Home » 

Watch Dogs 2

By: 

နေအောင်လတ် (mmgamers.com)

Ubisoft ရဲ့ Montreal division အပါအဝင် နောက်ထပ် Ubisoft ဌာနလေးခုက development team တွေ ပူးပေါင်းပြီး ဖန်တီးထားတာဖြစ်သလို Watch Dogs 2 ဟာ E3 2012 မှာ စတင်မိတ်ဆက်ပေးခဲ့ကတည်းက စိတ်ဝင်စားသူပရိသတ်ပေါင်း အများအပြားရရှိခဲ့တဲ့ Watch Dogs ဂိမ်းရဲ့အဆက်ဖြစ်ပါတယ်။ ပထမ Watch Dogs တုန်းကတော့ ထွက်ရှိရက် Release date တွေခဏခဏပြောင်းခဲ့ပေမယ့် ၂၀၁၄ မေလကုန်ပိုင်းမှာထွတ်ရှိခဲ့ပါတယ်။ အခု WD2 ဂိမ်းကတော့ စတင်ကြော်ငြာကတည်းက စပြောထားတဲ့ထွက်ရှိရက်အတိုင်း ၂၀၁၆၊ နိုဝင်ဘာလမှာထွက်ရှိလာပါတယ်။ ပထမ WD တုန်းက အစောပိုင်း trailers တွေနဲ့ previews တွေမှာ gameplay graphics ပိုင်းတွေပိုကောင်းနေတာတွေ၊ တချို့ gameplay ပုံစံတွေ လွဲနေတာတွေရှိတတ်ပေမယ့် Ubisoft အနေနဲ့ Watch Dogs 2 မှာတော့ သူ့ရဲ့  gameplay preview တွေ၊ trailer တွေ အတိုင်းဖြစ်အောင် စီစဉ်နိုင်ခဲ့တာကိုတွေ့ရမှာပါ။

Open World နှင့် Action ဂိမ်းအမျိုးအစားဖြစ်တဲ့ Watch Dogs 2 ဂိမ်းရဲ့ဇာတ်လိုက်ကတော့ San Francisco မြို့တွင်းနေထိုင်သူ Marcus Holloway အနေနဲ့ မူလ Chicago မြို့မှာအသုံးပြုခဲ့တဲ့ တစ်မြို့လုံးကိုအချိန်ပြည့်စောင့်ကြည့်မှုအောက်မှာထားရှိထားတဲ့ ctOS (central Operating System) update version 2.0 ဟာ သူမကျူးလွန်တဲ့အမှုအတွက် မှားယွင်းစွာအလိုရှိသူတရားခံတစ်ယောက်အဖြစ်မှတ်ချက်ချခဲ့လို့ အပြစ်မဲ့ မြို့သူ၊ မြို့သားတွေလည်း သူ့လိုစွပ်စွဲခြင်းမခံရအောင် hacking အဖွဲ့ DedSec နဲ့ပေါင်းပြီး ctOS စနစ်ကိုဖျက်ဆီးရန်ကြိုးပမ်းပုံဇာတ်လမ်းဆင်ထားပါတယ်။ Watch Dogs 2 ဇာတ်လမ်းနေရာယူထားတဲ့ San Francisco မြို့ဟာ တစ်မြို့လုံးရဲ့မီးပွိုင့်တွေကနေ လုံခြုံရေးကင်မရာတွေ၊ မြို့သူမြို့သားအားလုံးရဲ့ပျမ်းမျှဝင်ငွေနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုပါ ထိန်းချုပ်သိမ်းဆည်းထားသော ctOS လို့ခေါ်တဲ့ central Operating System 2.0 ကိုအသုံးပြုထားတဲ့အတွက် hacker တစ်ယောက်ဖြစ်တဲ့ Marcus ဟာ DedSec အမည်ရ မြို့အတွင်းမှ အကျင့်ပျက်အာဏာပိုင်များနှင့် ဒုစရိုက်သမားခေါင်းဆောင်များ ကိုဖော်ထုတ်လိုသူ hacker အဖွဲ့ရဲ့အကူအညီနဲ့ hacking နည်းပညာမြင့်တွေပါဝင်တဲ့ Mobile Phone ကိုအသုံးပြုပြီး San Francisco တစ်မြို့လုံးရဲ့နည်းပညာတွေကို စိတ်ကြိုက်ထိန်းချုပ်နိုင်စွမ်းရရှိလာတာတွေ့ရမှာပါ။ Marcus ရဲ့ Mobile Phone အစွမ်းကြောင့် ရန်သူတွေစခန်းကိုဝင်ရောက်တိုက်ခိုက်တဲ့အခါမှာ Security Camera တွေကို hack ပြီးတော့ ရန်သူတွေဘယ်နေရာမှာရှိလည်းသိနိုင်မှာဖြစ်သလို ရဲတွေ၊ ရန်သူတွေဝိုင်းနေရင်လည်း ပတ်ဝန်းကျင်ပတ်ပတ်လည်ကို မီးဖျက်ပစ်နိုင်တဲ့ hacking အစွမ်းတွေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ပင်မနယ်မြေလေးခုအဖြစ် San Francisco, Oakland, Marin နဲ့ Silicon Valley တို့ပါဝင်ထားပြီး Watch Dogs 2 ရဲ့ level တည်ဆောက်ပုံတွေ၊ နောက်ခံရှုခင်းတွေ အများစုက GTA တို့၊ Sleeping Dogs တို့လို Open World ဂိမ်းတွေမှာ မြင်ဖူးနေကျ၊ ကစားဖူးတဲ့ပုံစံတွေဖြစ်ပေမယ့် hacking gameplay တွေကြောင့် mission တစ်ခုချင်းစီအပေါ် ချဉ်းကပ်ပုံတွေပြောင်းလဲသွားမှာဖြစ်သလို stealth ပုံစံနဲ့ရန်သူတွေမမြင်အောင်သွားမလား၊ ဒါမှမဟုတ် ဖောက်ခွဲရေးပစ္စည်းတွေကို hack ပြီး pistol နဲ့ machine gun လိုလက်နက်တွေနဲ့ ရန်သူတွေကိုထိပ်တိုက်ရင်ဆိုင်မလား၊ ကြိုက် ရာရွေးချယ်နိုင်မှာပါ။ ကားတွေကို hack မယ်ဆိုရင်လည်း ကိုယ်တိုင်ထိန်းချုပ်ချင်လား ဒါမှမဟုတ် အလုပ်လုပ်တာ ရပ်သွားအောင်လုပ်မလား စတဲ့ရွေးချယ်စရာအဆင့်ဆင့်ပါလာပါတယ်။ Driving mission တွေမှာဆိုရင်လည်း လမ်းပေါ်ကကားအားလုံးကို စိတ်ကြိုက်ရယူနိုင်ပြီး မီးပွိုင့်တွေ၊ လမ်းပိတ်တဲ့ traffic blocks တွေကို စိတ်ကြိုက်ထိန်းချုပ်နိုင်မှာမို့လို့ Split Second ဂိမ်းကို သတိရစေမှာပါ။ အရင်ဂိမ်းတုန်းကမပါခဲ့တဲ့ Drones တွေ၊ Remote controlled ကား တွေသုံးပြီး အဝေးကကစားရတဲ့အပိုင်းတွေကလည်း ဆော့လို့ကောင်းပါတယ်။

