Home » 

ဖုန်းနဲ့ Long Exposure ပုံတွေကို ဘယ်လို ရိုက်ကူးမလဲ

By: 

စည်သူ

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတဲ့ အခါမှာ ဓာတ်ပုံဝါသနာ အိုးတွေအတွက် မိုဘိုင်းဖုန်းမှာ ပါဝင်တဲ့ ကင်မရာနဲ့ ဘယ်လိုမျိုး ဓာတ်ပုံပညာတွေ ပေါင်းစပ်ထည့်သွင်း ရိုက်ကူးမလဲဆိုတာက အရေးပါလာတာကို တွေ့ရပါတယ်။ အခုနောက်ပိုင်း မိုဘိုင်းကင်မရာတွေမှာ ဓာတ်ပုံပညာတွေကို ဖော်ထုတ်နိုင်ဖို့ စုံလင်လှတဲ့ နည်းပညာတွေကို ပေါင်းစပ်ထည့်ပေး ထားကြသလို ပိုပြီး လွယ်ကူအောင်လည်း လုပ်ဆောင်ပေးလာတာကို တွေ့ရ ပါတယ်။ အခုတင်ပြလိုတဲ့ အကြောင်းအရာကတော့ မိုဘိုင်းကင်မရာနဲ့ Long Exposure ဓာတ်ပုံတွေကို ဘယ်လိုမျိုး ရိုက်ကူးနိုင်သလဲ ဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အချို့မိုဘိုင်း ဖုန်းတွေက Long Exposure ရိုက်ကူးနိုင်ဖို့ Manual Setting တွေထည့်ပေး ထားပေမယ့် အချို့ ဖုန်းတွေ မှာတော့ မပါဝင်တဲ့အတွက် Application ရဲ့အကူအညီတွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။

မသုံးမဖြစ် Tripod

Long Exposure ဓာတ်ပုံ ရိုက်ကူးတော့မယ် ဆိုရင်တော့ မရှိမဖြစ်သုံး စွဲရမှာကတော့ Tripod ပဲဖြစ်ပါတယ်။ ဘာကြောင့် Tripod သုံးစွဲရသလဲ ဆိုရင် Shutter Speed ကို လုံးဝနှေးအောင် ပြုလုပ်ရိုက်ကူး ရတာဖြစ်တဲ့အတွက် လက်နဲ့ကိုင်ရိုက်ရင် အချိန်ကြာမြင့်စွာ ဖုန်းကိုကိုင်ထားရပါတယ်။ အဲ့ဒီအချိန်မှာ ဖုန်းကိုတည်ငြိမ်အောင် မကိုင်နိုင်ပဲ လှုပ်သွားတဲ့
အချိန်မှာ ဓာတ်ပုံမှာ ပြတ်သားမှု မရှိတော့ပဲ ဝေဝါးတဲ့ ပုံရိပ်တွေ နှစ်ထပ်ဖြစ်နေတဲ့ ဓာတ်ပုံတွေကိုသာ ရရှိမှာဖြစ်တာကြောင့် Long Exposure ဓာတ်ပုံ ရိုက်မယ်ဆိုရင် Tripod ကို မဖြစ်မနေ သုံးစွဲရိုက် ကူးသင့်တာပဲ ဖြစ်ပါတယ်။ Tripod မှာ ဖုန်းကို တပ်ဆင်ပြီး ရိုက်ကူးလိုတဲ့ နေရာကို ချိန်ရွယ်၍ Shutter Speed ကိုရွေးချယ်ကာ ရိုက်ကူးခြင်းအားဖြင့် လိုချင်သော ဓာတ်ပုံ ပုံစံနှင့် ကြည့်လင်ပြတ်သားသော ဓာတ်ပုံအရည်အသွေးကို ရရှိမှာ ဖြစ်ပါတယ်။

Tripod ကို ရွေးချယ် ဝယ်ယူတဲ့အခါမှာ ဈေးနှုန်းသင့်တင်သော Tripod များရှိသလို ဈေးကြီးတဲ့ Tripod တွေလည်း ရှိပါတယ်။ Tripod ဈေးနှုန်းတွေက ၁၅၀၀၀ ဝန်းကျင်ကနေ ၁ သိန်းကျော်ကျော်လောက်အထိ နှစ်သက်သလို ရွေးချယ်ဝယ်ယူ နိုင်ပါတယ်။ ကင်မရာတွေကို တပ်ဆင်သုံးစွဲရတဲ့ Tripod တွေကိုလည်း ဝယ်ယူသုံးစွဲ နိုင်ပါတယ်။ ကင်မရာတွေကို တပ်ဆင်သုံးစွဲရတဲ့ Tripod တွေကို ဝယ်သုံးမယ်ဆိုရင် ဖုန်းကိုတပ်ဆင်တဲ့အခါ Selfie Stick မှာပါတဲ့ ဖုန်းကလစ်ကို Tripod မှာ ပြောင်းတတ် လိုရပါတယ်။ အဲ့ဒီလို တပ်ဆင်ပြီးရင်တော့ နှစ်သက်သလို Long Exposure ပုံတွေ ရိုက်ကူးလို့ရပါပြီ။

မှန်ကန်တဲ့ App နဲ့ Setting သုံးစွဲခြင်း

Long Exposure ကို ရိုက်ကူးတဲ့အခါမှာ အချို့ ဖုန်းကင်မရာတွေမှာ ပါဝင်တဲ့ Manual Setting မှာ ချိန်ရွယ်ရိုက်ကူး နိုင်သလို အချို့ဖုန်းတွေ မှာ Manual Settting မပါဝင်တဲ့အတွက် App တွေကို Download လုပ်ပြီး ရိုက်ကူးကြပါတယ်။ Long Exposure ရိုက်လို့ကောင်းတဲ့ App တွေမှာ အကောင်းဆုံး App တွေက Camera +, Pro Camera, Slow Shutter App တွေဖြစ်ပြီး အဲ့ဒီ App တွေက iPhone မှာ သုံးစွဲတဲ့ App တွေပဲ ဖြစ်ပါတယ်။ android မှာတော့ App အများအပြားရှိပြီး အကောင်းဆုံးလို့ ဆိုနိုင်တာကတော့ Camera FV-5, Open Camera တို့ဟာ ကောင်းမွန်တဲ့ App တွေပဲ ဖြစ်ပါတယ်။ အခြားရွေးချယ်စရာ app တွေလည်း မြောက်များရှိပြီး နှစ်သက်သလို ရွေးချယ်ထည့်သွင်း အသုံးပြု နိုင်ပါတယ်။ အချို့ Android
ဖုန်းတွေမှာတော့ manual setting များ ပါဝင်လို့ နှစ်သက်သလို ရိုက်ကူးနိုင်ပါတယ်။

အကောင်းဆုံး Exposure Setting ကို ရွေးချယ်ခြင်း

Long Exposure ရိုက်ကူးတဲ့အခါမှာ ကင်မရာ Setting ရွေးချယ်မှုဟာ အထူးကို အရေးကြီးတာကို တွေ့ရပါတယ်။ ဘာကြောင့် အရေးကြီးလဲဆိုရင်  နည်းနည်းလေး လွဲတာနဲ့ ကိုယ်လိုချင်တဲ့ ဓာတ်ပုံဟာ ရရှိနိုင်မှာ မဟုတ်လို့ပါပဲ။ ကိုယ်ရိုက်ကူးမယ့် Location တစ်ခုကို ရောက်နေတဲ့အချိန်မှာ Setting တစ်ခုကို ကျနစွာ မစီစဉ်ထားဘူးဆိုရင် တစ်ခါတစ်လေမှာ လိုချင်တဲ့ ဓာတ်ပုံကို မရဘဲ ဖြစ်နေတတ်ပါတယ်။ အကြိမ်ကြိမ် ကြိုးစားသော်လည်း လိုချင်တဲ့ပုံ မထွက်ခြင်းက Setting ထားရှိမှု လွဲမှားနေခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် Long Exposure ရိုက်တော့မယ် ဆိုရင် မှောင်နေတဲ့ အချိန်လား လင်းနေတဲ့အချိန်လား အဲ့ဒါတွေကို အရင်ဦးဆုံးလေ့လာပြီး Exposure ချိန်ညှိခြင်း၊ Shutter Speed ချိန်ညှိ ခြင်းတွေ ISO ချိန်ညှိတာတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ရေတံခွန်တစ်ခုရဲ့ ရေစီးကြောင်းတွေကို Blur ဖြစ်ပြီး လှပတဲ့ ဓာတ်ပုံတစ်ပုံ ရရှိဖို့အတွက် ဆိုရင်တော့ Shutter Speed ကို 4 second မှ Second 30 ကြားအထိ လိုအပ်သလို ချိန်ညှိသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပတ်ဝန်းကျင်ရဲ့ အလင်းအနေအထားတွေကို တွက်ချက်ပြီး ကိုယ်လိုချင်တဲ့ ဓာတ်ပုံရဲ့ ISO အနေအထားကိုလည်း သတ်မှတ်ရိုက်ကူး ရှာဖြစ်ပါတယ်။ အခုလိုရေးသားရာမှာ ဘယ်လို Setting ထားရင် ဘယ်လိုဓာတ်ပုံ ထွက်မယ်ဆိုတာ တိကျစွာရေးသားဖို့ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင် အနေအထားခြင်း မတူညီနိုင်ခြင်း ကြောင့်ဖြစ်ပါတယ်။ ယေဘူယျအားဖြင့်တော့ Shutter Speed ကို ချိန်ညှိကစားပြီး ကိုယ်လိုချင်တဲ့ ဓာတ်ပုံတွေကို ရယူနိုင်ပါတယ်။

ရွေ့လျားနေသော ရေပြင်နဲ့ ဓာတ်ပုံပညာ

Long Exposure ဓာတ်ပုံတွေ အများစုဟာ ရေပြင်ကို ရိုက်ကူးကြတာ များပါတယ်။ စီးဆင်းနေတဲ့ ရေပြင်တွေကို လှပအောင် ရိုက်ကူးခြင်း နည်းပညာဟာ ရိုက်ကူးသူတွေရဲ့ ကျွမ်းကျင်မှုတွေမှာ အများအပြားမူ တည်ပြီး လှပတဲ့ ဓာတ်ပုံတွေရမှာ ဖြစ်ပါတယ်။

အခုပြသထားတဲ့ ဓာတ်ပုံကိုကြည့်မယ်ဆိုရင် ဖုန်းမှာပါဝင်တဲ့ ကင်မရာမှာနဲ့ ဘာ Setting မှ ချိန်မညှိပဲ ရိုက်ကူးထားတဲ့ ရိုးရိုးဓာတ်ပုံတစ် ခုဖြစ်ပါတယ်။

ဒီဓာတ်ပုံကတော့ Long Exposure ဖြစ်အောင် ကင်မရာကို Manual Setting မှာ ရွေးချယ်ပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ အဲလိုဓာတ်ပုံမျိုးကို Manual Setting မပါဝင်တဲ့ ဖုန်းတွေအတွက် App တွေနဲ့လည်း ရိုက်ကူးနိုင်ပါတယ်။ App တွေမှာလည်း Setting ချိန်ညှိဖို့တော့ လိုအပ်ပါတယ်။

အချို့ Landscape ဓာတ်ပုံတွေမှာလည်း ရေပြင်တွေ ရိုက်ကူးတဲ့အခါ Long Exposure တွေကို သုံးပြီးလည်း ရိုက်ကူးနိုင်တာကို တွေ့ရပါ တယ်။ အခုမြင်ရတဲ့ ဓာတ်ပုံတွေဟာ Long Exposure နဲ့ ရိုက်ကူးထားတဲ့ Landscape ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။

Light Trail ဓာတ်ပုံပညာ

မြို့တွင်း ကားတွေရဲ့ မီးတန်းတွေပုံစံ ဓာတ်ပုံတွေ ရိုက်ကူးချင်သူတွေ အနေနဲ့ Long Exposure နည်းပညာနဲ့ ရိုက်ကူးခြင်းဖြင့် ရရှိနိုင်မှာဖြစ် ပါတယ်။ iPhone တွေအတွက်ကတော့ Slow Shutter app နဲ့ ရိုက်ကူးတဲ့အခါမှာ Setting တွေ ဘယ်လို ရွေးချယ်ရလဲ ဆိုတာကို ဓာတ်ပုံမှာ မြင်တွေ့နိုင်မှာ ဖြစ်သလို andriod ဖုန်းတွေ အတွက်ကတော့ manual Setting မှာ Shutter Speed ကို ချိန်ညှိရိုက်ကူး နိုင်မှာဖြစ်ပါတယ်။