Home » 

သတင်းအတု အယောင်တွေကို စစ်ထုတ်နိုင်မည့် နည်းလမ်း (၁၀) ချက်

By: 

ဟိန်းထက်

ယနေ့ခေတ်တွင် သတင်းအတုအယောင် (fake news) များဟာ လူမှုကွန်ရက်များ၊ ၀က်ဘ်ဆိုဒ်များမှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာနေပါတယ်။ အမေရိကန်သမ္မတ အိုဘားမားကတောင်မှ ဒီသတင်း အတုအယောင်တွေဟာ အမေရိကန် ရွေးကောက်ပွဲအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆို ခဲ့ရပါတယ်။ Facebook နဲ့ Google တို့လို ကုမ္ပဏီကြီးတွေကလည်း သတင်း အတုအယောင်တွေကို တိုက်ဖျက်သွားမယ်လို့ မကြာသေးမီကပဲကြေညာသွားပါတယ်။ သတင်းအတု အယောင်တွေရဲ့ ပြဿနာဟာ ဒီလောက်အထိကို ကြီးထွားလာနေပါတယ်။

ဒီသတင်းအတု အယောင်တွေကို စစ်ထုတ်ဖို့ဆိုတာ လက်တွေ့မှာ တော်တော်လေး ခက်ပါတယ်။ တစ်ခါတလေ ယုံကြည်အားကိုးထိုက်တဲ့ သတင်းဌာနတွေ ကိုယ်တိုင်က သတင်းအတု အယောင်တွေ ပေးမိတာမျိုးတွေလည်း ရှိခဲ့ဖူးပါတယ်။ တစ်ခါကဆိုရင် Reader’s Digest မဂ္ဂဇင်းဟာ တရုတ်ပြည်မှာ မြူတွေထူထပ်လွန်းလို့ နေထွက်တာကို ကြော်ငြာဘုတ် ကနေတောင် ပြရတယ်ဆိုတဲ့ သတင်းမှား တစ်ပုဒ်ကို မတော်တဆ ဖော်ပြခဲ့မိပါတယ်။ နောက်မှ သတင်းအမှားမှန်းသိပြီး ပြန်ဖြုတ်ချခဲ့ရပါတယ်။

သတင်းအတု အယောင်တွေဟာ အသေးအဖွဲကိစ္စလို့ ထင်ရပေမယ့် တကယ်တမ်း လူအများစုရဲ့ ယုံကြည်မှုကိုသာ ရခဲ့ရင် နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုတောင် ထိပါးနိုင်တဲ့အထိ အဖျက်စွမ်းအား ကောင်းသွားတတ်ပါတယ်။ ဒါကြောင့် သတင်းအတု အယောင်တွေကို စစ်ထုတ်နိုင်ဖို့ရာ အလွန်အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာတော့ သတင်းအတုအယောင်တွေကို စစ်ထုတ်နိုင်မယ့် နည်းလမ်း (၁၀) ချက်ကို ဖော်ပြထားပါတယ်။

(၁) သတင်းဌာနကိုယ်တိုင်က လူပြိန်းကြိုက်သတင်းစာ (tabloid) ဖြစ်နေလား စစ်ဆေးပါ။

Tabloid ဆိုတာက ကိုယ့်သတင်းစာ လူကြိုက်များအောင် အထူးအဆန်း သတင်းတွေကို ဦးစားပေး ဖော်ပြတဲ့ သတင်းစာကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ အချို့သတင်းဌာနတွေဟာ tabloid ထုတ်ဝေတဲ့ သတင်းဌာနတွေအဖြစ် အစောကတည်းက လူသိများပြီး ဖြစ်ပါတယ်။ ဥပမာ ဗြိတိန်နိုင်ငံက Daily Mail နဲ့ Sun သတင်းစာဟာဆိုရင် tabloid တွေ ဖြစ်ကြပါတယ်။ Daily Mail က ပိုပြီးတော့ မယုံကြည်ရတဲ့အထဲ ပါပါတယ်။ ဒါပေမဲ့ အံ့သြစရာ ကောင်းတာကတော့ နှစ်ခုစလုံးဟာ အင်တာနက်မှာ လူဖတ်အများဆုံးပါပဲ။

ရှုပ်ထွေးစရာ ကောင်းတဲ့ အချက်ကတော့ ပုံနှိပ်ဖော်ပြတဲ့ Daily Mail သတင်းစာက အချက်အလက်မှန်တဲ့ သတင်းတွေကို ဦးစားပေးပြီးတော့ အင်တာနက် စာမျက်နှာ ဖြစ်တဲ့ Mail Online ကတော့ tabloid သတင်းတွေကို အဓိကထားပြီး ဖော်ပြပါတယ်။ အဲ့လိုခွဲထားတာကို မသိတဲ့ လူတွေကတော့ သတင်းစာအတိုင်းပဲ မှန်မှာပဲလို့ထင်ပြီး အယုံလွယ်မိ တတ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ tabloid လို့ လူသိများတဲ့ သတင်းစာတွေကို မဖတ်တာ အကောင်းဆုံးပါပဲ။

နောက်ထပ် လူသိများတဲ့ tabloid တွေကတော့ Empire News, Empire Sports, Huzlers,  National Report, The Daily Current, The Wyoming Institute of Technology and World News Daily Report တို့ပါပဲ။ တခြား tabloid သတင်းစာတွေရဲ့ စာရင်းကို Google ကနေ ရှာကြည့်နိုင်ပါတယ်။

(၂) သတင်းတွေက မယုံနိုင်စရာ ကောင်းလောက်အောင် ဆန်းကျယ်နေလား စစ်ဆေးပါ။

အထက်မှာ ဖော်ပြထားတဲ့ tabloid စာရင်းက ပြီးပြည့်စုံမှု ရှိမှာမဟုတ်ပါဘူး။ ဒါဆိုရင် သတင်းတစ်ခုဟာ tabloid စာရင်းထဲ မပါနေရင် မှားလား မှန်လား ဘယ်လိုခွဲခြားတော့မလဲ။ နည်းလမ်းကောင်း တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ တခြားသတင်းခေါင်းစဉ်တွေကို အမြန်ဖတ်ကြည့် ကြည့်တာပါပဲ။

ဆိုကြပါစို့။ “သမ္မတ အိုဘားမား heart attack ရ” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ကို စာဖတ်သူ စိတ်ဝင်စားမိတယ် ဆိုပါစို့။ ဒီသတင်းမှန်မမှန် သိဖို့အတွက်ဆိုရင် အခြားသတင်းတွေရဲ့ ခေါင်းစဉ်တွေနဲ့ စာသားအနည်းငယ်ကို ကောက်ဖတ်ကြည့်လိုက်ပါ။ အကယ်၍ အခြားသတင်း ခေါင်းစဉ်တွေကလည်း “လူကနေ ဂြိုဟ်သားလေး မွေးဖွား” “ကလေးတစ်ယောက်က ကင်ဆာပျောက်ဆေးကို မတော်တဆ ရှာတွေ့” စတဲ့ မယုံချင်စရာကောင်းတဲ့ သတင်းခေါင်းစဉ်တွေသာ ဖြစ်နေမယ်ဆိုရင်တော့ ဒါသေချာပါပြီ။ ဒီသတင်းစာဟာ
လည်း tabloid ပါပဲ။

(၃) အခြားသတင်း ဌာနတွေက ဒီသတင်းကို ဖော်ပြထားလား ရှာကြည့်ပါ။

သတင်းတစ်ပုဒ်ဟာ တရားဝင်သတင်း ဟုတ်မဟုတ် သိနိုင်ဖို့ရာ အလွယ်ဆုံး နည်းလမ်းရှိပါတယ်။ အဲ့ဒါကတော့ အခြားသတင်းဌာနတွေက ဒီသတင်းကို ဖော်ပြထားခြင်း ရှိမရှိ Google မှာရှာကြည့် လိုက်တာပါပဲ။ ကဲ အထက်က သမ္မတအိုဘားမား ဥပမာနဲ့ပဲ ဆက်ပြောရအောင်။ ဒီသတင်းကို ဖတ်လိုက်ရချင်းမှာ စာဖတ်သူရဲ့ စိတ်ထဲမှာ ၀မ်းနည်းကောင်း ၀မ်းနည်းသွားမှာပါ။ ဒါပေမဲ့ ဒီသတင်းကို ကိုယ်တစ်ခါမှ မတွေ့ဖူးတဲ့ သတင်းဌာန တစ်ခုက ဖော်ပြထားတယ်ဆိုတာကို ခဏနေတော့ သတိပြုမိမှာပါ။ အဲ့ဒီသတင်းဌာနကို BigNews.com လို့ ဆိုကြပါစို့။ ဒါဆိုရင် browser ကိုဖွင့်ပြီး search bar မှာ “President Obama heart attack” လို့ လွယ်လွယ်ရေးပြီး ရှာလိုက်ပါ။ ဘာသတင်းတွေ တက်လာလဲ ဖတ်ကြည့်လိုက်ပါ။ တကယ်လို့ ယုံကြည်ရတဲ့ သတင်းဌာနတွေဖြစ်တဲ့ The New York Times တို့၊ CBS တို့၊ CNN တို့က ဒီသတင်းကို ဖော်ပြထားရင် ဒါဟာ မှန်နိုင်ခြေ ရှိပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ တစ်ခု သတိထားစရာ ရှိပါတယ်။ အဲ့ဒါကတော့ ဒီ CNN တို့ CBS တို့က ဖော်ပြထားရုံနဲ့ အထဲကစာကို မဖတ်ဘဲ တန်းမယုံလိုက်ပါနဲ့။ စာကိုယ်ရယ် အကိုးအကားစာရင်း (source) ကို သေသေချာချာ ဖတ်ပါ။ တကယ်လို့ ဒီသတင်းဌာနတွေ ကိုယ်တိုင်က BigNews.com ကိုချည်းပြန်ပြီး ကိုးကားထားရင် ဒါဟာ ယုံကြည်စိတ်ချလို့ မရသေးပါဘူး။ သူများဆီက အကိုးအကားမယူဘဲ ကိုယ်တိုင်ရေးထားတဲ့ သတင်းဌာနကိုရှာပါ။ အဲ့လို ကိုယ်ပိုင်သတင်းထောက်တွေနဲ့ သေသေချာချာ စစ်ဆေးပြီးမှ ရေးထားတဲ့ သတင်းကိုသာ ယုံကြည်ပါ။

(၄) သတင်းက အနာဂတ်ရဲ့ ကံကြမ္မာဆိုးတွေကို ခန့်မှန်းထားတဲ့ သတင်းလား စစ်ဆေးပါ။

သတင်းအတု အယောင်တွေက စာဖတ်သူတွေကို ဆွဲဆောင်နိုင်တဲ့ အချက်တစ်ချက်ကတော့ အဲ့ဒီသတင်းတွေဟာ နောင်လာမယ့် အနာဂတ်တွေမှာ ဖြစ်ပေါ်လာမယ့် ဘေးအန္တရာယ်တွေကို မကြာခဏ ဖော်ပြလေ့ရှိတာပဲ ဖြစ်ပါတယ်။ တချို့ သတင်းတွေကတော့ အတော့်ကို ဆန်းကြယ်ပြီး လုပ်ကြံဇာတ်လမ်းမှန်း သိသာပါတယ်။ ဥပမာ ကမ္ဘာပျက်မယ့်နေ့၊ တတိယ ကမ္ဘာစစ်စတင်မယ့်နေ့ စသည်တို့ပါပဲ။ တချို့သတင်းတွေကတော့ ဖြစ်ရပ်မှန်တွေအပေါ် အခြေခံပြီး လုပ်ကြံဖန်တီးထားတာ ဖြစ်တဲ့အတွက် ယုံကြည်စရာ ကောင်းနေပြန်ပါတယ်။ ဥပမာ ၂၀၂၀ ကျရင် ကမ္ဘာကြီးတစ်ခုလုံး ရေတွေခန်းခြောက်သွားမယ် စတဲ့ သတင်းမျိုးတွေပါ။ ဒီလိုသတင်းတွေဟာ သဘာဝပတ်ဝန်းကျင်ကြီး ထိခိုက်ပျက်စီးနေတယ်ဆိုတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်တော့ ရုတ်တရက်ဆိုရင် ယုံကြည်ချင်စရာပါပဲ။ ဒါပေမဲ့ သေသေချာချာ ဖတ်ကြည့်မယ်၊ တခြားသတင်းဌာနတွေနဲ့ တိုက်ဆိုင်စစ်ဆေး ကြည့်မယ်ဆိုရင်တော့ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေတာကို သိလာမှာပါ။ တစ်ခါတစ်ရံမှာတော့ ဒီလိုသတင်းတွေဟာ မှန်နေတတ်ပါတယ်။ ဥပမာ Ebola ရောဂါကပ် အကြောင်းလို သတင်းမျိုးပေါ့။ ဒါကြောင့် ဒီလိုသတင်းမျိုးတွေကို သေသေချာချာ ဖတ်ပါ။ တိုက်ဆိုင်စစ်ဆေးပါ။ များသောအားဖြင့်တော့ ဒီလိုသတင်းမျိုးတွေဟာလည်း အတုအယောင်တွေ ဖြစ်နေလေ့ ရှိပါတယ်။

(၅) သတင်းက ယခုခေတ်စားနေတဲ့ ရောဂါဆိုးကြီးတွေကို ကုသဖို့ နည်းလမ်းတွေ့ပြီလို့ ပြောတဲ့သတင်းလား စစ်ဆေးပါ။

ကပ်ဆိုးကြီးတွေကပဲ လူတွေရဲ့ အာရုံစိုက်တာကို အများဆုံးခံရတာ မဟုတ်ပါဘူး။ ကင်ဆာလို ရောဂါတွေဟာလည်း လူဖတ်များစေမယ့် သတင်းခေါင်းစဉ်တွေပါပဲ။ ဒါကြောင့်ပဲ ကင်ဆာကို အမြစ်ပြတ် ကုသနိုင်တဲ့ ကုထုံးပေါ်ပြီ၊ ဆီးချိုလုံးဝပျောက်စေတဲ့ အပင်တွေ့ပြီစတဲ့ သတင်းတွေဟာ အင်တာနက်စာမျက်နှာတွေမှာ ပလူပျံနေတာပါ။ ဒီသတင်းတွေ ဖတ်ရင်လည်း သတိထားပါ။ သံသယစိတ်ကို မွေးမြူပါ။ ကုထုံးကို သာမန်လူတွေက ရှာတွေ့ခဲ့တယ်လို့ ဖော်ပြထားရင်၊ ကုထုံးက အရမ်းရိုးရှင်းပြီး လွယ်ကူနေရင် ပိုပြီး သံသယဖြစ်စရာ ကောင်းပါတယ်။ တစ်ခါတလေ တကယ့် သုတေသနတွေကို ညှပ်ပြီး တင်ပြတာမျိုးလည်း တွေ့ရတတ်ပါတယ်။ အဲ့လိုမျိုး သတင်းတွေကိုတော့ ပိုပြီးသတိထားပြီး စစ်ဆေးရပါမယ်။

(၆) သတင်းကို ရေးထားတဲ့ website မှာ Disclaimer ဖော်ပြထားလား စစ်ဆေးပါ။

Disclaimer ဆိုတာကတော့ ရေးထားတဲ့ သတင်းတွေ မှန်မမှန်ဟာ သတင်းဌာနနဲ့ သက်ဆိုင်မှု မရှိကြောင်း ငြင်းချက်ထုတ်တဲ့စာကို ဆိုလိုတာ ဖြစ်ပါတယ်။ တချို့သော website တွေဟာ disclai-mer ကို ဖော်ပြလေ့ ရှိပါတယ်။ ဥပမာ The Onion ဆိုတဲ့ website ဆိုရင် သူ့မှာရေးထားတာတွေဟာ သရော်စာတွေသာ ဖြစ်ကြောင်း disclaimer မှာ ဖော်ပြထားပါတယ်။ NewsBuzzDaily တို့လို တချို့ website တွေကတော့ သူတို့ရေးတဲ့ သတင်းတွေမှာ သတင်းအမှန်တွေရော သရော်စာတွေပါ ပါကြောင်း ရေးလေ့ရှိပါတယ်။ ဒါဆိုရင် ဘယ်ဟာက သတင်းအမှန်လဲ ဘယ်ဟာက ဖျော်ဖြေရေး သက်သက်လဲ ဆိုတာကို ခွဲခြားဖို့ ခက်ခဲသွားပါတယ်။ ဒီလို website မျိုးတွေက သတင်းတွေကို မယုံကြည်တာက အကောင်းဆုံးပါပဲ။ တချို့ website တွေကတော့ လူလည်ကျလေ့ ရှိပါတယ်။ ဘယ်လိုလူလည် ကျလဲဆိုတော့ disclaimer ကို တော်တော်ရှာမှ တွေ့နိုင်မယ့် ချောင်ကြိုချောင်ကြားမှာ ဖော်ပြထားလေ့ ရှိပါတယ်။ သူတို့က disclaimer မှာတော့ သတင်းတွေဟာ အမှန်မဟုတ်ကြောင်း ၀န်ခံထားပါရဲ့။ ဒါပေမယ့် အဲ့ဒီ disclaimer ကို လူမမြင်လွယ်တဲ့ နေရာမှာ ထားလိုက်ပြီးတော့ သာမန်လူတွေကို လှည့်စားတော့တာပါပဲ။ ဒါကြောင့် သတင်းတစ်ခုကို မဖတ်မီ အဲ့ဒီသတင်းကို ဖော်ပြတဲ့ website မှာ disclaimer ရှိလား အရင်ရှာကြည့် သင့်ပါတယ်။ တွေ့ရင်တော့ ဒါဟာ tabloid စာရင်းထဲ ထည့်လိုက်လို့ ရပါပြီ။ တရားဝင် သတင်းဌာနတွေမှာ disclaimer ဖော်ပြထားလေ့ မရှိပါဘူး။

(၇) သတင်းက ရယ်စရာ ကောင်းနေလား၊ စိတ်ဝင်စားစရာ ကောင်းနေလား ဆန်းစစ်ပါ။

တစ်ခါက ရေကန်ထဲမှာ သုတ်လွှတ်လိုက်တဲ့ ကောင်လေးတစ်ယောက်ကြောင့်  မိန်းကလေးတွေ အများကြီး ကိုယ်ဝန်ရသွားတယ်ဆိုတဲ့ သတင်းတစ်ပုဒ် Facebook ပေါ်မှာ ပြန့်သွားပါတယ်။ ဒီသတင်းမျိုးဟာဆိုရင် လူငယ်တွေအတွက် ရယ်စရာ ကောင်းနေသလို အထူးအဆန်းဖြစ်တာကြောင့် စိတ်ဝင်စားစရာလည်း ကောင်းနေပါတယ်။ အဲ့ဒီတော့ Facebook ပေါ်က လူအများဟာ သတင်းကို အစစ်အမှန်လား အတုအယောင်လား ခွဲခြားမနေတော့ဘဲ ၀ိုင်း share ကြပါတော့တယ်။ နောက်မှ ဒီသတင်းဟာ သတင်းအမှားကြီးဖြစ်ကြောင်း ရှင်းပြတဲ့လူတွေ ပေါ်လာမှပဲ ရပ်သွားပါတော့တယ်။ ဒါကြောင့် သင်ခန်းစာအနေနဲ့ သတင်းတစ်ပုဒ်ဟာ ရယ်စရာကောင်း နေရင်  ဒါမှမဟုတ် အထူးအဆန်းဖြစ်နေပြီး စိတ်ဝင်စားစရာ ကောင်းနေရင် သတိထားပါ။ သတင်းအမှားလား အမှန်လား ဝေဖန်စိစစ်ပါ။

(၈) သတင်းဟာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ သတင်းလား၊ အတိတ်က သတင်းလားစစ်ဆေးပါ။

တစ်ခါတလေ သတင်းအတုအယောင် ဖန်တီးသူတွေဟာ သတင်းအစစ်တွေကိုပဲ သုံးပြီးတော့ လူတွေ အထင်မှားအောင် ပြုလုပ်တတ်ကြပါတယ်။ သတင်းက အမှန်ဖြစ်ပေမယ့် အခုဖြစ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သတိမထားမိတဲ့ လူတွေအတွက်တော့ ဒီသတင်းဟောင်းကြီးဟာ လက်တလောဖြစ်ရပ်နဲ့ ဆက်စပ်မိပါတော့တယ်။ Viral Liberty ဆိုတဲ့ blog ရဲ့ သတင်းမှားတစ်ခုနဲ့ ဥပမာပေးပါမယ်။ ဒီ blog ရဲ့ သတင်းတစ်ပုဒ်မှာ အမေရိကန် ရွေးကောက်ပွဲမှာ Donald Trump နိုင်သွားလို့ Ford ကားကုမ္ပဏီဟာ Mexico ကနေ Ohio ကို ပြောင်းသွားတယ်ဆိုပြီး ရေးသားထားပါတယ်။ ဒီသတင်းဟာ အင်တာနက် စာမျက်နှာတွေမှာ ချက်ချင်းပြန့်နှံ့ သွားခဲ့ပါတယ်။ သတင်းကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဖြစ်ခဲ့တဲ့အချိန်ကတော့ ၂၀၁၅ ခုနှစ်မှာ ဖြစ်ခဲ့တာပါ။ အမေရိကန် ရွေးကောက်ပွဲနဲ့ ဘယ်လိုမှ သက်ဆိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် သတင်းတစ်ပုဒ်မှာ အချိန်ကလည်း အရေးကြီးပါတယ်။

(၉) သတင်းက သက်ဆိုင်ရာ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်ကို အကိုးအကား ပြုထားရဲ့လား စိစစ်ပါ။

တစ်ခါက Now8News ဆိုတဲ့ website တစ်ခုကနေ Coca-Cola အကြောင်း ရေးထားတဲ့ သတင်းတစ်ပုဒ်ကို ဖော်ပြခဲ့ပါတယ်။ Coca-Cola ကနေထုတ်တဲ့ Dasani Water ဘူးတွေမှာ ဖောက်ထွင်းမြင်ရတဲ့ ကပ်ပါးကောင်တွေ ပါနေလို့ ပြန်သိမ်းနေရတယ်လို့ သတင်းမှာ ရေးထားတာပါ။ သတင်းနဲ့အတူ အဲ့ဒီကပ်ပါးကောင်ရဲ့ ဓာတ်ပုံကိုပါ ဖော်ပြထားပါသေးတယ်။ ကပ်ပါးကောင်က တကယ်ရှိတာပါ။ ဒါပေမဲ့ သတင်းထဲကလိုတော့ Dasani Water ဘူးတွေမှာ ပါတာမဟုတ်ပါဘူး။ ဒါ့အပြင် သတင်းဟာ Coca-Cola ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ရော၊ FDA ရဲ့
ထုတ်ပြန်ချက်ရော ဘာမှထည့်မရေး ထားပါဘူး။ ဒီလို ရေးချင်တာာတွေသာ ရေးထားပြီး သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်ရော၊ အခြားယုံကြည်ထိုက်တဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန် ချက်ကိုရော ထည့်မရေးထားတဲ့ သတင်းတွေကို သေသေချာချာ စစ်ဆေးပါ။ ဓာတ်ပုံတွေကိုလည်း အယုံမလွယ်ပါနဲ့။

(၁၀) Website ရဲ့ လိပ်စာဟာ ထူးထူးဆန်းဆန်း စကားလုံးတွေ ပါလားစစ်ဆေးပါ။

သတင်းတစ်ပုဒ်ဟာ အတုအယောင် ဖြစ်နေလားဆိုတာကို အလွယ်ဆုံးသိနိုင်မယ့် နည်းလမ်းတစ်ခုကတော့ သတင်းဖော်ပြတဲ့ website လိပ်စာ (URL) မှာ အများနဲ့ မတူတဲ့ အထူးအဆန်း စကားလုံးတွေ ပါနေလား စစ်ဆေးလိုက်ပါ။ ဥပမာ “.ru” “.co” တို့နဲ့ ဆုံးတဲ့ website တွေဟာ မယုံရတဲ့ website တွေ ဖြစ်ပါတယ်။ တစ်ခါတလေ တချို့ကတော့ နာမည်ရှိပြီးသား website တွေရဲ့ နာမည်တွေကို သူတို့ website ရဲ့ URL ထဲကို ထည့်ပြီး ပါးပါးနပ်နပ်နဲ့ လှည့်စားလေ့ရှိပါတယ်။ ဥပမာ NBC ဆိုတဲ့ နာမည်ကြီး website ရဲ့ နာမည်ကို ယူပြီး www.nbc-real-news.com လို့ လုပ်ပစ်တာမျိုးပေါ့။ တစ်ခါတလေ နာမည်ကို ထပ်တူလုပ်ပြီး စာလုံးပေါင်းလေးပဲ လွဲအောင် လုပ်ထားတာလည်း ရှိပြန်ပါသေးတယ်။ ပြီးတော့ နာမည်အရှည် ကြီးတွေဟာလည်း မယုံရတဲ့ website တွေပါပဲ။ နောက်ထပ်သတိထားဖို့ကတော့ website domain နာမည်တွေကို ကိုယ်ကြိုက်ရာ ပေးခွင့်ရှိတော့ ကိုယ်လေးစားတဲ့ ခေါင်းဆောင်တွေရဲ့ နာမည်ကို ယူသုံးတဲ့ website တွေလည်း ရှိနေပြန် ပါသေးတယ်။ ဒါပေမဲ့ ခေါင်းဆောင်ရဲ့ နာမည်နဲ့ Website URL က အစကတည်းက တရားဝင်ရှိနေပြီးသား ဆိုရင်တော့ စိတ်ချရပါတယ်။

Ref: www.rd.com