Ghost, Aggressor နဲ့ Trickster အမည်ရ update tree ပုံစံသုံးမျိုးကို ကစားသူရဲ့ stealth သို့မဟုတ် action အသားပေး စိတ်ကြိုက်ပုံစံအတိုင်းပြင်ဆင်နိုင်ပြီး အရင်ကထက်ပိုပြီးသွက်လက်တဲ့ parkour လှုပ်ရှားမှုတွေကိုလည်း အသုံးပြုနိုင်လာပါတယ်။ San Francisco မြို့သူမြို့သားတွေရဲ့ mobile phone မှတစ်ဆင့် အရေးကြီးအချက်အလက်တွေရရှိရုံသာမက စိတ်ကြိုက်ပြန်လည်ပြောင်းလဲနိုင်သလို Marcus အနေနဲ့ လူသတ်မှုတွေဖော်ထုတ်တာ၊ ဒုစရိုက်မှုတွေ မဖြစ်ခင်ကြိုတင် တားဆီးတာ အစရှိတဲ့ side missions တွေလည်းပါဝင်လို့ ကောင်းမွန်တဲ့လုပ်ဆောင်မှုတွေ ပိုလုပ်နိုင်ရင် ဂိမ်းအတွက်အရေးပါတဲ့ DedSec ရဲ့နောက်လိုက်သစ်တွေ ရရှိဦးမှာပါ။ နောက်ထပ်သဘောကျဖို့ကောင်းတဲ့ gameplay ပုံစံအသစ်ကတော့ 3D printer နဲ့ထုတ်ထားတဲ့ လက်နက်မျိုးစုံကိုအသုံးပြုနိုင်သလို ပုံစံကားတွေ၊ motorboat တွေသာမက cable cars, motorbikes နဲ့ quad bikes တွေကိုပါ မောင်းနှင်နိုင်လာပါတယ်။

Ubisoft ရဲ့ Watch Dogs 2 ဂိမ်းသစ်ဟာ မြင်တွေ့နေကျ Open World ဂိမ်းတွေရဲ့ပုံစံကနေကွဲထွက်ပြီး အသုံးပြုရတာရိုးရှင်းပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ hacking features တွေနဲ့ Action gameplay တွေကို မိတ်ဆက်ပေး ထားနိုင်တဲ့ဂိမ်းသစ်ဖြစ်ပြီး ပထမဂိမ်းကထက်ပို၍ hacking gameplay ပိုင်းတွေအားရဖို့ကောင်း လာတာတွေ့ရပါတယ်။

Tags: