Home » 

မိသားစုသုံးအတွက် အကောင်းဆုံး မော်ဒယ်ဖြစ်လာတဲ့ Audi A4 Wagon

By: 

လင်းထက် (IA)

မော်ဒယ်က အရွယ်အစားပိုင်းမှာ အနေတော်အရွယ်လို့ ဆိုနိုင်မယ့် Compact တန်းဝင်ပါ၊ မြို့တွင်းသုံးလည်း အဆင်ပြေမယ်၊ ခရီးဝေး မောင်းနှင်နိုင်မှု လည်း ကောင်း မယ်ပေါ့။ တစ်ခုရှိတာကတတိယ ထိုင်ခုံတန်း၊ နောက်ပိုင်းထုတ် မော်ဒယ်တွေက မိသားစုသုံးအတွက် အကောင်းဆုံး အဆင်ပြေအောင် တတိယထိုင်ခုံတန်းကို ထည့်လာပေ မယ့် အခု A4 မှာတော့ မထည့်ထားပါဘူး။ ဆီဒင် အနေနဲ့လည်း ရနိုင်ပေမယ့် လူကြိုက်နည်းပါတယ်၊ ပြည်တွင်း အနေအထားနဲ့ဆိုရင် ဇိမ်ခံ မော်ဒယ် အဖြစ်နဲ့ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အတွင်းခန်း အပြင်အဆင်က သားရေသားထည့်သွင်းမှု နည်းပေမယ့် အဆင့်မြင့် Plastic နဲ့အထည်သားကို Vinyl နဲ့ ပေါင်းပြီး ပြင်ဆင် ထားတာပါ။ နည်းပညာပိုင်းက လျှပ်စစ်စနစ်နဲ့ ကားတစ်စီးလုံးကို ထိန်းချုပ်ထားပါတယ်။ ဒါက နောက်ပိုင်းမော်ဒယ်မြင့်၊ နည်း ပညာမြင့်တွေမှာပဲ တွေ့ရနိုင်တဲ့ စနစ်တွေပါ။ ကောင်းပါပြီ၊ နည်းနည်းလောက် ဆက်ကြည့်ရအောင်ပါ။

အားသာချက် …

မော်ဒယ်က ဆီစားနှုန်း အထူးသက်သာကောင်းမွန်ခြင်း တစ်ချက်က လူတိုင်း နှစ်သက်လက်ခံစေမှာပါ။ အင်ဂျင်က အနေတော် ဖြစ်ပေမယ့် စွမ်းအင် ထုတ်လုပ်မှု အားကောင်းတာကြောင့် ဆီစားနည်းတာလို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ အင်ဂျင်က ဇိမ်ခံပုံစံနဲ့ V6 မျိုး လိုချင်တယ်ဆိုရင်လည်း ရနိုင်အောင် ထုတ်လုပ်ထားပါသေးတယ်။ ကျွန်တော်ကတော့ မိသားစုသုံးအတွက် ဦးတည် ပြောချင်တာကြောင့် အသေးစား အင်ဂျင်စနစ်ကိုပိုပြီး နှစ်သက်ပါတယ်။ အင်ဂျင်တွေရဲ့ ရုန်းအားက စွမ်းအင် ထုတ်လုပ်မှုထက် ပိုများပြီး တောင်တက်လမ်း၊ လမ်းကြမ်းတွေလည်း စိတ်ကြိုက်မောင်းနှင်နိုင်သလို ဖျော်ဖြေရေးနဲ့ အကူစနစ်တွေလည်း တစ်ဆက်တည်း အချိန်ကြာသုံးနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံး အားသာချက်ကတော့ Crash Test မှာ ရမှတ်တွေ အမြင့်ဆုံး ရထားတာကြောင့် လုံခြုံစိတ်ချရမှုအပိုင်း ကောင်းမွန်တာပဲဖြစ်ပါတယ်။

