Home » 

Vitz နဲ့အပြိုင် လူကြိုက်များနေတဲ့ Toyota Yaris Hatchback

By: 

လင်းထက် (IA)

မော်ဒယ်က Hatchback တန်းဝင် မော်ဒယ်ပါ။ ပြည်တွင်းမှာတော့ Vitz မော်ဒယ်ကပဲ ကိုယ်ထည်ပိုင်း သေးသေးနဲ့ လူကြိုက်များနေတာပါ။ ဒါပေမဲ့ နိုင်ငံ တကာ ဈေးကွက်မှာတော့ Yaris က ပိုပြီး ဆရာကျသလိုပါ။ အမေရိက ဈေးကွက်လို နေရာမှာတောင် လူကြိုက်အများဆုံး စာရင်းဝင်နေပါတယ်။ အင်ဂျင် သေးသေး၊ ဆီစားချိုချိုနဲ့ ဈေးနှုန်းပိုင်းမှာပါ ချိုသာလို့ လူကြိုက်ကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဥရောပ အခြေစိုက်၊ အထူးသဖြင့် VW ရဲ့ Golf နဲ့ Polo လို မော်ဒယ်တွေထက်စာရင်တော့ ကိုယ်ထည်အချိုးအဆစ်ကို သိပ်မကြိုက်လှပါဘူး။ ကားတစ်စီးလုံးရဲ့ ပြေပြစ်မှုမှာ VW ရဲ့ မော်ဒယ်တွေက ပိုပြီးကြည့်လို့ ကောင်းပါတယ်၊ ဒါပေမဲ့ အဲဒီမော်ဒယ်တွေထက် အခု Yaris ကဈေးနှုန်းချိုသာပါတယ်။ ဟုတ်ပါပြီ၊ ဂျပန်ကားနှစ်သက်တဲ့၊ Toyota မှလက်ခံတဲ့ ပြည်တွင်း အနေအထားအတွက်တော့ စိတ်ဝင်စား စရာပါပဲ။

အားသာချက် …

မော်ဒယ်မှာ ထည့်သွင်း နည်းပညာ၊ တပ်ဆင်ပစ္စည်း၊ နောက်ထပ် အဆင့်မြှင့်နိုင်မှုတွေက အများကြီး ရှိနေပါတယ်။ အခြေခံမော်ဒယ်အနေနဲ့ ထုတ်လုပ်ထား တဲ့ မော်ဒယ်မှာ ကိုပဲ တန်ကြေးသင့်မော်ဒယ်တွေမှာပါရှိတဲ့ နည်းပညာနဲ့ တပ်ဆင်မှုမျိုး ထည့်သွင်း ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ နောက်ဘက် ခရီးသည်ခန်းပါ။ Hatch-back ကိုယ်ထည် အမျိုးအစား ဖြစ်ပေမယ့် အရွယ်အစားက Super-mini တန်းဝင်ဖြစ်လို့ ပြိုင်ဘက် Supermini တွေထက် နောက်
ဘက် ခရီးသည်ခန်းက ပိုပြီး ကျယ်ဝန်းပါတယ်။ ဒါက ခရီးဝေးလိုက်ပါ စီးနင်းရမှုအတွက်ပါ စိတ်ကြိုက်ဖြစ်လာစေမယ့် အချက်ပါ။ နောက်ဆုံး တစ်ချက်ကတော့
Control ပိုင်း ဖြစ်ပါတယ်၊ Touch စနစ်ကလည်း အထိအတွေ့ အသုံးပြုရမှု ကောင်းမွန်သလို မြန်ဆန်တယ်၊ နားလည်လွယ်တယ်၊ အသုံးပြု နေကျပုံစံမျိုး ဖန်တီးထားပြီး အ
သားကျမြန်စေတာ ဖြစ်ပါတယ်။

အားနည်းချက် …

နောက်ဘက် ခရီးသည်ခန်းကို ကျယ်ဝန်းအောင် ဖန်တီးလိုက်တဲ့ ရလဒ်က နောက်ဘက်ဝန်တင်ခန်း နည်းနည်းကျဉ်းသွားပါတယ်။ နောက်ပြီး ဂီယာချက်ပိုင်းမှာ Auto စနစ်ကို ၄ ချက်သုံး စနစ်နဲ့က နည်းပညာပိုင်း ဖန်တီးမှု နည်းနည်းနောက်ကျကျန်နေသလို မောင်းနှင်ရမှု အပိုင်းမှာ စိတ်ကြိုက် မဖြစ်စေပါဘူး။ နောက်ပြီး လက်ကိုင်ပိုင်းက လိုအပ်ချက် နည်းနည်းရှိပါတယ်၊ ကိုယ်ထည်လည်း သေးတာကြောင့် မြန်နှုန်းမြင့် မောင်းနှင်ချိန်တွေမှာ စိတ်ကြိုက်မဖြစ်မိပါဘူး။ နောက်ထပ် အားနည်းချက်ကတော့ Hatchback ကိုယ်ထည် တစ်မျိုးတည်းနဲ့ပဲ ဈေးကွက်မှာ ထုတ်လုပ်ရောင်းချမှုများတာ ဖြစ်ပါတယ်။

ကိုယ်ထည်ပိုင်း …

ခရီးသည် ၅ ယောက်ထိအောင် လိုက်ပါ စီးနင်းနိုင်မယ့် မော်ဒယ် ဖြစ်ပြီးတော့ အရောင်ပိုင်းမှာ ၁၁ ရောင်ထိ ရနိုင်သလို အတွင်းခန်း အပြင်အဆင်ကတော့ အထည် ဦးစားပေး ပုံစံနဲ့ ၂ မျိုး ရနိုင်ပါတယ်။ ကိုယ်ထည်က အလျား ၁၂ ပေနဲ့ ၁၁.၅ လက်မ၊ မျက်နှာစာ အကျယ် ၅ ပေနဲ့ ၆.၇ လက်မ၊ အမြင့် ၄ ပေနဲ့ ၁၁.၄ လက်မရှိမှာပါ။ ကိုယ်ထည်က အရပ်နည်းနည်း နိမ့်တာကြောင့် အတွင်းခန်းမှာ အရပ်ရှည်တဲ့ သူတွေ အတွက် အဆင်ပြေပါ့မလား ထိုင်ကြည့်ဖို့ လိုပါလိမ့်မယ်။ အတွင်းခန်း အ ကျယ်ကတော့ ရှေ့ဘက်ခန်းမှာ ၅၂.၅ လက်မ ရှိမှာဖြစ်ပြီး နောက်ဘက်ခန်းကတော့ ၅၁.၈ လက်မထိအောင် ကျယ်ဝန်းမှာ ဖြစ်ပါတယ်။ ကားတစ်စီးလုံးရဲ့ အလေးချိန် ကတော့ ပေါင် ၂၃၁၅ ရှိမှာပါ။

အင်ဂျင်ပိုင်း …

အင်ဂျင်ပိုင်းမှာတော့ ၁.၅ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင် တစ်မျိုးတည်းပဲ ရနိုင်ပါတယ်။ အင်ဂျင်က ရုန်းအား ၁၀၃ ပေါင်-ပေမှာတင် စွမ်းအင် ထွက်ရှိမှု မြင်းကောင်ရေ ၁၀၆ ကောင်အားရှိပြီးတော့ စွမ်းဆောင် ရည် ဦးစားပေး မော်ဒယ် ဖြစ်ပါတယ်။ ရုန်းအားနည်းနေတဲ့ အနေအထားမှာ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်တော့ ဒီလောက် ကောင်းမှာ မဟုတ်ပါဘူး။ ဂီယာပိုင်းမှာတော့ Manual နဲ့ဆိုရင်တော့ ၅ ချက်စနစ်နဲ့ ရနိုင်ပြီး Auto နဲ့ လိုချင်ရင်တော့ ၄ ချက် တစ်မျိုးတည်းပဲ ရနိုင်ပါ တယ်။ နောက်ဆုံးထုတ် မော်ဒယ်ဖြစ်သည့်တိုင်အောင် Auto အနေနဲ့က ပိုပြီး စွမ်းဆောင်ရည်ကောင်းရမှာ ဖြစ်ပေမယ့် အခုတော့ မော်ဒယ်က Manual နဲ့ ဆိုရင် တစ်နာရီမိုင် ၆၀ နှုန်းကို အချိန် ၉.၅ စက္ကန့်နဲ့ ရောက်နိုင်ပေမယ့် Auto နဲ့ ဆိုရင်တော့ ၁၀.၇ စက္ကန့် လောက်ထိအောင် ယူမှာပါ။ ဒီနှုန်းနှစ်ခုလုံးဟာ ပြိုင်ဘက်လို့ ဆိုနိုင်မယ့် Honda Fit ထက်ရော Hyundai Accent ထက်ရော ပိုပြီး နှေးနေတာလည်း ဖြစ်ပါတယ်။

မောင်းနှင်နိုင်မှု …

မော်ဒယ်က အခြေခံ လည်ပတ်အားမှာ တစ်မိနစ်ကို အပတ်ရေ ၄၂၀၀ မှာမှ စွမ်းအင်ထုတ်ပေးနိုင်မှာဖြစ်သလို အမြင့်ဆုံးလည်ပတ်နိုင်မယ့် နှုန်းက အပတ်ရေ ၆၀၀၀ ဖြစ်ပါတယ်။ အခြေခံလည်ပတ်အားများနေတဲ့ တစ်ချက်က မော်ဒယ်ကိုဆီစား ဒီလောက် မချိုသာစေတော့ပါဘူး။ ပျမ်းမျှ ဆီတစ်ဂါလံကို ၃၃ မိုင်ခန့် စီးနင်းနိုင်မှာပါ။ Auto နဲ့ ဆိုရင်တော့ ၃၂ မိုင် လောက်ပဲရပါတယ်။ ဒီနှုန်းက အခုလို ကိုယ်ထည် အရွယ်အစားနဲ့ မော်ဒယ်အတွက် ပုံမှန်ဆီစားနှုန်းလောက်ပဲ ဖြစ်ပေမယ့် ဈေးကွက်ကို ဦးဆောင်နိုင်လောက်အောင်ချိုသာတဲ့ နှုန်းထားတော့ မဟုတ်ပါဘူး။ တပ်ဆင် ဆီတိုင်ကီကတော့ ၁၁.၁ ဂါလံ ဝင်ဆံ့မှာ ဖြစ်ပါတယ်။

သုံးသပ်ချက် …

ရှေ့ဘက် Suspension စနစ်က Independent စနစ်၊ နောက်ဘက်က Stabilizer Bar လောက်ပဲ ထိုင်ထားတဲ့ မော်ဒယ်ကို တန်ကြေးနည်း ဖြစ်နေပေမယ့် စိတ်ကြိုက် မဖြစ်မိပါဘူး။ မြို့တွင်းသုံးအတွက်ပဲ အဆင်ပြေမယ့် အနေအထား၊ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် သိပ်မကောင်း လှဘူး၊ ၀န်တင်ဆောင်နိုင် မှု၊ တောင်တက်လမ်း စိတ်ကြိုက်ဖြစ်မှုတွေကလည်း အကောင်းဆုံး အနေအထားနဲ့ မဟုတ်သေးပါဘူး။ တန်ကြေးနည်းတဲ့ တစ်ချက်တည်းနဲ့တော့ ပြိုင်ဘက်တွေ အများကြီးကြားမှာ အကောင်းဆုံး မော်ဒယ်လို့ မဆိုချင်ဘူး။ ဒီတော့ Yaris အနေနဲ့ Hatchback အနေနဲ့ ပွဲထွက်လာတာကို သဘောကျမိတယ်၊ အတွင်းခန်းနဲ့ နည်းပညာ ပိုင်းကို နှစ်သက် မိပေမယ့် အကောင်းဆုံး မော်ဒယ်အဖြစ်တော့ သတ်မှတ်ဖို့ ခက်နေသေးတာ ဖြစ်ပါတယ်။

Ref: www.edmunds.com

Tags: