Home » 

CES 2017 တွင် မိတ်ဆက်ပြသခဲ့သော ဆန်းသစ်မှု အရှိဆုံး ကားနည်းပညာ (၉) မျိုး

By: 

စိုးထက်

လတ်စ်ဗီးဂတ်မှာ ပြုလုပ်ခဲ့တဲ့ CES 2017 ပွဲမှာ အနာဂတ်ကားနည်းပညာတွေကိုလည်း ဝင်ရောက် ပြသခဲ့ကြပါတယ်။ ပြပွဲမှာ အထင်ရှားဆုံးဖြစ်တဲ့ concept ကားနည်းပညာကို (၉) မျိုးကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

Honda

Honda ကားမှာ အလိုအလျောက် မောင်းနှင်နိုင်တဲ့ concept လျှပ်စစ်ကားအဖြစ် လူသိများပါတယ်။ NeuV concept ဟာ မဝေးလှတဲ့ အနာဂတ်မှာ အိမ်နဲ့အလုပ်သွားသူစီးနင်းနိုင်မယ့် အလိုအလျောက် လျှပ်စစ်ကား တစ်မျိုး ဖြစ်ပါတယ်။ Honda ကားမှာ artificial intelligence ဒါမှမဟုတ် စိတ်ခံစားမှုရှိတဲ့ အင်ဂျင်ပါဝင်ပါတယ်။ Honda ရဲ့ကားပုံစံက သေတ္တာပုံစံဖြစ်ပြီး ကားစီးသူကို တုံ့ပြန်နိုင်ဖို့ အတွင်းခန်းက အရာတွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်ထားပါတယ်။ NeuV ဟာ ကားအချင်းချင်း ဆက်သွယ်မှုစနစ်များမှတစ်ဆင့် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်တယ်လို့ Honda ကဆိုခဲ့ပါတယ်။ ဒါ့အပြင် ယာဉ်ပူးပေါင်းဆောင်ရွက်မှု ဂေဟစနစ် နည်းပညာတစ်စိတ်တစ်ပိုင်းအဖြစ် concept မော်တော်ဆိုင်ကယ်ကိုလည်း Honda က ထုတ်ဖော်ပြသခဲ့ပါတယ်။

BMW

BMW က 7-Series ဆီဒန်ကားများမှာ လက်ဟန်နဲ့ ထိန်းချုပ်နိုင်မယ့် HoloActive Touch စနစ်ကို မိတ်ဆက်ခဲ့ပါတယ်။ လက်တစ်ချက်ဝှေ့လိုက်တာနဲ့ လေထဲမှာ မျောနေတဲ့ projection က touchscreen လိုမျိုး အပြန်အလှန်တုံ့ပြန်နိုင်ပါတယ်။ အဲဒီ concept ဟာ မင်းသားတွမ်ခရုစ်ပါဝင်တဲ့ Minority Report ဇာတ်ကားထဲက display ပုံစံမျိုးပါ။ BMW ရဲ့ခလုတ်ခုံအလယ် စတီယာရင်ဘေးမှာ control pad တစ်ခုပေါ်လာမှာပါ။ လက်ချောင်းလှုပ်ရှားပုံကတစ်ဆင့် လုပ်ဆောင်ချက် အမျိုးမျိုး ပြုလုပ်နိုင်ပါတယ်။ ကင်မရာက ယာဉ်မောင်းရဲ့ လက်ချောင်းလှုပ်ရှားမှု ပုံစံကို ခြေရာခံသွားမှာပါ။

Ford

Ford က ၂၀၂၁ ခုနှစ်မှာ အလိုအလျောက်မောင်းနှင်တဲ့ ကားတွေ အပြီးသတ်လုပ်ဆောင်ဖို့ ရည်မှန်းချက် ရှိပါတယ်။ Ford ရဲ့မျိုးဆက်သစ် Fusion Hybrid အလိုအလျောက်ကားဟာ ထင်ရှားတဲ့ ခြေလှမ်းတစ်ရပ်ပါ။ လက်ရှိ Ford ရဲ့အလိုအလျောက်မောင်းနှင်နိုင်တဲ့ ကားပလက်ဖောင်းမှာ ကွန်ပျူတာ hardware သစ်၊ လျှပ်စစ်ထိန်းချုပ်မှုနဲ့ ပတ်ဝန်းကျင်ကို ကောင်းစွာ ခြုံငုံနိုင်တဲ့ sensor နည်းပညာတွေနဲ့ အင်ဂျင်နီယာတွေက ထည့်သွင်းတည်ဆောက်ထားပါတယ်။ LIDAR sensor သစ်တွေဟာ ဒီဇိုင်းပိုင်းသပ်ရပ်မှုရှိပြီး မြင်ကွင်းလည်း ပိုမိုကောင်းလာပါတယ်။ ယခင်ကားမှာ sensor ၄ ခု အသုံးပြုထားပေမယ့် ယခုမျိုးဆက်သစ်ကားမှာတော့ sensor ၂ ခုပဲ အသုံးပြုထားပါတယ်။ ဒါပေမဲ့ အချက်အလက်တွေကို ပိုပြီးထောက်ပံ့ပေးနိုင်ပါတယ်။

Faraday Future

တရုတ်နိုင်ငံမှ ဘဏ္ဍာရေးထောက်ပံ့ထားတဲ့ Faraday Future ကုမ္ပဏီက အလိုအလျောက် မောင်းနှင်နိုင်တဲ့ FF 91 ကားကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲ့ဒီကားဟာ ၂.၃၉ စက္ကန့်အတွင်း မိုင် ၆၀ အထိ အရှိန်တင်နိုင်ပါတယ်။ FF 91 ဟာ ကမ္ဘာ့အမြန်ဆုံး ထုတ်လုပ်မှုပြုလုပ်နိုင်တဲ့ ကားလည်း ဖြစ်ပါတယ်။ ကားမှာ မြင်းကောင်ရေစွမ်းအင် ၁,၀၅၀ တပ်ဆင်ထားပါတယ်။ FF 91 မှာ ယာဉ်မောင်းကို သိနိုင်ဖို့ facial recognition နည်းပညာကို အသုံးပြုထားသလို ယာဉ်မောင်းနှင်တဲ့ အမူအကျင့်ကိုလည်း သင်ယူသွားမှာပါ။ လိုအပ်တဲ့ ရာသီဥတုအခြေအနေနဲ့ တခြားအကြောင်းရင်းတွေကို ခန့်မှန်းပေးပါတယ်။ ကားအတွင်း သက်သောင့်သက်သာရှိဖို့၊ စွမ်းဆောင်ရည်ကောင်းမွန်ဖို့နဲ့ လုံခြုံမှုအတွက် car setting တွေကို အလိုအလျောက် ချိန်ညှိပေးပါမယ်။

ကင်မရာတွေ၊ ရေဒါ၊ အထုတ်အသွင်းလုပ်နိုင်တဲ့ LIDAR နဲ့ ultrasonic အပါအဝင် sensor ၃၀ ကျော်ပေါင်းစပ်ပြီး feature တွေသုံးနိုင်ပါတယ်။ ကားမှာစွမ်းအင် ၁၃၀ ကီလိုဝပ်ပါဝင်ပြီး ၃၇၈ မိုင် ကျော် မောင်းနှင်နိုင်ပါတယ်။ FF 91 အလိုအလျောက်ကားနည်းပညာမှာ စီးနင်းသူကို တည်နေရာသို့ လိုက်ပို့အပြီး ကားပါကင်ထိုးနိုင်ပါတယ်။ ကားစီးနင်းသူက app မှတစ်ဆင့် ပြန်ဆင့်ခေါ်နိုင်ပါသေးတယ်။

Nissan

Nissan ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ကားလို့စ်ဂိုဆန်က CES 2017 ပြပွဲမှာ မျိုးဆက်သစ် Leaf ကားကို ဖန်တီးနေတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ မပြောသွားခဲ့ပါဘူး။ သတင်းစာရှင်းလင်းပွဲ အတွင်းမှာ ဂိုဆန်က Seamless Autonomous Mobility (SAM) စနစ်ကို ထုတ်ဖော် မိတ်ဆက်ခဲ့ပါတယ်။ Nissan ရဲ့ Intelligent Mobility စနစ်အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

SAM မှာ ကားက auto mode ဖြစ်နေချိန်မှာ လူကိုယ်တိုင်တားဆီးမှု လိုအပ်မှု ရှိ၊ မရှိ တွက်ချက်ပေးပါတယ်။ ဥပမာအနေနဲ့ ကားက အခြေအနေမရှင်းလင်းတဲ့ နေရာမျိုး ရောက်သွားရင် လူက ကူညီနိုင်ဖို့ ထိန်းချုပ်စင်တာကိုသတိပေးသွားပါမယ်။ ထိန်းချုပ်စင်တာက လူအနေနဲ့ ကားမြင်ကွင်းအတိုင်း တွေ့မြင်ပြီး လမ်းညွှန်မှုတွေ ပြုလုပ်နိုင်မှာပါ။

Toyota

Toyota က CES ပြပွဲမှာ နည်းပညာမြင့်ကားအတွင်းခန်း concept သစ်ကို ပြသခဲ့ပါတယ်။ ဒါ့အပြင် အင်တာနက်ချိတ်ဆက်ထားတဲ့ ကားအောက်ခံဘောင်သစ်နဲ့ telematics (အဝေးမှ သတင်းအချက်အလက်များကို ပေးပို့ခြင်း) စနစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ Toyota ရဲ့ Concept-I မှာ Yui လို့အမည်ရတဲ့ AI စနစ်ကို အသုံးပြုထားပါတယ်။ လူသားကိုယ်တိုင် ကားကို ထိန်းချုပ် မောင်းနှင်မှုကို မပယ်ဖျက်ဘဲ လုံခြုံမှုရှိအောင် ကူညီပေးမဲ့ စနစ်ဖြစ်ပါတယ်။ အဲဒီစနစ်က လူရဲ့ စိတ်ခံစားချက်ကို ဖတ်ရှုပြီး လိုအပ်တဲ့ အကူအညီပေးသွားမှာပါ။ ဥပမာအနေနဲ့ ယာဉ်မောင်းက ပင်ပန်းနေရင် စကားပြောဆိုသွားမဲ့အပြင် ရေဒီယိုဖွင့်ခြင်း စတဲ့ တာဝန်တွေကို ပြုလုပ်ပေးမှာပါ။ ဒါမှပဲ ယာဉ်မောင်းက ကားကို အာရုံစိုက် မောင်းနိုင်မှာပါ။

Fiat-Chrysler

Fiat-Chrysler ရဲ့ Protal ဟာ လျှပ်စစ်စွမ်းအင်သုံး မီနီဗန်ဖြစ်ပြီး အနာဂတ်မှာ ထွက်ပေါ်မယ့် အလိုအလျောက်မောင်းနှင်နိုင်တဲ့ လျှပ်စစ်ကားတစ်မျိုးဖြစ်ပါတယ်။ Portal မှာ ထိုင်ခုံခြောက်ခုံ ပါဝင်ပါတယ်။ အားတစ်ခါသွင်းရင် မိုင် ၂၅၀ အထိ မောင်းနှင်နိုင်ပါတယ်။ ဘက်ထရီပမာက ၁၀၀ ကီလိုဝပ်အထိ ရှိလာမှာပါ။ မိနစ် ၂၀ လောက် အားသွင်းထားရင် မိုင် ၁၅၀ နီးပါး မောင်းနှင်နိုင်မှာပါ။ ဒါ့အပြင် Uconnect လို့အမည်ရတဲ့ ကားချိတ်ဆက်မှုနဲ့ဆိုင်တဲ့ စတုတ္ထမျိုးဆက်အပြင် Pacifica Hybrid ကားအမျိုးမျိုးအတွက် နည်းပညာတွေကိုလည်း FCA (Fiat Chrysler Automobiles) က CES ပြပွဲမှာ မိတ်ဆက်ခဲ့ပါတယ်။

Hyundai

အလိုအလျောက်မောင်းနှင်နိုင်တဲ့ Ioniq concept ဆီဒန်ကား ရှေ့ပြေးပုံကို Hyundai ကပြသခဲ့ပါတယ်။ Hyundai ရဲ့ Ioniq ကားမှာ sensor တွေကို မမြင်တွေ့နိုင်အောင် ပြုလုပ်ထားတာကြောင့် သမားရိုးကျ ကားတစ်စီးနဲ့ ပိုတူပါတယ်။

Mercedes-Benz

Mercedes ရဲ့ Concept EQ SUV ကို ၂၀၁၉ ခုနှစ်မှာ ထုတ်လုပ်မိတ်ဆက်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ ယခု concept ကားကို မကြာမီထုတ်လုပ်နိုင်တော့မယ်လို့ Mercedes က ဆိုခဲ့ပါတယ်။ EQ ကားကို အားတစ်ခါသွင်းရင် မိုင် ၃၁၀ အထိ မောင်းနှင်နိုင်ပါတယ်။ ကားရဲ့ dashboard မှာ ၂၄ လက်မအရွယ် display တစ်ခုလည်းပါလာမှာပါ။ ၂၀၁၈ ခုနှစ်မှာ ချစ်ပ်ကုမ္ပဏီ Nvidia နဲ့ပူးပေါင်းပြီး ကားမှာ AI ထောက်ပံ့သွားမယ်လို့ Mercedes က ထုတ်ပြန်ထားပါတယ်။

Ref: MensJournal