Home » 

အမိုးဖွင့် ကားဈေးကွက်ကို ရောက်ရှိလာတဲ့ 2017 Audi A5 Convertible

By: 

လင်းထက် (IA)

မော်ဒယ်က ပုံမှန်ဆို အိမ်စီးမော်ဒယ်အဖြစ်လောက်နဲ့ပဲ ဈေးကွက်အတွက် ထုတ်လုပ်နေတာ ဖြစ်ပေမယ့် တဖြည်းဖြည်း ဈေးကွက် အောင်မြင်မှုက ဇိမ်ခံ မော်
ဒယ်အဖြစ်နဲ့ပါ ရနိုင်လာသလို လာမယ့် ၂၀၁၇ ခုနှစ်အတွက်ကိုလည်း အမိုးဖွင့် မော်ဒယ်အနေနဲ့ပါ ရနိုင်လာတော့မှာ ဖြစ်ပါတယ်။ ဒီတော့ အမိုးဖွင့်မော်ဒယ်တွေရဲ့ ထုံးစံအတိုင်း စွမ်းဆောင်ရည် ကောင်းမွန်အောင် ဖန်တီးလာရမယ့်အပြင် ဈေးကွက်မှာ ပြိုင်ဘက်တွေထက် အသာရဖို့ဆိုရင် ဈေးနှုန်းလည်း ချိုသာဖို့ လိုအပ်ပါလိမ့်မယ်။ အထူးသဖြင့်တော့ Audi အနေနဲ့ TT နဲ့ RS တွေလို မော်ဒယ်တွေကို ထုတ်လုပ်အောင်မြင်နေတာတစ်ခုက A5 ကို အကောင်းဆုံး မော်ဒယ်အဖြစ် ဖန်တီးလာနိုင်မယ် ဆိုတာ သေချာပေမယ့် ဈေးကွက်နေရာမှာတော့ ကိုယ့်ရဲ့ မော်ဒယ်တွေကို ကိုယ်ပြန်ပြီး ပြိုင်ဆိုင်ရမယ့် အနေအထားမျိုး ဖြစ်နေပါတယ်။ TT ဆိုရင် ဈေးနှုန်းသင့်တယ်၊ စွမ်းဆောင်ရည် သင့်တယ်၊ RS ဆိုရင် ဈေးလည်းမြင့်တယ်၊ စွမ်းဆောင်ရည်လည်း ကောင်းတယ်၊ ဒီအနေအထားမှာ A5 Convertible က ဘယ်လို မော်ဒယ်မျိုး ထုတ်လုပ်လာမှာပါလဲ။ စိတ်ဝင်စားစရာပါဗျာ။

အားသာချက်…

ကျွန်တော်အခု ပြောမှာက အမိုးဖွင့်မော်ဒယ် ဖြစ်ပေမယ့် တကယ်တမ်းကတော့ A5 ပါပဲ။ ဒီတော့ သူ့ရဲ့ ပထမဆုံး အားသာချက်က ကိုယ်ထည် အမျိုးအစား များစွာ ရွေးချယ်နိုင်မှု ဖြစ်လာပါတယ်။ ပုံမှန် ဆီဒင်မော်ဒယ်အနေနဲ့လည်း ရနိုင်သလို အခုလို အမိုးဖွင့်မော်ဒယ်နဲ့လည်း ရနိုင်တာဖြစ်ပါတယ်။ နောက်ပြီးတော့ အင်ဂျင်စနစ်အနေနဲ့လည်း အရွယ်မျိုးစုံထွက်ရှိတာ တွေ့ရသလိုရွေးချယ်နိုင်စရာ ၅ မျိုးလောက်ထိအောင်ရှိပြီး ဒီဇယ်အင်ဂျင် စနစ်နဲ့ပါ ရနိုင်ပါတယ်။ အခု အမိုးဖွင့် မော်ဒယ်မှာတော့ စွမ်းဆောင်ရည်မြှင့်ထားတဲ့ အင်ဂျင်စနစ်ကို ရနိုင်မှာပါ။ နောက်ဆုံး ပြောချင်တဲ့ အားသာချက်ကတော့ ဂီယာချက်ပိုင်းပါ၊ သွက်လက်တယ်၊ မြန်ဆန်တယ်၊ စွမ်းဆောင် ရည်မြှင့်တင်ပေးနိုင်မှု အထူးပဲ ကောင်းမွန်တာတွေ့ရပါတယ်။

အားနည်းချက်…

အမိုးဖွင့် မော်ဒယ်အနေနဲ့ ထွက်ရှိတာ မကြာသေးတဲ့ အနေအထားမှာ မော်ဒယ်က တခြား နှစ်ယောက်စီး မော်ဒယ်တွေလိုပဲ နောက်ဘက်ခန်းကို ကျယ်ဝန်းအောင် မဖန်တီးနိုင်သေးတာ တွေ့ရပါတယ်။ ရှေ့ဘက်ခန်း အဆင်ပြေပေမယ့် နောက်ဘက်ခန်းက ခရီးသည် လိုက်ပါဖို့အတွက်ကိုပဲ ကျဉ်းချင်နေတာ ဖြစ်ပါတယ်။ နောက်ဘက် ဝန်တင်ခန်းမှာတော့ ပုံမှန်အနေအထား အခန်းဖွဲ့ထား တာတွေ့ရပါတယ်။ နောက်ထပ် အားနည်းချက်အဖြစ် မြင်မိတာက အတွင်းခန်းမှာ တပ်ဆင် ပစ္စည်းတွေက တန်ကြေးသင့် အနေအထားနဲ့ ရောင်းနိုင်အောင် ဖန်တီးထားတာဖြစ်လို့ အကောင်းဆုံး အရည်အသွေးမျိုး မရှိတာဘဲ ဖြစ်ပါတယ်။

၂၀၁၇ မော်ဒယ်သစ်အကြောင်း တစေ့တစောင်း…

၂၀၁၈ ခုနှစ်မှာ A5 ရဲ့အိမ်စီး မော်ဒယ်တချို့ အနားပေးလာနိုင်တာကြောင့် အခုကတည်းက မော်ဒယ်ကို အစားထိုးထုတ်လုပ် မိတ်ဆက်လာပုံ ရပါတယ်။ လက်ရှိ အချိန်ထိအောင် စမ်းသပ်မောင်းနှင်မှုတွေအရ ဈေးကွက်က လက်ခံနိုင်မှု အကောင်းဆုံးဖြစ်မယ့် မော်ဒယ်လို့ ဆိုနေကြပါတယ်။ အရည် အသွေး၊ မောင်းနှင်ရမှု၊ စွမ်းဆောင်ရည်၊ ဈေးနှုန်း အားလုံးက လက်ခံနိုင်စရာပါ။ လက်ကိုင်ပိုင်း အထူး တည်ငြိမ်ကောင်းမွန်သလို လေးဘီးယက်စနစ်နဲ့ မော်ဒယ် ကိုပါ ရနိုင်တာကြောင့် စိတ်ကြိုက် ဖြစ်လာနိုင်ဖို့ များပါတယ်။ ဒါပေမဲ့ နည်းပညာမြင့် Touch စနစ်သုံး အပိုင်းတချို့မှာ လေးချင်တာ၊ အထိအတွေ့ အားနည်းချင် တာတွေကို ပြင်ဆင်ရဖို့တော့ ရှိနေသေးတာပါ။ ၂.၀ လီတာသုံး အင်ဂျင်စနစ်ထိအောင် ဆီစား နည်းနည်းနဲ့ ရနိုင်အောင် ဖန်တီးထားပေမယ့် ဥရောပထုတ်အမိုးဖွင့် မော်ဒယ်တစ်ခုအတွက်တော့ စွမ်းဆောင်ရည်ကောင်း မပြနိုင်လို့ တခြား အင်ဂျင်စနစ်ကို ရွေးချယ်ရဖို့ ရှိနေပါတယ်။ မီးကြီးစနစ်မှာ LED တစ်မျိုးတည်းကို အသုံးပြု ဖန်တီးလာပြီးအသံပိုင်းမှာ အထူးကောင်းမွန်အောင် Speaker ၁၄ လုံး ထည့်သွင်း ဖန်တီးထားတာ တွေ့ရပါတယ်။ Keyless စနစ်နဲ့လာပြီး အလိုအလျောက် မှန်သိမ်းစနစ်၊ ထိုင်ခုံ အပူပေးစနစ်၊ အလိုအလျောက် အမိုးဖွင့်၊ သိမ်းစနစ်တွေ ရနိုင်လာပါတယ်။

အင်ဂျင်ပိုင်း…

မော်ဒယ်မှာ အခြေခံ အင်ဂျင်အနေနဲ့ ၂.၀ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ကိုပဲ Turbo charged စနစ်နဲ့ တွဲဖက် တပ်ဆင်ထားတာဖြစ်ပြီး သူက ရုန်းအား ၂၁၃ ပေါင်-ပေမှာ မြင်းကောင်ရေ ၂၂၁ ကောင်အားထွက်ရှိမှာ ဖြစ်ပါတယ်။ မော်ဒယ်က စွမ်းဆောင်ရည် မြှင့်ထားပေမယ့် ကိုယ်ထည်ပိုင်း အလေး ချိန် လျှော့ထား တာကြောင့် မြန်နှုန်းမြင့် မောင်းနှင်မှုအတွက် ကန့်သတ်ချက်ပုံစံ အင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်အားကို တစ်မိနစ်အပတ်ရေ ၅၇၀၀ ထိအောင် ထိန်းထားတာ တွေ့ရပါတယ်။ အခြေခံ လည်ပတ်အား တစ်မိနစ်အပတ်ရေ ၃၇၀၀ က နည်းနည်းများနေတာကြောင့် ဆီစားနှုန်းကို နည်းနည်း များလာစေပါတယ်။

မောင်းနှင်နိုင်မှု …

မော်ဒယ်ကို နောက်ဘီးယက် စနစ်နဲ့လည်း ရနိုင်သလို ဘီးစုံ ယက်စနစ်နဲ့လည်း လာပါတယ်။ အမိုးဖွင့် မော်ဒယ် ဖြစ်တာကြောင့် လမ်းကြောင်း တည်ငြိမ်မှုကိုပါ ကူထိန်းပေးနိုင်မယ့် လေးဘီးယက်စနစ်နဲ့ မော်ဒယ်ကို ရွေးချယ်ဖို့ သင့်မှာပါ။ မော်ဒယ်ကဆီတစ်ဂါလံကို ပျမ်းမျှ ၂၈ မိုင် စီးနင်းနိုင်မှာပါ။ Auto တစ်မျိုးတည်းနဲ့ပဲ ဂီယာချက် ၇ ချက်သုံးနိုင်မှာ ဖြစ်ကာ နောက်ပိုင်းမှာ CVT နဲ့လာဖို့ ရှိတယ်လို့သိရပါတယ်။ Sport တန်းဝင်မဟုတ်ပေမယ့် Manual နဲ့လည်း ရွေးချယ်နိုင်စရာ ထုတ်လုပ်ဖို့တော့ လိုအပ်နေသေးတာပါ။ အမြန်နှုန်းမြှင့်တင်နိုင်မှု အပိုင်းမှာတော့ တစ်နာရီ မိုင် ၆၀ နှုန်းကိုအချိန် ၆.၃ စက္ကန့်နဲ့ ရောက်မှာဖြစ်ပြီး တန်းတူ မော်ဒယ်တွေထက် စွမ်းဆောင် ပိုမို ကောင်းမွန်နေတာ တွေ့ရပေမယ့် ကနဦးဈေးနှုန်း အနည်းငယ် မြင့်ချင်နေတာ တစ်ချက်က လူကြိုက်များ မှုကို အဟန့်အတား ဖြစ်နေစေ နိုင်တယ်လို့ ဈေးကွက်က သုံး သပ်နေကြပါတယ်။

Tags: