတာပါ။  ရှေ့ဘက် ခရီးသည်ခန်းကတော့ ၅၆.၃ လက်မ ကျယ်ဝန်းပါတယ်။ ရှေ့ဘက်ထိုင်ခုံတွေက Sport ကားတွေရဲ့ ထိုင်ခုံဒီဇိုင်း၊ နည်းပညာနဲ့ ဖန်တီးထားတာတွေ့ရပါတယ်။

မောင်းနှင်နိုင်မှု

မော်ဒယ်အနေနဲ့ တကယ်ဆိုရင် ဘီးစုံယက်စနစ်နဲ့ဖြစ်ဖို့ သင့်ပေမယ့် နောက်ဘီးယက်စနစ်နဲ့ ဖန်တီးထားပါတယ်။ သူကဂီယာ ချက် ၆ ချက်ကို Manaul နဲ့ သွားပြီး အမြန်နှုန်းမြှင့်တင်မောင်း နှင်နိုင်မှုက တစ်နာရီ ကီလို ၁၀၀ နှုန်းအတွက်ဆိုရင် အချိန် ၅ စက္ကန့် ဝန်းကျင်ပဲယူပါလိမ့်မယ်။ ပျမ်းမျှ ဆီတစ်ဂါလံကို ၁၆ မိုင်လောက် စီးနင်းနိုင်မှာဖြစ်ပြီး သူ့ရဲ့အင်ဂျင်အရွယ်နဲ့ စာရင်တော့ များတယ်လို့မဆိုသာပါဘူး။ ဒါပေမဲ့ နောက်ပိုင်းထုတ်  ဥရောပ မော်ဒယ်တွေက စွမ်းဆောင်ရည်ကောင်းပြီး အခုထက် အင်ဂျင်စနစ်လည်းသေးသလို ဆီစားလည်း ချိုသာနေတာပါ။ ကားတစ်စီးလုံးရဲ့အလေးချိန် က ၃၇၆၀ ပေါင်ပေရှိပြီး တစ်နာရီ မိုင် ၆၀ နှုန်းကနေရပ်တန့်မယ်ဆိုရင် အကွာအဝေးပေ ၁၀၀ မှာ တင်ရပ်မှာပါ။ ဒါက အကောင်းဆုံး ဘရိတ်စွမ်းဆောင်ရည်တွေထဲက တစ်ခုပါ။

သုံးသပ်ချက်

ဈေးနှုန်းသင့်တယ်ဆိုတဲ့မော်ဒယ်တစ်ခုပါ။ အစီးရေအများအပြား ထုတ်လုပ်ရောင်းချမှုမရှိတာက ကားစုဆောင်းတတ်သူတွေအတွက် စိတ်ဝင်စားစရာပါ။ သမိုင်း ကြောင်းကောင်းတဲ့မော်ဒယ်၊ အခုချိန်ထိအောင် Manual တစ်မျိုးတည်းနဲ့ ကားမောင်းနှင်မှုအရသာ စစ်စစ်ကိုပဲပေးနိုင်အောင် ဖန်တီးထားတဲ့မော်ဒယ်။ အင်ဂျင်အကြီးစားတပ်ဆင်ထားပြီး Exhaust ကနေ တည်ငြိမ်တဲ့အသံထွက် အကောင်းဆုံး ပေးနိုင်တဲ့မော်ဒယ်ပါ။ ဒီလောက်အရည်အသွေး၊ ဒီလောက် မော်ဒယ်ကောင်းတစ်ခုအတွက် ဆီစားနှုန်းက ထည့်စဉ်းစားစရာမလိုတော့ပါဘူး။ ရာစုနှစ်ကုန်ချိန်ထိအောင် စိတ်ချလက် ချစီးနင်းနိုင်မယ့် နောက်ရာစုနှစ်ထဲအထိ  ဆက်လက်ရှင်သန်နေနိုင်မယ့် မော်ဒယ်ကောင်းလို့ ဆိုပါရစေ။

Ref: www.edmunds.com

Tags: