Home » 

အမြန်နှုန်းမြှင့်တင်နိုင်မှု စွမ်းရည် တိုးတက်လာတဲ့ 2017 Chevy Camaro

By: 

လင်းထက် (IA)

မော်ဒယ်က အစကတည်းက ရုပ်ထွက်လှပြီးသား၊ ကိုယ်ထည်ပိုင်းကြံ့ခိုင်မှု အထူးကောင်းမွန်ပြီးသား၊ အရည်အသွေး စိတ်ချရပြီး နည်းပညာလည်း မြင့်မားတာကြောင့် လူကြိုက်များပြီးသား ဖြစ်ပေမယ့် အမေရိကန် မော်ဒယ် ဖြစ်နေတော့ ဆီစားတော့ နည်းနည်းများချင်တာပေါ့။ ဒါပေမဲ့ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့စာရင် ဆီစားက အနေတော်ပါပဲ။ ဒါပေမဲ့ Chevy အနေနဲ့ အဲဒီထက် ပိုကောင်းအောင် ဖန်တီးမှု လုပ်ဆောင်ချင်ပုံ ရပါတယ်။ အဲဒီမှာ အခုလာမယ့် ၂၀၁၇ ခုနှစ်အတွက် မော်ဒယ်ကို အဆင့်မြှင့်ရာမှာတော့ ဆီစားနှုန်း သိသာလောက်အောင် ချိုသာလာတာမျိုး မတွေ့ရပေမယ့် အမြန်နှုန်းမြှင့်တင်နိုင်မှု အပိုင်းမှာတော့ သိသိသာသာ ကောင်းမွန်လာတာကြောင့် အခု ကျွန်တော်က သူ့အကြောင်းလေး သိရအောင် ပြောပြချင်ပါတယ်။

အားသာချက် …

မော်ဒယ်က နှစ်ယောက်စီး အမိုးဖွင့် မော်ဒယ်လိုမျိုးဖန်တီး ထားပြီးတော့ မောင်းနှင်မှုအပိုင်းမှာ ဦးစားပေးပြီး အခုနှစ်မော်ဒယ်ကို ဖန်တီးလာတာ တွေ့ရပါတယ်။ လက်ကိုင်ပိုင်း အထူး တည်ငြိမ်
လာတယ်၊ သိသာတာကတော့ ပတ်လမ်းမှာ မြန်နှုန်းမြင့် စမ်းသပ်မောင်းနှင်ချိန်မှာ ကွေ့လမ်းတွေမှာ ထိန်းချုပ်ရမှု တည်ငြိမ်တာတွေ၊ လားရာပြောင်းလဲမှု အထူး ကောင်းမွန် မြန်ဆန်တာတွေ တွေ့ရလာရပါတယ်။ နောက်ပြီး အင်ဂျင်စနစ်မှာ V6 အနေနဲ့ရော V8 အင်ဂျင်စနစ်နဲ့ပါ ရနိုင်ပြီးအဆိုပါ အင်ဂျင်စနစ်တွေက တန်းတူ အင်ဂျင် အရွယ်အစားတွေထက် စွမ်းအင်ထုတ်လုပ်ပေးနိုင်မှု ပိုမို ကောင်းမွန်တာလည်း တွေ့ရပါတယ်။ ဒါကြောင့်လည်း တန်းတူပြိုင်ဘက် မော်ဒယ်တွေထဲမှာအရှိန်မြှင့်တင်နိုင်မှု အကောင်းဆုံး ဖြစ်လာပါလိမ့်မယ်။ စီးနင်းချိန်တွေမှာ ရွေ့လျားမှု ညင်သာတယ်၊ မြို့တွင်းရော နယ်ဝေးမောင်းနှင်မှုမှာပါ စိတ်ကြိုက်ဖြစ်စေမယ်၊ ဈေးနှုန်းသင့်တင့်တယ်၊ နောက်ပြီး အဆင့် ထပ်မြှင့်နိုင်မယ့် ထပ်ဆောင်းအပိုင်းတွေ အများအပြား ရနိုင်သေးတာ ဖြစ်ပါတယ်။

အားနည်းချက် …

မော်ဒယ်ကလေခွင်းစနစ်ကို ပိုကောင်းအောင် ကိုယ်ထည်ကို အတတ်နိုင်ဆုံး နှိမ့်လိုက်ပါတယ်။ ဒီအတွက် ရလဒ်ကတော့ ပြတင်းပေါက်တွေအရွယ် သေးသွားပါတယ်။ ဒါဟာ အတွင်းခန်းကို လေဝင်ဖို့အတွက် ပြဿ      နာမရှိပေမယ့် ခရီးသည်အနေနဲ့ အပြင်ကို ခေါင်းထွက်ဖို့၊ အမြင်ပိုင်း၊ အားလုံးအဆင်မပြေချင်ပါဘူး။ စိတ်ကူးထဲမှာသာ တွေးကြည့်လိုက်ပါ၊
ပြတင်းပေါက်သေးသေးနဲ့ ကားအတွင်းခန်းမှာ ထိုင်ကြည့်လိုက်ပါ၊ စိတ်ကျဉ်းကျပ်လာစေပါတယ်။ အထူးသဖြင့်တော့ နောက်ဘက်ခရီးသည် ထိုင်ခုံတန်းဟာ ပုံမှန်ထက် သိသိသာသာပိုပြီး ကျဉ်းသွားပါတယ်။ ဒါဟာ လက်ဆွဲအိတ် အနည်းငယ်ပါရုံနဲ့ ပစ္စည်းထားဖို့၊ လူထိုင်ဖို့ အဆင်မပြေ ဖြစ်လာစေနိုင်ပါတယ်။

ကိုယ်ထည်ပိုင်း …

အပြင်အရောင်ကို ၁၀ မျိုးထိအောင် ထုတ်လုပ်လာမှာ ဖြစ်ပြီး အတွင်းခန်းကတော့ အထည်ဦးစားပေးပုံစံနဲ့ အဖြူ၊ အမည်းနှစ်မျိုးပဲ ရနိုင်ပါတယ်။ အရွယ်အနေတော်နှစ်ယောက်စီး အမျိုးအစားဖြစ်ပြီးတော့ အလျား က ၁၅ ပေနဲ့ ၈.၃ လက်မရှိမယ်၊ မျက်နှာစာ အကျယ်က ကားတိမ်းမှောက်ဖို့ ခက်ခဲအောင် ဖန်တီးလာတဲ့ သဘောဖြစ်တဲ့ မျက်နှာစာကျယ်ကျယ် အနေအထား ၆ ပေနဲ့ ၂.၇ လက်မရှိမယ်၊ Sport ဆန်တဲ့ကိုယ်ထည် ဖြစ်အောင် ချိုးဆစ်ထားမှုကအမြင့် ၄ ပေနဲ့ ၅.၁ လက်မပဲရှိမှာပါ။ နှစ်ယောက် စီးမော်ဒယ်ဖြစ်လို့ နောက်ဘက် ခရီးသည်ခန်းဒီလောက် မကျယ်ဝန်းဘဲ ရှေ့ဘက် ခရီးသည်ခန်းရဲ့ ခေါင်းပိုင်းက ၃၈.၅ လက်မနဲ့ အောက်ခန်းက ၄၃.၉ လက်မ ကျယ်မှာပါ။

အင်ဂျင်ပိုင်း …

မော်ဒယ်မှာတပ်ဆင်ထားတဲ့ အင်ဂျင်စနစ်က ၂.၀ လီတာသုံးပုံမှန် လေးလုံးထိုး အင်ဂျင်ကနေ စပြီး ရနိုင်ပါတယ်။ ကျွန်တော်ကတော့ ပြည်တွင်းအနေအထားအတွက် ပြောချင်တာဖြစ်လို့ အခုလို အင်ဂျင် အသေးစားကိုပဲ ပြောပါ့မယ်။ V6 နဲ့ V8 တွေကို ခဏဖယ်ထားပါရစေ။ အင်ဂျင်က အခြေခံ လည်ပတ်အားတစ်မိနစ် အပတ်ရေ ၃၀၀၀ မှာတင် ရုန်းအား ၂၉၅ ပေါင်-ပေရှိပြီးတော့ စွမ်း
အင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၂၇၅ ကောင်အားပါ။ ဒါဟာ စွမ်းအင်ထွက်နှုန်းကို ထိန်းထားသေးတာဖြစ်ပြီး အခုထက် ရုန်းအားကို လျှော့ပြီး စွမ်းအင် အပိုင်းကိုတင်လိုက်ရင် အမြန်နှုန်း မြှင့်တင်နိုင်မှု ပိုကောင်းလာဖို့ ရှိပါတယ်။ အင်ဂျင်ရဲ့အမြန်ဆုံးလည်ပတ်နိုင်မယ့် နှုန်းကတော့ တစ်မိနစ်အပတ်ရေ ၅၆၀၀ အထိပဲဖြစ်လို့ အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းကတော့ သိပ်မများနိုင်ပါဘူး။

မောင်းနှင်နိုင်မှု …

မော်ဒယ်ကို နောက်ဘီးယက်စနစ်နဲ့ ဖန်တီးထားပြီးတော့ Manual နဲ့ဆိုရင် ၆ ချက်သုံးစနစ်နဲ့ ရနိုင်သလို Auto နဲ့ လိုချင်ရင်တော့ ၈ ချက်ထိအောင် သုံးနိုင်မှာ ဖြစ်ပါတယ်။ အခုပြောနေတာက ၂.၀ လီတာသုံးမော်ဒယ်ဖြစ်လို့ အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းကတော့ သိပ်ပြီးအား မကောင်းချင်ပါဘူး။ ဒါပေမဲ့ V6 အင်ဂျင်နဲ့မော်ဒယ်ဆိုရင် Auto စနစ်နဲ့ တစ်နာရီမိုင် ၆၀ နှုန်းကိုအချိန် ၅.၄ စက္ကန့်နဲ့ ရောက်ပြီးတော့ ဒီနှုန်းက တန်းတူအင်ဂျင်တပ် Ford Mustang ထက်ရော Dodge Challenger ထက်ပါပိုပြီး မြန်တာဖြစ်ပါတယ်။ နောက်ပြီး Camaro SS မော်ဒယ်ကိုလည်း စမ်းမောင်းထားသလောက် Auto စနစ်နဲ့ မိုင် ၆၀ နှုန်းကိုအချိန် ၄.၂ စက္ကန့်ပဲ ကြာပါတယ်။ ဒီနှုန်းက Mustang GT ရဲ့ ၄.၇ စက္ကန့်နှုန်းထက်ရော ၂၀၁၅ ခုနှစ်ထုတ် Dodge Challenger R/T Manual စနစ်နဲ့ မော်ဒယ်ရဲ့ ၅.၈ စက္ကန့်နှုန်းထက်ပါ သိသိသာသာ ပိုမြန်လာတာ ဖြစ်ပါတယ်။

သုံးသပ်ချက် …

မော်ဒယ်က ပျမ်းမျှဆီ တစ်ဂါလံ ၂၅ မိုင်နှုန်းစီးနင်းနိုင်မယ်ဆိုတော့ မြန်နှုန်းမြင့် နှစ်ယောက်စီး မော်ဒယ်တစ်ခုအတွက် မများပါဘူး။ ဒါပေမဲ့ အာရှထုတ် မော်ဒယ်တွေထက်စာရင်တော့ ပိုနေပါသေးတယ်။ အသက်ကယ်စနစ် စိတ်ချရမှုက Good ဆိုတဲ့ မှတ်ချက်ရထားပါတယ်။ ဘရိတ်ပိုင်းက တစ်နာရီမိုင် ၆၀ နှုန်းကနေ ရပ်တန့်ဖို့ ၁၁၁ ပေပဲယူပါတယ်။ ဒီနှုန်းကလည်း တန်းတူ မော်ဒယ်တွေထဲမှာ အကောင်းဆုံး စာရင်းဝင်လာပါတယ်။ ဒီနှစ်မော်ဒယ်ကို Chevy က ဈေးသိပ် မတင်ပါဘူး။ ဒီအချက်က တခြားမော်ဒယ်တွေထက် ဈေးနှုန်း ချိုရင်လည်း ချိုလာနိုင်သလို ဈေးမချိုရင်တောင် ကနဦး တန်ဖိုး မမြင့်တာကြောင့် ဈေးကွက်မှာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ ဥရောပ မော်ဒယ်တွေက အပြင်အဆင်၊ အာရှမော်ဒယ်တွေက ဆီစားနှုန်းချိုသာမှုတွေနဲ့ ဈေးကွက်ကို ဆွဲဆောင်လာချိန်မှာ အမေရိကထုတ် Camaro ကတော့စွမ်းဆောင်ရည်နဲ့ မျှားလာပါပြီ။ ကျွန်တော်ကတော့ Sport တစ်စီး ပိုင်ဆိုင်ချင်သူတွေအတွက် အကောင်းဆုံး မော်ဒယ်လို့ပဲ ဆိုချင်ပါတယ်။

Ref: www.edmunds.com

Tags: