Home » 

စွမ်းဆောင်ရည်သင့် ဝန်တင်မော်ဒယ်ကောင်း RAM 1500

By: 

လင်းထက် (IA)

တလောလေးက ကျွန်တော်က ကမ္ဘာ့ ဝန်တင်ဆောင်နိုင်မှုအကောင်းဆုံးဆိုတဲ့ 3500 မော်ဒယ်အကြောင်းကို ပြောဖူးပါသေးတယ်။ Pick-up မော်ဒယ်တွေ
ထဲမှာတော့ 3500 ကို မီအောင် ဝန်တင်ဆောင်နိုင်တဲ့ မော်ဒယ် မထွက်သေးပေမယ့် ဆီစားနှုန်း များချင်တာကြောင့် သူ့ထက် အင်ဂျင်အရွယ်သေးငယ်တဲ့ မော်ဒယ်တွေကိုပါ RAM ကနေ ပွဲထုတ်လာတာ တွေ့ရပါတယ်။ အခုပြောချင်တာကတော့ 3500 ထက် အင်ဂျင်အရွယ်သေးငယ်အောင် ဖန်တီးထားတဲ့ 1500 ပါ။ ပုံမှန်မော်ဒယ်တွေလိုပဲ စွမ်းဆောင်ရည်၊ အပြင်အဆင်နဲ့ဖြစ်ပြီး ဦးစားပေးအနေနဲ့တော့ အရည်အသွေးပိုင်းကို အလေးပေး ဖန်တီးထားတာပါ။ ရေရှည်စိတ်ချ ယုံကြည်စွာ သုံးနိုင်ပြီးတော့ ကိုယ်ထည်ပိုင်း မာကျောမှုက အခု 1500 ရဲ့ အကောင်းဆုံး အားသာချက် ဖြစ်ပါလိမ့်မယ်။ ကောင်းပါပြီ၊ ဆက်ကြည့်ရအောင်ပါ။

အားသာချက် …

နောက်ဘက် Suspension စနစ်မှာ Coil စနစ်ကို ပြောင်းထိုင်ထားလို့ စီးနင်းရမှုအပိုင်း အထူး ငြိမ့်ငြောင်းသလို ဒီစနစ်က ဆီဒင်အများစုမှာသုံးတာဖြစ်လို့ ပိုကောင်းလာစေပါတယ်။ Air-suspension စနစ်နဲ့ လိုချင်တယ်ဆိုရင်လည်း ရနိုင်သေးတာ တစ်ချက်က ဈေးကွက်ဝင် Truck တွေထဲမှာ Suspension စနစ် အကောင်းဆုံး ဖြစ်လာစေပါတယ်။ အင်ဂျင်စနစ် အမျိုးအစား၊ အရွယ်အစား၊ စက်သုံးဆီစနစ် စိတ်ကြိုက်ရွေးချယ်နိုင်စေမှာလည်း ဖြစ်ပါတယ်။ ဂီယာချက် ၈ ချက်ကို Auto
စနစ်နဲ့ သွားပြီး ဥရောပထုတ်မော်ဒယ်တွေကို ကောင်းကောင်းယှဉ်နိုင်စွမ်း ရှိလာပါတယ်။ ရုပ်ထွက်ပိုင်း ဆွဲဆောင်မှု ပိုကောင်းလာပြီး အတွင်းခန်းမှာတော့ အသံစနစ် ထည့်သွင်း ဖန်တီးထားမှုက အရင် မော်ဒယ်တွေထက် ပိုကောင်းလာတာ တွေ့ရပါတယ်။

အားနည်းချက် …

အင်ဂျင်စနစ်မှာ ဆီစားနှုန်းချိုချင်တာကြောင့် ပုံမှန် စွမ်းဆောင်ရည်တန်းကို ချလိုက်လို့အခု 1500 နဲ့ တန်းတူ မော်ဒယ်တွေထဲမှာ စွမ်းဆောင်ရည်ပိုင်း နောက်မှာ ကျန်နေခဲ့ပါတယ်။ အထူးသဖြင့် ဝန်တင်ဆောင်နိုင်မှု အားကောင်းသေးပေမယ့် အမြန်နှုန်း မြှင့်တင်နိုင်မှုလို အပိုင်းမှာကျန်နေခဲ့ပါတယ်။ နောက်တစ်ချက်က ဒီဇယ်အင်ဂျင် စနစ်နဲ့လည်း ရနိုင်ပြီး သူက ဈေးနည်းနည်း ပိုချင်သလို ပိုမိုသိသာတဲ့ စွမ်းဆောင်ရည်မျိုးမပြသနိုင်တာ တွေ့ရပါတယ်။ နောက်ဆုံးတစ်ချက်ကတော့  လမ်းကြောင်းပေါ်မှာ တည်ငြိမ်တာ မှန်ပေမယ့် ဆူညံသံ ပေးချင်တာပဲဖြစ်ပါတယ်။ အထူးသဖြင့် မြန်နှုန်းမြင့် မောင်းနှင်နေချိန်တွေမှာ ဆူညံသံ ပိုပေးချင်ပါတယ်။

ကိုယ်ထည်ပိုင်း …

အရောင် ရွေးချယ်နိုင်မှု အပိုင်းမှာတော့ ပြိုင်ဘက် မော်ဒယ်တွေကို နောက်ကောက် ချထားနိုင်တာတွေ့ရပြီး ပြင်ပအရောင် ၂၂ မျိုးထိအောင် ရနိုင်မှာပါ။ အတွင်း
ပိုင်းမှာတော့ Vinyl နဲ့ အထည် ဦးစားပေး ပုံစံ ၂ မျိုးရနိုင်ပြီး Vinyl သားရဲ့ အရည်အသွေးက တော်တော်ကို ကောင်းမွန်တာပါ။ အကြီးစားတန်းဝင် မော်ဒယ်ဖြစ်ပြီး အလျား ၁၇ ပေနဲ့ ၅ လက်မရှိမှာဖြစ်သလို မျက်နှာစာ အကျယ် ၆ ပေနဲ့ ၇.၄ လက်မ၊ အမြင့် ၆ ပေနဲ့ ၂.၆ လက်မရှိမှာပါ။ လမ်းကြမ်းမောင်းမော်ဒယ်ဖြစ်ပေမယ့် ကိုယ်ထည်က မြေပြင်နဲ့ ၆ လက်မခွဲပဲ ကွာဟမယ့် တစ်ချက်ကတော့ သိပ်မကြိုက်ချင်ပါဘူး။ အတွင်းခန်း အနေအထားမှာတော့ Ext ပုံစံနဲ့မို့ နောက်ခန်းကို အလေးထား မပြောချင်ပေမယ့် ရှေ့ခန်း က ၆၅.၆ လက်မထိအောင် ကျယ်ဝန်းမှာလည်း ဖြစ်ပါတယ်။

အင်ဂျင်ပိုင်း …

မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်က ၃.၆ လီတာသုံး V6 အင်ဂျင် ဖြစ်ပြီးတော့ V6 တန်းဝင်တွေထဲမှာ အကြီးဆုံးလည်းဖြစ်ပါတယ်။ အင်ဂျင်က အခြေခံ လည်
ပတ်အား တစ်မိနစ် အပတ်ရေ ၄၁၇၅ မှာတင် ရုန်းအားက ၂၆၉ ပေါင်-ပေရှိမှာ ဖြစ်ပြီး စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၃၀၅ ကောင်အား ဖြစ်ပါတယ်။ ရုန်းအားကို ဦးစားပေးထားတာကြောင့် အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းတွေမှာတော့ အားနည်းချင်မှာဖြစ်ပြီး အင်ဂျင် အရွယ်ကြီးမားတာကြာင့် ဆီစားနှုန်းထိန်းနိုင်အောင် အင်ဂျင်ရဲ့ လည်ပတ်အားကိုတော့ ထိန်းထားတာ တွေ့ရပြီး တစ်မိနစ်ကို အမြင့်ဆုံး အပတ်ရေ ၆၄၀၀ ပဲ လည်ပတ်စေမှာ ဖြစ်ပါတယ်။

မောင်းနှင်နိုင်မှု …

မော်ဒယ်ကို နောက်ဘီးယက်စနစ်နဲ့ ဖန်တီးထားပြီး ဇိမ်ခံမော်ဒယ်မျိုး ဖန်တီးလာတာကြောင့် ဂီယာချက်မှာ Auto စနစ်နဲ့ ၈ ချက်ထိအောင် သုံးနိုင်မှာပါ။ ဒါ့အပြင် RAM က အခု မော်ဒယ်ကို ဥရောပ ဈေးကွက်မှာပါ အောင်မြင်ချင်တာကြောင့် အခုလို ဂီယာချက်များအောင် ဖန်တီးထားတာလည်း ဖြစ်နိုင်ပါတယ်။ မော်ဒယ်က ဝန်တင်ဆောင်နိုင်မှု အနေနဲ့တော့ ပေါင် ၅၀၀၀ ထိအောင်ပဲ ရမှာဖြစ်ပြီး နောက်ဆွဲ အနေနဲ့ဆိုရင် ပေါင် ၂၅၀၀ ဝန်းကျင်ရမှာပါ။ အမြန်နှုန်း မြှင့်တင်နိုင်မှုမှာ တခြား မော်ဒယ်တွေထက် အားနည်းပြီးတော့ တစ်နာရီ မိုင် ၆၀ နှုန်းအတွက် အချိန် ၉ စက္ကန့်ကျော်ထိအောင် ယူမှာဖြစ်လို့ နည်းနည်းတော့ နှေးချင်ပါတယ်။

သုံးသပ်ချက် …

မော်ဒယ်က တပ်ဆင်ဆီတိုင်ကီအပိုင်းမှာ ၃၂ ဂါလံ ဆံ့အောင် ဖန်တီးထားတယ်၊ ပျမ်းမျှ ဆီစားနှုန်းက ဆီတစ်ဂါလံကို ၂၆ မိုင်လောက်ပဲ စီးနင်းနိုင်မှာဖြစ်ပါတယ်။ ဆီစားနှုန်းမှာတော့ အာရှထုတ် မော်ဒယ်တွေလောက် မချိုပေမယ့် ဥရောပထုတ် မော်ဒယ်တွေကိုတော့ ယှဉ်နိုင်လာပါတယ်။ စွမ်းဆောင်ရည်လည်း ကောင်းလာပြီး ဝန်တင်ဆောင်နိုင်မှုမှာတော့ အင်ဂျင်သေးလိုက်တာကြောင့် အနေတော် ဖြစ်သွားပါတယ်။ ဓာတ်ဆီ အင်ဂျင်တွေကိုပါ ရနိုင်နေတဲ့ အနေအထားမှာ ကျွန်တော်က ဈေးနှုန်းလည်း မြင့်ချင်မယ့်၊ သိသာတဲ့ စွမ်းဆောင်ရည်လည်း မပြနိုင်တဲ့ ဒီဇယ်အင်ဂျင် မော်ဒယ်တွေကို ခဏမေ့ထားပြီး ဓာတ်ဆီအင်ဂျင်နဲ့ 1500 တွေကို ပိုပြီး သဘောကျနေမိပါတယ်။

Ref: www.edmunds.com

Tags: