Home » 

ပြည်တွင်းမှာ လူကြိုက်များလာတဲ့ Porsche Cayenne

By: 

လင်းထက် (IA)

ကျွန်တော်တို့ ပြည်တွင်းမှာ မော်တော်ကားတင်သွင်း စီးနင်းခွင့်ပေးလိုက်တာက ကားဈေးကွက်မှာ အပြောင်းအလဲ တိုးတက်မှုတွေ ဖြစ်လာစေတယ်လို့ ဆိုရမှာပါ။ နာမည်ကျော်တံဆိပ်နဲ့ မော်ဒယ်တွေ ဈေးကွက်ဝင်လာတယ်၊ စီးနင်းလာကြတယ်ပေါ့။ အခုလည်း Porsche ရဲ့ SUV မော်ဒယ်တစ်ခုအကြောင်း ပြောပြချင်ပါတယ်။ အရင်ကတော့ ဒီမော်ဒယ်ဒီတံဆိပ်က လမ်းမတွေထက်မှာ အတွေ့ရ နည်းပါတယ်။ ဒါပေမဲ့ အခုတော့ ဈေးနှုန်းသင့်တင့်မှု၊ အရည်အသွေး ကောင်းမွန်မှုတွေ က ပြည်တွင်းမှာ နေရာရလာစေပါပြီ။ Volkswagen ရဲ့ လက်ခွဲ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Porsche ရဲ့ ထုတ်လုပ်မှု ဖြစ်ပြီး ပင်ရင်း ကုမ္ပဏီကိုယ်တိုင်က Toyota ကို ရောင်း
အားပိုင်းမှာ ကျော်တက်နိုင်အောင် ရည်ရွယ်ပြီး ဈေးနှုန်းလျှော့ချမှုတွေ၊ အရည်အသွေး မြှင့်တင်မှုတွေ လုပ်ဆောင်လာခဲ့တာက အားသာချက် ဖြစ်လာစေခဲ့ပါ တယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ မော်ဒယ်ကို လေ့လာကြည့်ရအောင်ပါ။

လမ်းစုံ မောင်းဖို့အတွက် Cayenne

တကယ်ဆို မော်ဒယ်က ဇိမ်ခံ SUV တန်းဝင် ဖြစ်ပါတယ်။ Mercedes ရဲ့ G Class တွေကို ဈေးကွက်ပြိုင်ဆိုင် နိုင်အောင် ရည်ရွယ်ထားပုံရပါတယ်။ ဒါပေမဲ့ ဇိမ်ခံ SUV တစ်မျိုးတည်းနဲ့တော့ ဈေးကွက်မှာ လူကြိုက် မများနိုင်ပါဘူး။ ဒါကြောင့် မော်ဒယ်ကို Off-Road ပါ ရနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ City အတွက် ဆိုရင်တော့ ဆီစားနှုန်း နည်းနည်း ပိုသွားနိုင်ပါတယ်။ ဘယ်လောက်လဲဆိုတော့ Cayenne ရဲ့ပျမ်းမျှ ဆီစားနှုန်းက ဆီတစ်ဂါလံကို ၁၇ မိုင်မှာ City အတွက်ကိုတော့ ၁၅ မိုင်ထိပဲ စီးနင်းနိုင်မှာ ဖြစ်ပေမယ့် Highway အတွက်ဆိုရင်တော့ ၂၂ မိုင်ထိ အောင်ရမှာပါ။ ဒီနေရာမှာ တစ်ခု ဖြေသာစရာ ရှိတာက ၃.၆ လီတာသုံး V6 အင်ဂျင်တပ် ဥရောပထုတ် မော်ဒယ်တစ်စီးက ပျမ်းမျှ ဆီတစ်ဂါလံကို ၁၇ မိုင်ဆိုတာ ပုံမှန်နှုန်းဖြစ်လို့ ဆီစားများတယ်လို့တော့ မဆိုနိုင်ပါဘူး။

စွမ်းဆောင်ရည် ကောင်းမွန်တဲ့ Cayenne

Cayenne ရဲ့ အားသာချက် တစ်ချက်ဖြစ်တဲ့ အင်ဂျင်ပိုင်း စွမ်းဆောင်ရည် ကောင်းမွန်မှုမှာ V Series အင်ဂျင်တွေကို စိတ်ကြိုက်ရွေးချယ်နိုင်မှာ ဖြစ်သလို V6 ဖြစ်ဖြစ်၊ V8 ဖြစ်ဖြစ် ကိုယ်နှစ်သက်ရာရနိုင်မှာပါ။ နောက်ပြီးတော့ စက်သုံးဆီစနစ်မှာ ဒီဇယ်ဆီစနစ်သုံး မော်ဒယ်တွေကိုလည်း ထုတ်လုပ်ထားတာ တွေ့နိုင်ပြီးတော့ Audi နဲ့ နည်းပညာပိုင်း ဆက်စပ်မှုရှိတဲ့ Porsche အတွက်တော့ ဒီဇယ်အင်ဂျင်တပ် မော်ဒယ်က စွမ်းဆောင်ရည် ပိုမိုကောင်းမွန်တာ တွေ့ရပါတယ်။ အခု ကျွန်တော် ပြောနေတဲ့ မော်ဒယ်ကတော့ ၃.၆ လီတာသုံး V6 အင်ဂျင်တပ် မော်ဒယ် ဖြစ်ပြီးတော့ သူက တစ်မိနစ် လည်ပတ်အား အပတ်ရေ ၃၀၀၀ မှာ ရုန်းအားက ၂၉၅ပေ-ပေါင် ရှိမှာ ဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှု နှုန်းကတော့ မြင်းကောင်ရေ ၃၀၀ အား ရှိမှာပါ။ အင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်နိုင်စွမ်းက တစ်မိနစ်ကို အမြင့်ဆုံး အပတ်ရေ ၆၃၀၀ ဆိုတဲ့အချက်က ဆီစားနည်းနည်းများ နေစေတဲ့အချက် ဖြစ်မှာပါ။

စိတ်ကြိုက် ဝန်တင်ဆောင် နိုင်မယ့် Cayenne

SUV တစ်စီးအတွက် အမြင့်ဆုံး ဝန်ရုန်းကန်နိုင်မှုအား ဘယ်လောက်ထိအောင် အများဆုံး တွေ့ဖူးပါသလဲ၊ အမေရိကန် SUV တွေကတော့ ပေါင် ၅၀၀၀ ဝန်းကျင်ထိအောင် ရုန်းကန်နိုင်ပါတယ်။ အခု ဂျာမနီ မော်ဒယ်ကတော့ ပေါင် ၆၀၀၀ နီးပါး ထိအောင် ရုန်းကန်နိုင်မှာပါ။ ဒါဟာ အလတ်တန်းစားSUV တစ် စီးအတွက်တော့ နည်းတဲ့ ပမာဏ မဟုတ်ပါဘူး။ ကားတစ်စီးလုံးရဲ့ အလေးချိန်က ပေါင် ၄၄၀၀ နီးပါးရှိမယ့်အပြင် ဝန်တင်ဆောင်နိုင်မှုပေါင် ၂၀၀၀ ဝန်းကျင်နဲ့ ဆိုတော့ ၃.၆လီတာသုံး V6 အင်ဂျင် တပ်ထားတာ လွန်ရာ မကျတော့သလို ဘီးစုံယက်စနစ်နဲ့ ဖန်တီးထားတာကလည်း အပြစ်ပြောလို့ မရတော့ပါဘူး။ Turning Circle အပိုင်းမှာတော့ ၃၉.၁ ပေထိအောင်ရှိမှာ ဖြစ်လို့ ပြိုင်ဘက်မော်ဒယ်တွေထက် အသာရနေပါတယ်။

ကျစ်လျစ်တဲ့ ကိုယ်ထည်နဲ့ Cayenne

Cayenne ရဲ့ ကိုယ်ထည်က Crossover တန်းဝင်လို့ ဆိုရမှာပါ၊ အလျားက ၁၅ ပေနဲ့ ၁၀.၈ လက်မ၊ မျက်နှာစာ အကျယ်က ၆ ပေနဲ့ ၄.၃ လက်မ၊ ကားရဲ့ အမြင့်က
၅ ပေနဲ့ ၇.၄ လက်မ ရှိမှာပါ။ ဒီနေရာမှာ Off-Road အတွက် ဖန်တီးထားတဲ့ မော်ဒယ်ဖြစ်လို့ Ground-Clearance က ၈.၇ လက်မထိအောင် ဖြစ်နေတာကတော့ အပြစ်မပြောသာပေမယ့် အဝေးက ကြည့်ရင်တော့ Cayenne က Frame မြှင့်ထားတဲ့ Custom တစ်စီးလို အထူးအဆန်းဖြစ်နေနိုင်ပါတယ်။ Porsche က Cayenne ကို Luxury တန်းဝင် အောင်ပါ ဖန်တီးထားပြန်တော့ အတွင်းပိုင်း အပြင်အဆင်က ဆွဲဆောင်မှု ကောင်းတာထက် အရည်အသွေးပြည့် သားရေ သားနဲ့ ထိုင်ခုံကအစ လက်တင် တွေထိအောင် ဦးစားပေးပြီး ဖန်တီးထားပါတယ်။ နောက်ပြီး ထူးခြားတာ တစ်ချက်က Cayenne က အလတ်တန်းစား SUV ဖြစ်တာကြောင့် တတိယ ထိုင်ခုံတန်းမပါပေမယ့် နောက်ဘက်ခုံတန်းတွေက ခေါက်ထားနိုင်အောင် ဖန်တီးထားတာကြောင့် ဝန်တင်ဆောင်စရာ နေရာ ပိုမို ကျယ်ဝန်းစေမှာ အမှန်ပါ။

အားနည်းချက် မကင်းတဲ့ Cayenne

ကားတစ်စီးရယ်လို့ ဆိုလိုက်တာနဲ့ တန်းမြင့် Luxury တွေဖြစ်တဲ့ Rolls-Royce တို့ Bentley တွေတောင်မှ အားနည်းချက် မကင်းတဲ့ အချိန်မှာ Cayenne မှာလည်း အားနည်းချက်တွေ ရှိပါတယ်။ ဒီနေရာမှာ သတိပြုရမယ့် အချက်တချို့ကိုပဲ ပြောချင်ပါတယ်၊ ပထမတစ်ချက်က ပုံမှန် ဝန်တင်ခန်း အတိုင်းဆိုရင် Cayenne ရဲ့ ဝန်တင်ဆောင်နိုင်မှု ပမာဏက တခြား ပြိုင်ဘက် မော်ဒယ်တွေထက် အနည်းငယ်ကျဉ်းပါတယ်၊ ဒါက ဆီတိုင်ကီကို ၂၆ ဂါလံခွဲထိအောင် ဆံ့ဝင်နိုင်အောင် ဖန်တီးလိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆိုလိုရင်းကတော့ နောက်ဘက် ထိုင်ခုံတန်းခေါက်သိမ်းလိုက်ပါမှ နောက်ဘက်ဝန်တင်ခန်း ပိုမိုကျယ်ဝန်းလာမယ်လို့ ဆိုချင်တာပါ။ နောက်တစ်ချက်ကတော့ V6 အင်ဂျင်တပ်မော်ဒယ်တွေမှာ တခြား ပြိုင်ဘက်မော်ဒယ်တွေမှာ သုံးထားတဲ့  V6အင်ဂျင်တွေလောက် စွမ်းဆောင်ရည် မကောင်းတာဘဲ ဖြစ်ပြီးတော့ V8 တွေကို ပိုပြီး သဘောကျမိပါတယ်။ နောက်ဆုံး တစ်ချက်ကတော့ ဘရိတ်ပိုင်း ဖြစ်ပြီး အားနည်းချက် အနည်းငယ် တွေ့ရသလို ရပ်တန့်မှု အကွာအဝေးလည်း အနည်းငယ်ပိုတာ တွေ့ရပါတယ်။

ဒါဆိုရင်တော့ အရည်အသွေးပိုင်း ကောင်းတယ်၊ စိတ်ချရတယ်၊ စွမ်းဆောင်ရည် သင့်တယ်၊ ဝန်တင်ဆောင်နိုင်မှု အားကောင်းပြီး ဇိမ်ခံ မော်ဒယ်ဖြစ်သည့်တိုင်အောင် လမ်းကြောင်းစုံမှာ စိတ်ကြိုက်မောင်းနှင်နိုင်မယ်ဆိုရင်တော့ Cayenne ရဲ့ဈေးကွက်က ခိုင်မာနေဦးမှာ၊ လူကြိုက်များနေဦးမှာ အမှန်ပါပဲ။

Ref: www.edmunds.com

Tags: