Home » 

Sony Xperia X Compat

By: 

ကိုသက်
Price : 529,000

အားသာချက်

Megapixel မြင့်မားတဲ့ နောက်ဘက် ကင်မရာကိုတပ်ဆင် အသုံးပြုပေးထားပြီး မှတ်ဉာဏ်ပိုင်းမှာလည်း သင့်တင့် ကောင်းမွန်တဲ့ဖုန်းပါ။ အချက်အလက် လုံခြုံရေးအတွက် Fingerprint စနစ်၊ အားသွင်းနှုန်း မြန်ဆန်တဲ့ Quick Charger 3.0 အစရှိတဲ့စနစ်တွေ ပါဝင်ပါတယ်။ ဖုန်းမှာအသုံးပြုထားတဲ့ CPU, Graphic GPU ပိုင်းတွေမှာလည်း ကောင်းမွန်တဲ့ဖုန်းပါ။ Triluminos display နဲ့ X-Reality Engine ဆိုတဲ့ စနစ်တွေကိုလည်း ဒီဖုန်းမှာ မြင်တွေ့ရမှာပါ။

အားနည်းချက်

Sim Card Adapter ဟာ ပျော့ ပျောင်းပြီး ပါးတဲ့ပလတ်စတစ်သားနဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက် Sim Card Adapter ကိုထုတ်သွင်း ပြုလုပ်တဲ့အချိန်မှာ အလွယ်တကူ ကျိုးပဲ့နိုင်ခြင်းကို ဂရုစိုက်ရ ပါလိမ့်မယ်။ ဒါ့အပြင် ပြည်တွင်း အသုံးပြု မြန်မာစာ အတွက်လည်း ဖုန်းမှာ တစ်ပါတည်း မပါဝင်တဲ့အတွက် ပြန်ထည့်ပြီးအသုံးပြုရမှာပါ။

ဒီဇိုင်း

ပုံစံဒီဇိုင်းကတော့ Sony ရဲ့ ပုံစံအတိုင်းပဲ အနားထောင့်လေးဖက်ဟာ ထောင့်ကျကျ ပုံစံမျိုး ရှိနေပါတယ်။ ဒါ့အပြင် အရွယ်အစားက လည်း သိပ်မကြီးမားဘဲ သေးငယ်တဲ့ အရွယ်အစားမျိုး ဖြစ်နေတာကို တွေ့ရမှာပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက် အမြင့် ၁၂.၉ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၆.၅ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၉၅ စင်တီမီတာ ဖြစ်တဲ့အတွက် အရွယ်အစား သိပ်မကြီးပေမယ့် ထုထည်ကတော့ အနည်းငယ်ထူပါတယ်။ ဖုန်းကိုယ်ထည်ကို အလွယ်တကူ ပွန်းရှခြင်းတွေကနေ ကာကွယ်နိုင်ဖို့အတွက် Oleophobic Coating နည်းပညာကို အသုံးပြုပေးထားပြီး Fingerprint ကို ဖုန်းရဲ့ ညာဖက်ဘေးဘောင်ပေါ်မှာ တပ်ပေးထားပါတယ်။ ဖုန်းကိုယ် ထည်တစ်ခုလုံးကတော့ ပလတ်စတစ် ကိုယ်ထည်ပါ။

မြင်ကွင်း

၎.၆ လက်မရှိတဲ့ IPS LCD Screen အမျိုးအစား ဖြစ်ပြီး Resolution ကတော့ 720 x 1280 pixels (~319 ppi pixel density) ထိရရှိနိုင်မှာပါ။

နည်းပညာ

ကင်မရာပိုင်းနဲ့ Screen ပိုင်းအရောင်အသွေးအတွက် color spectrum ဆိုတဲ့ Sensor နည်းပညာနဲ့  X-Reality Engine  နည်းပညာတွေကို ထိတွေ့ရမှာပါ။ စုံလင်တဲ့ဓာတ်ပုံ Effect တွေကို အသုံးပြုနိုင်ဖို့အတွက် ထည့်သွင်းပေးထားပြီး AR effect , Creative Effect, Sound Photo, Style Portrait, Timeshift Video အစရှိတဲ့ စနစ်တွေ ပါဝင်ပါတယ်။ Selfie စနစ်မှာလည်း ဗီဒီယိုစနစ်၊ AR Effect, Sound Photo အစရှိတဲ့ ကင်မရာ အသုံးပြုနည်းပညာတွေ စုံစုံလင်လင် ပါဝင်ပါတယ်။ ပါဝါအသုံးပြုခြင်းအတွက် Power Saving စနစ်ပါဝင်မှာဖြစ်ပြီး စိတ်ကြိုက်ထိန်းချုပ် အသုံးပြုနိုင်ပါလိမ့်မယ်။ ဖုန်းထဲမှာ အကောင့်တွေ ခွဲခြားအသုံးပြုနိုင်တဲ့ User ဆိုတဲ့ စနစ်ကိုလည်း ဒီဖုန်းမှာ မြင်တွေ့ရမှာပါ။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ လက်ရှိမိုဘိုင်း ဖုန်းဈေးကွက်ထဲမှာ အရွယ်အစားကြီးမားတဲ့ ဖုန်းတွေ အများအပြား ရှိလာချိန်မှာ သူက သေးငယ်တဲ့ အရွယ်အစားကို ထုတ်လုပ်ခဲ့တဲ့အပြင် ဈေးနှုန်းကလည်း မြင့်မားနေတဲ့အချက်က ပထမသတိထားမိ စရာပါပဲ။ နောက်ဘက်ကင်မရာဟာ Megapixel တော်တော် လေးမြင့်မားကောင်းမွန်ပါတယ်။ CPU နဲ့ ဂရပ်ဖစ် GPU ပိုင်းတွေမှာလည်း ကောင်းမွန်ပါတယ်။ Fingerprint ဟာဖုန်းရဲ့ ညာဘက် ဘေးဘောင်မှာ တပ်ဆင်ထားတာ ဖြစ်တဲ့အတွက် ညာသန်သမားတွေအတွက် အလိုက်သင့်ဖြစ်နေပေမယ့် ဖုန်းကို ဘယ်နဲ့ ကိုင်တဲ့သူတွေအတွက်တော့ Fingerprint က အလိုက်သင့်မဖြစ်ဘူးလို့ ခံစားရပါတယ်။ မြန်မာစာအတွက်လည်း ဖုန်းမှာတစ်ပါတည်း မပါတဲ့အတွက် ပြန်ထည့်ပြီး အသုံးပြုရပါလိမ့်မယ်။

Network    GSM - 2G/ 3G/ 4G
SIM           Single SIM (Nano Sim)
OS             Android OS, v6.0.1
CPU           Hexa-core (4x1.4 GHz Cortex-A53 & 2x1.8 GHz Cortex-A72)
GPU           Adreno 510
Memory     Internal 32GB, 3GB RAM, Micro SD 256GB
Camera     23 MP, f/2.0, 24mm, phase detection
                  autofocus, LED flash, 1/2.3" sensor size, geo-tagging, touch focus, face detection,
                 HDR, panorama, Video, Front 5 MP
Wi-Fi         802.11 a/b/g/n/ac, dual-band, Wi-Fi Direct, DLNA, hotspot
Bluetooth   v4.2, A2DP, aptX, LE
Battery       Li-Ion 2700 mAh Battery

သူတို့အမြင်

ကိုငြိမ်းချမ်း (စမ်းသပ်အသုံးပြုသူ)

ကြိုက်တာ အရင်ပြောဆိုရင်တော့ ကင်မရာ ကြိုက်တယ်လို့ပဲ ပြောရမယ်။ ပြီးတော့ ဖုန်းရဲ့ Specification တွေကိုကြည့်တဲ့အချိန် မှာဆိုရင်လည်း CPU, GPU တွေနဲ့ အရောင်အသွေးပိုင်းအတွက် လုပ်ပေးထားတဲ့ စနစ်တွေ၊ Sensor တွေကို သဘောကျပါတယ်။ ဒါပေမယ့် ဖုန်းကအရွယ်အစား သေးနေတဲ့အပြင် ဈေးနှုန်းနဲ့ ဖုန်းရဲ့ Memory ပိုင်းကို ချိန်ကြည့်လိုက်တော့ ဒီဈေးနဲ့ဆို 64GB လောက် မှပိုသုံးပျော်မယ်လို့ ခံစားရတယ်။ မြန်မာစာ မရသေးတာကလည်း သိပ်သဘောမကျဘူး။ Fingerprint က ဘေးဘောင်မှာ  လုပ်ထားတဲ့ အတွက် ဖုန်းကို ကိုင်ပြီး Fingerprint သုံးရတာ လက်နဲ့ အလိုက်သင့်ဖြစ်နေပေမယ့် ဘယ်လက်နဲ့ ကိုင်တဲ့အချိန်မှာတော့ ဒါက သိပ်အဆင် မပြေချင်သလိုပဲ။

ကိုချမ်းအေးအောင် (စမ်းသပ်အသုံးပြုသူ)

Xperia X Compact ကတော့ ကျွန်တော် မြင်သလောက်ဆိုရင် နောက်ဘက်  ကင်မရာက Megapixels တော်တော်လေး များနေပြီး ဓာတ်ပုံရိုက်တဲ့ အချိန်မှာလည်း အဆင်ပြေပါတယ်။ ကင်မရာနဲ့တွဲ ဖက်အသုံးပြုနိုင်တဲ့ Effect တွေကလည်း စုံစုံလင်လင်လေးရှိပါ တယ်။ ဒါပေမယ့် ဖုန်းရဲ့ အရွယ်အစားလေး နည်းနည်းသေးနေတာ ကတော့ ကျွန်တော်သိပ်သဘောမကျဘူး။ အနည်းဆုံး Screen က ၅.၅ လက်မလောက်ဆို ပိုကောင်းမယ်လို့ ထင်မိတယ်။ ၅.၅ ဒါမှမ ဟုတ် ၅.၂ လောက်ဆိုရင်လည်း လက်နဲ့ ကိုင်ရတာ အဆင်ပြေတဲ့ အရွယ်ပဲလေ။ ခုသူ့အရွယ်က နည်းနည်းသေးနေတယ်လို့ ခံစားရ တယ်။ ပြီးတော့ မြန်မာစာကလည်း ပြန်ထည့်ပြီး သုံးရမှာဆိုတော့ အဲဒါကို သိပ်သဘောမကျဘူး။ မြန်မာစာ ပြန်ထည့်သုံးရတဲ့ဖုန်းတွေ ဈေးကွက်ထဲမှာရှိပေမယ့် Sony က တစ်ခါတစ်လေ မြန်မာစာရဖို့ နည်းနည်းခက်တာမျိုးရှိတယ်။

မနွယ်နီထွန်း (စမ်းသပ်အသုံးပြုသူ)

ကင်မရာကိုတော့ သဘောကျတယ်။ Size လေးသေးနေတာကို တော့ သိပ်သဘောမကျဘူး။ အင်တာနက် သုံးတဲ့အချိန်နဲ့ ဂိမ်းက စားတဲ့အချိန်တွေဆို မြင်ကွင်းကျယ်ကျယ်လေးက ပိုကောင်းတယ် လေ။ ပြီးတော့ Fingerprint ကလည်း ဖုန်းရဲ့ ဘေးဘောင်ပေါ်မှာ ပါဝါခလုတ်နဲ့ တူတူတွဲထားကိုလည်း သိပ်မကြိုက်ဘူး။ ပြီးတော့ Fingerprint က ဘေးဘောင်မှာ တပ်ထားတဲ့အတွက် Size လေး သေးနေပြီး သုံးရတာ သိပ်အားမရဘူး။ မြန်မာစာ တစ်ခါတည်းမပါ တာက ပြန်ထည့်ပြီး သုံးလို့ ရတယ်လို့ ဆိုပေမယ့် Sony ဖုန်းတွေမှာ မြန်မာစာက တစ်ခါတစ်လေ ချက်ချင်းမရ သေးတာမျိုးတွေ ရှိတော့ အဲဒါကိုလည်း သိပ်သဘောမကျဘူး။ ကျန်တဲ့ CPU တွေ၊ ဂရပ်ဖစ် ပိုင်းတွေနဲ့ ကင်မရာတွေကိုတော့ သဘောကျပါတယ်။

ဒီဖုန်းမှာ ပါဝင်တဲ့ ကင်မရာတွေဟာ Megapixels မြင့်မားတဲ့ ကင်မရာဖြစ်တဲ့အပြင် ကင်မရာနဲ့အတူ တွဲဖက်အသုံးပြုနိုင်မယ့် စနစ်တွေကလည်း အများအပြား ပါဝင်တာတွေ့ရမှာပါ။ ကင်မရာ အသုံးပြု စနစ်တွေ ၂၀ ပါဝင်ပြီး အဲဒီစနစ်တွေထဲမှာတော့ အွန်လိုင်းအသုံးပြုပြီး Download ပြုလုပ်ရမယ့် စနစ်နဲ့ အင်တာနက် မလိုပဲ တိုက်ရိုက် Install ပြုလုပ်ပြီး အသုံးပြုရမယ့် စနစ်တွေကို ခွဲခြားပေးထားတာ တွေ့ရမှာပါ။

  

  

ဖုန်းထဲမှာ အကောင့်တွေခွဲခြားပြီး အသုံးပြုနိုင်မယ့် User ဆိုတဲ့စနစ်ကိုလည်း ဒီဖုန်းမှာ အသုံးပြုနိုင်ပါတယ်။

  

Display စနစ်ထဲမှာတော့ ဖုန်း Screen ရဲ့အရောင်ကို ကိုယ့်စိတ်ကြိုက် အရောင်တွေအဖြစ် ပြောင်းလဲချိန်ညှိ အသုံးပြုနိုင်တဲ့ White balance ဆိုတဲ့ စနစ်ပါဝင်ပါတယ်။ ဒါ့အပြင် Duble Tap စနစ်နဲ့ Screen ဖွင့်နိုင်မယ့် စနစ်လည်း ပါဝင်ပါတယ်။