Home » 

ဇန်နဝါရီ ၂ ရက်နေ့မှ စတင်၍ MPT ၏ Mobile Seminar များ ပြုလုပ်မည်ဟု သိရ

By: 

ထွန်းထွန်း

မိုဘိုင်းဖုန်းအသုံးပြုသူများ၏ လုံခြုံရေးနှင့် အင်တာနက် အသုံးပြုမှုများအတွက် Mobile Seminar များကို ၂၀၁၇ ခုနှစ်စမှ စတင်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၂ ရက်မှ စတင်ကာ မတ်လကုန်အထိ မြို့နယ်ပေါင်း ၇၀ တွင်ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း၊ တက်ရောက်သူ နှစ်သောင်းကျော် လာရောက်ဆွေး နွေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သတင်းထုတ်ပြန် ထားသည်။ MPT မှ ပြုလုပ်သည့် မိုဘိုင်းဆွေးနွေးပွဲများ တွင် လူဦးရေ ၃၀,၀၀၀ ခန့် ပါဝင် တက်ရောက်ခဲ့ကြကြောင်း၊ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်သည့် အသိပညာ၊ မိုဘိုင်းဖုန်းကိုသင့်လျော်အောင် အသုံးပြုရန် အကြောင်းအရာ၊ အများပြည်သူကြား အွန်လိုင်းလုံခြုံရေး အစရှိသည့် အကြောင်းအရာများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

“ဒါ့အပြင် အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သုံးစွဲသူတွေအနေနဲ့ နိုင်ငံရဲ့ အကြီးမားဆုံး ကွန်ရက်ပေါ်မှာ အကောင်းဆုံး အတွေ့အကြုံတွေကို ဘယ်လိုများ ရရှိအောင် အသုံးပြုနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး အသုံးဝင်တဲ့ အချက်အလက်တွေကိုလည်း ဗဟုသုတအဖြစ် ဒီအစီအစဉ် မှာပြောပြ သွားမှာဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွင်း ထပ်မံ ပြုလုပ်သွားမည့် ဆွေးနွေးပွဲများကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး အစရှိသည့် တိုင်းဒေသကြီးများနှင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊  မွန်ပြည်နယ်၊ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ် အစရှိသော ပြည်နယ်များရှိ မြို့နယ်ပေါင်း  ၇၀ ခုတွင် ဆွေးနွေးပွဲပေါင်း ၇၁ ခုကို ပြုလုပ်
သွားမည် ဖြစ်ကြောင်း သိရသည်။

ပထမဆုံးအဖြစ် မိုဘိုင်းဆွေးနွေးပွဲကို ဧရာဝတီတိုင်း၊  ဇလွန်မြို့ရှိ ကြာသပတေး ပတ်ဆွမ်းလောင်းအသင်းတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလနှင့် ဇူလိုင်လအတွင်း နိုင်ငံအနှံ့အပြားရှိ သက်ဆိုင်ရာဒေသများမှ ကျောင်းများ၊ တက္ကသိုလ်များနှင့် စက်မှုဇုန်များတွင် မိုဘိုင်းဆွေးနွေးပွဲပေါင်း ၁၂၃ ခုပြုလုပ်ခဲ့ပြီး MPT သုံးစွဲသူပေါင်းများစွာကို အသိပညာများ မျှဝေနိုင်ခဲ့ကြောင်း သိရသည်။