Home » 

မော်ဒယ်သစ်မှာ ဆန်းသစ်မှု သိပ်မရှိလှတဲ့ Lexus CT 200h

By: 

လင်းထက် (IA)

မော်ဒယ်က အခု ၂၀၁၆ ခုနှစ်ထုတ်မော်ဒယ် ပုံစံအတိုင်း အားလုံးနီးပါး မပြောင်းလဲဘဲ ၂၀၁၇ ခုနှစ် မော်ဒယ်အတွက် မိတ်ဆက်လာတာတွေ့ရပါတယ်။ လက်ရှိမှာ ဈေးကွက် ဝင်နေတဲ့ မော်ဒယ်က အားနည်းချက်နည်းတာ မှန်ပေမယ့်၊ အရည်အသွေး ကောင်းမွန်တာ မှန်ပေမယ့်၊ မော်ဒယ်သစ်အနေနဲ့ မိတ်ဆက်မှုမှာတော့ ပိုပြီး ဆန်းသစ်အောင် ပြင်ဆင်လာသင့်တယ်လို့ မြင်မိပါတယ်။ ဒါပေမဲ့ Lexus ဆိုတာကလည်း လက်ရှိမှာ ဈေးနှုန်း အသင့်ဆုံး၊ အရည်အသွေး အကောင်းဆုံး၊ စိတ်ချရမှု
အရှိဆုံး မော်ဒယ်လိုဖြစ်နေတာကြောင့် သူ့ရဲ့ ဆန်းသစ်မှု အားနည်းသည့်တိုင်အောင် အပြစ်တော့ အရမ်းပြောလို့ အဆင်မပြေသေးပါဘူးနော်။ ဘယ်လိုပဲဖြစ်ဖြစ် မော်ဒယ် သစ်ကို ဘယ်လိုပွဲထုတ်လာသလဲ ဆိုတာတော့ လေ့လာထားကြည့်ရအောင်ပါ။

အားသာချက် …

မော်ဒယ်က ဆီစားနှုန်း အထူးချိုသာမှုတစ်ခုက ဇိမ်ခံမော်ဒယ်အနေနဲ့ စိတ်ကြိုက်ဖြစ်နေစေပါတယ်။ များသောအားဖြင့် ဇိမ်ခံ မော်ဒယ်တွေက ဆီစားနှုန်းသင့်ရုံလောက်ပဲ ရှိပါတယ်။ ဝယ်လက်ကလည်း ဇိမ်ခံမော်ဒယ်ကိုတောင် ဝယ်ယူပြီဆိုကတည်းက ဆီဖိုးလောက်ကို ထည့်မတွက်ကြလို့ ထုတ်လုပ်သူတွေကလည်း ဆီစားနှုန်းသင့်သင့်နဲ့ စွမ်းဆောင်ရည် ကောင်းဖို့ကိုသာ အလေးပေး ထုတ်လုပ်တတ်ကြတာလည်း ဖြစ်ပါတယ်။ အခုတော့ CT 200h အနေနဲ့ စွမ်းဆောင် ရည်လည်းကောင်း မွန်ပြီးဆီစားလည်း ချိုသာတာ တွေ့ရပါတယ်။ နောက်တစ်ချက်က လက်ကိုင်ပိုင်းတည်ငြိမ်မှု အထူးကောင်းမွန်ပါတယ်၊ မြန်နှုန်းမြင့် မောင်းနှင်နေချိန်တွေမှာ လက်ကိုင်ရဲ့တည်ငြိမ်မှုကို ပိုမိုသိသာ ခံစားမိစေနိုင်ပါတယ်။ ပြီးတော့ Sportဆန်တဲ့ ရုပ်ထွက်နဲ့ကိုယ်ထည်မျိုး ချိုးဆစ်ထားတာလည်း တွေ့နိုင်ပါတယ်။ ဒါကြောင့် မိမိကားက တခြားမော်ဒယ်တွေ အကြားမှာ သိသာပေါ်လွင်မှုကို ပေးစွမ်းနိုင်မှာလည်း ဖြစ်ပါတယ်။

အားနည်းချက် …

မော်ဒယ်က တခြား ဇိမ်ခံမော်ဒယ်တွေနဲ့ ဆန့်ကျင်ဘက်လို ဖြစ်နေပါတယ်။ အထူးသဖြင့် ဥရောပထုတ် မော်ဒယ်တွေက စွမ်းဆောင်ရည်ကောင်းလာပြီး ဆီစားသင့်ကြပေ မယ့် အခု CT 200h က စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းပြီး ဆီစားတော့ အထူးချိုသာလှပါတယ်။ မော်ဒယ်ရဲ့ အားနည်းချက်ကတော့ စွမ်းဆောင်ရည်ပါ၊ အထူးသဖြင့် အမြန်နှုန်း မြှင့်တင်နိုင်မှုလို အပိုင်းမှာ ပြိုင်ဘက်မော်ဒယ်တွေထက် အားနည်းချင်ပါတယ်။ နောက်ပြီးတော့ အတွင်းခန်းအနေအထားက ဇိမ်ခံ မော်ဒယ်တစ်ခုအတွက် နည်းနည်းကျဉ်းချင်တယ်လို့ ခံစားမိပါတယ်။ ဒါကလည်း Hatchback ကိုယ်ထည် အနေအထားမှာ အတွင်းခန်း ကျယ်ဝန်းအောင် ဖန်တီးဖို့တော့ ခက်ခဲတာကြောင့် လည်း ဖြစ်ပါတယ်။

ကိုယ်ထည်ပိုင်း …

မော်ဒယ်က ဇိမ်ခံမော်ဒယ်ဖြစ်ပေမယ့် အသေးစား ကိုယ်ထည်အရွယ်နဲ့ Hatchback တန်းဝင်မော်ဒယ်ပါ။ ခရီးသည် ၅ ယောက်ထိအောင်လိုက်ပါ စီးနင်းနိုင်မှာဖြစ်ပြီး အလျားက ၁၄ ပေနဲ့ ၃.၃ လက်မပဲ ရှိပါတယ်။ မျက်နှာစာ အကျယ်က ၅ ပေနဲ့ ၉.၅ လက်မရှိပြီး အမြင့်ကတော့ ၄ ပေနဲ့ ၉.၃ လက်မ ဖြစ်ပါတယ်။ လမ်းကြမ်းပိုင်း စီးနင်းနိုင်မှု ရှိအောင်တော့ ကိုယ်ထည်နဲ့မြေပြင်ကို ၅.၇ လက်မ ကွာခြားအောင် ဖန်တီးထားပါတယ်။ အတွင်းခန်း အကျယ်ကတော့ ရှေ့ဘက်ခန်းက ၅၃.၉ လက်မရှိပြီး နောက်ဘက် ခန်းကတော့ ၅၂.၆ လက်မပဲ ရှိလို့ နည်းနည်းကျဉ်း ချင်ပါတယ်။ အပြင်ဘက်အရောင် ၁၂ ရောင်ရနိုင်ပြီး အတွင်းခန်းကတော့ သားရေ ဦးစားပေး ပုံစံနဲ့ ၆ မျိုးရနိုင်ပါတယ်။

အင်ဂျင်ပိုင်း …

မော်ဒယ်က အင်ဂျင်စနစ်မှာ တစ်မျိုးတည်းပဲ ရနိုင်မှာပါ။ Hybrid စနစ်နဲ့ ၁.၈ လီတာသုံး ပုံမှန်လေးလုံးထိုး အင်ဂျင်ဖြစ်ပြီးတော့ Gasoline နဲ့သွားမှာပါ။ အင်ဂျင် က မြင်းကောင်ရေ ၁၃၄ ကောင်အားထိအောင် ထုတ်လုပ်ပေးနိုင်မှာ ဖြစ်လို့ စွမ်းအင်ထွက်ရှိမှု အားမနည်းပေမယ့် ဇိမ်ခံမော်ဒယ်အနေနဲ့ ကိုယ်ထည် အလေးချိန် နည်းနည်းများတာရယ်၊ Air-Con လို အပိုင်းတွေအတွက် စွမ်းအင်ထောက်ရမှုတွေရယ်၊ အခြားအကူစနစ်နဲ့ ဖျော်ဖြေရေးစနစ်တွေအတွက် စွမ်းအင်ဝေမျှရမှုတွေကြောင့် ထင်သလောက်မမြန်တာ ဖြစ်ပါတယ်။ ဆီစားနှုန်း အပိုင်းမှာတော့ ဆီတစ်ဂါလံကို ပျမ်းမျှ ၄၂ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာဖြစ်ပြီး တန်းတူ မော်ဒယ်တွေထဲမှာတော့ ဆီစားအချိုသာဆုံးလည်း ဖြစ်နေပါတယ်။ Hybrid နဲ့ဖြစ်လို့ မြို့တွင်းတွေမှာ ဆီစားပိုချိုပြီး ၄၅ မိုင် လောက်ထိအောင် ရနိုင်ပါတယ်။

မောင်းနှင်နိုင်မှု …

မော်ဒယ်ကို ရှေ့ဘီးယက်စနစ်နဲ့ပါ ဖန်တီးထားတာက ဆီစားနှုန်း အထူးချိုသာစေလာပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်မှာတော့ နောက်ဘီးယက်စနစ်နဲ့ဆိုရင် အခုထက် ပိုပြီး သိသာကောင်းမွန်တဲ့ စွမ်းဆောင် ရည်ရရှိမှာဖြစ်လို့ ဆီစားနည်းနည်း ပိုစေပြီး နောက်ဘီးယက်စနစ်နဲ့ မော်ဒယ်ပါ ထုတ်လုပ်သင့်တယ်လို့ မြင်မိပါတယ်။ CVTစနစ်နဲ့ သွားမှာ ဖြစ်လို့ မောင်းနှင်ရလွယ်ကူပေမယ့် ခရီးဝေး မောင်းနှင်မှုအတွက်တော့ စိတ်ကြိုက် မဖြစ်ချင်ပါဘူး။ တစ်နာရီ မိုင် ၆၀ နှုန်းအတွက် အချိန် ၁၀.၅ စက္ကန့်ယူမှာဖြစ်ပြီးလက်ရှိ ဈေးကွက်ဝင်မော်ဒယ်တွေထဲမှာတော့ တန်းတူတွေထဲမှာ အနှေးဆုံးနှုန်း ဖြစ်နေပါတယ်။ ဒါက ဇိမ်ခံမော်ဒယ် တစ်ခုအတွက် ပြဿ      နာ မဟုတ်ပေမယ့် သင့်တင့်တဲ့ စွမ်းဆောင်ရည်တော့ ပြသနိုင်သင့်တယ်လို့ မြင်မိပါတယ်။

သုံးသပ်ချက် …

မော်ဒယ်က ဆန်းသစ်မှုအားနည်းတာ မှန်ပေမယ့် တန်ကြေးပိုင်းလည်း သင့်ပြီး အရည်အသွေးမှာ စိတ်ချရတယ်၊ အာမခံချက် မြင့်မားတယ်၊ ဘရိတ်ပိုင်းမှာလည်း တစ်နာရီ မိုင် ၆၀ နှုန်းကနေ ရပ်တန့်မယ် ဆိုရင် ၁၂၅ ပေထိအောင်ပဲယူလို့ အဆင်ပြေပြီး အသက်ကယ် လေအိတ်စနစ်ကလည်း နောက်ဘက် ခရီးသည်ထိုင်ခုံတန်း အတွက်ပါ ထည့်သွင်းထားလို့ စိတ်ချရမှု ပိုစေပါတယ်။ ကိုယ်ထည်ပိုင်း အကြမ်းခံနိုင်ရည်နဲ့ ယာဉ် ပေါ်ပါ ခရီးသည်တွေရဲ့ အသက်အန္တရာယ် စိတ်ချရမှု အနေအထားတွေက ထိပ်တန်းအဆင့် မှာရှိပါတယ်။ မော်ဒယ်ကိုယ်တိုင်ကလည်း မြန်နှုန်းမြင့် မောင်းနှင်နိုင်အောင် ဖန်တီးထားတာ မဟုတ်လို့ သဘောကျစရာပါ။ ပုံမှန်အနေနဲ့ Lexus တွေ ဈေးမြင့်နေတာကြောင့် သိပ်မကြိုက်ပေမယ့် အခုတော့ ဈေးလည်းသင့်၊ စွမ်းဆောင်ရည်လည်း သင့်ပြီး ဆီစားချိုချိုနဲ့ CT 200h ကိုတော့ သဘောကျမိတာ အမှန်ပါ။

Tags: