Home » 

Razer Blade Stealth

By: 

စိုးထက်

USD- 1,369.99

အားသာချက်

Razer Blade Stealth ၏အနိမ့်ဆုံး ဗားရှင်းများတွင် Core i7 ပရိုဆက်ဆာနှင့် အရည်အသွေးမြင့် touchscreen တို့ပါဝင်လာသည်။ ထို့အပြင် အခြား ၁၂ လက်မ laptop များထက် port များပိုမို ပါဝင်သလို ကီးဘုတ်တွင် Chroma နောက်ခံမီးတို့ ပါဝင်လာသည်။

အားနည်းချက်

Apple, Asus နှင့်အခြား ၁၂ လက်မ laptop များထက်ကြီးမားပြီး လေးလံလွန်းသည်။ မျက်နှာပြင်ရှိ ဘေးဘောင်မှာထူထဲကာ ဗားရှင်းများစွာလည်း ထုတ်လုပ်ထားခြင်း မရှိပေ။

အသေးစိတ်ဖော်ပြချက်

ယခုနှစ်နှောင်းပိုင်းတွင် ထွက်ရှိလာသော Razer Blade Stealth သည် gaming laptop မဟုတ်ဘဲ ultrabook ဖြစ်သည်။ ၎င်းတွင် အခြား Razer များကဲ့သို့ gaming graphics မပါဝင်သော်လည်း ကုမ္ပဏီသင်္ကေတ Chroma backlit ကီးဘုတ်ပါဝင်သည်။ Laptop ၏ကိုယ်ထည်မှာ ကျစ်လျစ်သပ်ရပ်ပြီး အမေရိကန်နိုင်ငံတွင် ၉၉၉ ဒေါ်လာဖြင့် စတင်ရောင်းချလျက်ရှိသည်။

Razer Blade Stealth ၏ ၉၉၉ ဒေါ်လာတန်ဖိုးရှိ laptop တွင် Intel Core i7 CPU နှင့် ရုပ်ထွက်အရည်အသွေး 2,560x1,440 pixel touch display ပါဝင်လာသည်။ Razer Blade Stealth ၏ ဒေါ်လာ ၁,၂၄၉ ဗားရှင်းသည် အခြေခံဗားရှင်းထက်နှစ်ဆမြင့်ပြီး RAM 16GB နှင့် SSD 256GB တို့ပါဝင်သည်။

ဒေါ်လာ ၁,၅၉၉ တွင်မူ SSD 512GB နှင့် 4K display တို့ပါဝင်သည်။ အဆိုပါဗားရှင်းတွင် 4K မျက်နှာပြင်ပါဝင်သောကြောင့် ဘက်ထရီ သက်တမ်းအပေါ် ရိုက်ခတ်မှုရှိသည်။

ယခုနှစ်နှောင်းပိုင်းတွင် ထွက်ရှိလာသော Razer Blade Stealth သည် အစောပိုင်းတွင် ထွက်ရှိခဲ့သော ထုတ်ကုန်နှင့် အလွန်ဆင်တူသည်။ ၎င်းတွင် အလူမီနီယံကိုယ်ထည်တွင် matte black finish ကိုသုံးစွဲထားသည်။ အတွင်းပိုင်းသေသပ်မှုမှာ MacBook Pro နှင့်ဆင်သည်။

Stealth ၏အလေးချိန်မှာ ၂.၉ ပေါင်ရှိသည်။ ရုပ်ထွက် အရည်အသွေး 2,560 x 1,440 display မှာကြည်လင်ပြတ်သားသည်။

ထို့အပြင် Razer သည် အခြား laptop များကဲ့သို့ port အရေအတွက် လျှော့ချထားခြင်း မရှိပေ။ ၎င်းတွင် USB 3.0 port နှစ်ခုအပြင် HDMI output တစ်ခုနှင့် USB-C port တစ်ခုတို့ ပါဝင်သည်။

ဘက်ထရီ

Razer Blade Stealth ၏ဘက်ထရီ သက်တမ်းမှာ ကောင်းမွန်သော်လည်း 4K ရုပ်ထွက်အရည်အသွေး ပါဝင်သော ဗားရှင်းတွင် ဘက်ထရီသက်တမ်း အားနည်းသည်။ ရုပ်ထွက် 2,560x 1,440 (QHD) ပါဝင်သော ဗားရှင်းတွင် အွန်လိုင်းဗီဒီယိုများကို ၆ နာရီ ၅၄ မိနစ်အထိ ကြည့်ရှုနိုင်သည်။ 4K ဗားရှင်းတွင် ၃ နာရီသာ ဗီဒိယိုများ ကြည့်ရှုနိုင်သည်။

-Ref: CNET