အားနည်းချက် …

အထက်မှာ အတွင်းခန်း အပြင်အဆင် အရည်အသွေး ကောင်းမွန်တယ်လို့ ဆိုခဲ့ပေမယ့် ဒီဇိုင်းပိုင်းမှာ ခေတ်နည်းနည်း ကျန်ချင်နေတာတစ်ခုတွေ့ရပါတယ်။ နောက်ပြီးတော့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ Transmission စနစ်က CVT Auto စနစ်နဲ့ ဖြစ်တာကြောင့် တခြား တန်းတူ အင်ဂျင်တပ် မော်ဒယ်တွေနဲ့စာရင် အနည်းငယ်နှေးတာ တွေ့ရပါတယ်။ ပြီးတော့ Drive စနစ်မှာလည်း အခြားမော်ဒယ်တွေမှာလို နောက်ဘီးယက်စနစ်နဲ့ မလာဘဲရှေ့ဘီးယက်စနစ်နဲ့ ထုတ်လုပ် ထားတာကြောင့် ဆီစားနှုန်း သက်သာသွားပေမယ့် စွမ်းဆောင်ရည်အနည်းငယ် လျော့သွားစေချင် တာတွေ့ရပါတယ်။

ကိုယ်ထည်ပိုင်း …

Compact တန်းဝင် Wagon အမျိုးအစား မော်ဒယ် ဖြစ်ပြီးတော့ ခရီးသည် ငါးယောက်ထိအောင် လိုက်ပါစီးနင်းနိုင်မှာ ဖြစ်ကာ အရောင်အပိုင်းမှာတော့ စုစုပေါင်း ၁၂ ရောင်ထိအောင် ရနိုင်ပါတယ်။ အတွင်းဘက် အပြင်အဆင်ကလည်း သားရေနဲ့ Nappa, Vinyl ဦးစားပေးပုံစံ ၁၀ မျိုး ထိအောင် ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ ကိုယ်ထည်ရဲ့ အရွယ်အစားအပိုင်းမှာတော့ အလျား ၁၅ ပေနဲ့ ၅.၁ လက်မရှိမှာဖြစ်ပြီးတော့ မျက်နှာစာ အကျယ်က ၅ ပေနဲ့ ၁၁.၉ လက်မရှိမှာ ဖြစ်ပါတယ်။ ကားရဲ့ အမြင့်ကတော့ ၄ ပေနဲ့ ၈.၂ လက်မရှိမှာ ဖြစ်ပြီး Ground Clearance ကတော့ City အတွက် ထုတ်လုပ်ထားတဲ့ မော်ဒယ်ဖြစ်တာကြောင့် ၅ လက်မ နီးပါးပဲ ရှိမှာဖြစ်ပါတယ်။
အတွင်းခန်းတွေရဲ့ အကျယ်ကတော့ ရှေ့ဘက်ခန်းက ၅၅ လက်မခွဲနဲ့ နောက်ဘက်ခန်းက ၅၄ လက်မခွဲနီးပါးရှိမှာ ဖြစ်ပါတယ်။

အင်ဂျင်ပိုင်း …

မော်ဒယ်မှာ ရွေးချယ်နိုင်စရာ အင်ဂျင်စနစ် နှစ်မျိုး ရနိုင်ပါတယ်။ အသေးစား ၂.၀ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်နဲ့လည်း လာသလို စွမ်းဆောင်ရည်မြင့် Turbo ကူထားတဲ့ ၃.၀ လီတာသုံး V6 အင်ဂျင်နဲ့လည်း ရနိုင်ပါတယ်။ စနစ်နှစ်ခုစလုံးက ရုန်းအားကို ဦးစားပေး ဖန်တီးထားတာဖြစ်ပြီး ကျွန်တော် သဘောကျမိတဲ့ ၂.၀ လီတာ
သုံး အင်ဂျင်ကတော့ ရုန်းအား၂၆၁ ပေါင်-ပေမှာ စွမ်းအင် ထုတ်လုပ်ပေးနိုင်မှု မြင်းကောင်ရေ ၂၄၈ ကောင်အား ရှိပါတယ်။ အင်ဂျင်ကအခြေခံ လည်ပတ်အား တစ်မိနစ်
အပတ်ရေ ၂၅၀၀ ပဲ ဖြစ်လို့ ပုံမှန်ထက်လျှော့ထားပေမယ့် အမြန်ဆုံး လည်ပတ်နိုင်မှု နှုန်းမှာတော့ အပတ်ရေ ၆၅၀၀ ထိအောင် တင်ထားတာကြောင့် အမြန် ဆုံး မောင်းနှင်နိုင်မှုနှုန်း တစ်နာရီ မိုင် ၂၀၀ ကျော်ထိအောင် မောင်းနိုင်လာတာ တွေ့ရပါတယ်။
 
ဆီစားနှုန်း …

ဒီအပိုင်းကို ကြည့်မယ်ဆိုရင်တော့ Transmission အပိုင်းက Continuously Variable Speed Automatic စနစ်နဲ့ ဖြစ်တာကြောင့် ဆီစားနှုန်း နည်းနည်းများနိုင်ပေမယ့် Drive အပိုင်းက ရှေ့ဘီးယက်စနစ်နဲ့ ဖန်တီးထားသလို အင်ဂျင်က အရွယ်လည်း သေးပြီး လည်ပတ်အားလည်း နည်းတာကြောင့် ဆီစားနှုန်းက သက်သာနေတာဖြစ်ပါတယ်။ ဆီတစ်ဂါလံကို ပျမ်းမျှ ၂၈ မိုင်ထိအောင် စီးနင်းနိုင်မှာဖြစ်ပြီးတော့ မြို့တွင်းအတွက်ဆိုရင်  ဆီတစ်ဂါလံကို ၂၄ မိုင်နှုန်းနဲ့ အဝေးပြေးလမ်းကြောင်း တွေပေါ်မှာ ဆိုရင်တော့ ၃၂ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။  A4 မှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီကို ကြည့်မယ်ဆိုရင် ၁၆.၁ ဂါလံထိအောင် ရှိတာမို့ မော်ဒယ်အတွက် အရွယ်တော် ဖြစ် သလို ကားရဲ့ အတွင်းခန်း နေရာအကျယ်အဝန်းကိုလည်း လျော့မသွားစေအောင် ထည့်သွင်း ထားတာ တွေ့ရပါတယ်။

သုံးသပ်ချက် …

မော်ဒယ်က မိသားစုသုံးဖြစ်ပေမယ့် V6 အင်ဂျင်နဲ့ဆိုရင်တော့ စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ပါတယ်။ တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၅.၅ စက္ကန့်နဲ့ မောင်းနှင်နိုင်မယ်။ ဒါဟာ တန်းတူ မော်ဒယ်တွေ အားလုံးထက် ပိုပြီး မြန်ဆန်တဲ့ နှုန်းထားပါ။ ပြီးတော့ အင်ဂျင်၊ ကိုယ်ထည်၊ အနေအထားတူ မော်ဒယ်တွေ အားလုံးထက် ဈေးနှုန်းချိုသာတဲ့ အားသာချက် တစ်ချက်လည်းတွေ့ရပါသေးတယ်။ Suspension အပိုင်းမှာတော့ ရှေ့ဘက်၊ နောက်ဘက် နှစ်နေရာစလုံးကို Multi-link စနစ်နဲ့ ထိုင်ထားပြီး Stabilizer တွေ လည်း အကူ ထည့်ထားပါသေးတယ်။ အတွင်းခန်းကို လိုအပ်သလို ချဲ့နိုင်အောင် နောက်ဘက်ခုံတန်းတွေက ခေါက်သိမ်းနိုင်ဖို့ ဖန်တီးထားတာတွေ့ နိုင်ပြီး Heated Mirror တွေလည်း တပ်ဆင်ထားပါတယ်။ နောက်ပြီး Power Window စနစ်ကို 4 one-touch စနစ်နဲ့ သုံးနိုင်မှာ ဖြစ်ကာ စီးနင်းရမှု ကောင်းမွန်ဖို့အတွက် Cruise Control စနစ်၊ Sunroof နဲ့ အလှစီး မော်ဒယ်တစ်ခုအနေနဲ့ပါ အဆင်ပြေ စိတ်ကြိုက်ဖြစ်မယ့် မော်ဒယ်ကောင်း တစ်ခုပါပဲ။

Ref: www.edmunds.com

Tags: