Home » 

အင်္ဂလိပ် ပရီမီးယားလိဂ် အသင်းမန်နေဂျာများ ဝတ်ဆင်သည့် နာရီများ

By: 

စိုးထက်

(၁) အာစင်ဝင်းဂါး (ပေါင် ၈,၃၅၀) - အာဆင်နယ်

  

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါး ဝတ်ဆင်လေ့ရှိသော နာရီမှာ ဂါလာပါဂို့စ် ကျွန်းစုများ ထိန်းသိမ်းစောက်ရှောက်မှုကို ထောက်ပံ့ရန် ထုတ်လုပ်ထားသည့် IWC ၏ Aquatimer Chronograph Edition ‘Galapagos Islands’ ဖြစ်သည်။

(၂) အက်ဒီဟိုဝီ (ပေါင် ၃၉၉) - ဘုန်းမောက်

  

အက်ဒီဟိုဝီ ဝတ်ဆင်သော နာမည်ကျော် Apple Watch ကို Star Wars ရုပ်ရှင်ဒါရိုက်တာ ဂျေဂျေအဗာရမ်စ်၊ အဆိုတော် ဆမ်စမစ်နှင့် သရုပ်ဆောင် ဆိုင်မွန်ပတ်တို့လည်း ဝတ်ဆင်ကြသည်။

(၃) ရှောင်ဒိုင်ချီ (ဒေါ်လာ ၄၅,၀၀၀) - ဘန်လေ

  

ဘန်လေနည်းပြ ရှောင်ဒိုင်ချီ၏ နာရီမှာ ဆွစ်နာရီကုမ္ပဏီ Patek Phillippe အမှတ်တံဆိပ်ဖြစ်ပြီး ၁၈၅၁ ခုနှစ်တွင် ပြုလုပ်ခဲ့သော The Great Exhibition ပြပွဲ၌ ဝိတိုရိယဘုရင်မကြီးနှင့် မင်းသားအဲဘတ်တို့က ၎င်းအမှတ်တံဆိပ် နာရီများကို ဝယ်ယူခဲ့သည်။

(၄) အန်တိုနီယိုကွန်တီ (ပေါင် ၁၀,၀၀၀) - ချယ်လ်ဆီး

ချယ်လ်ဆီးနည်းပြ ကွန်တီ ဝတ်ဆင်လေ့ရှိသော နာရီမှာ Rolex Daytona ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ရရှိစဉ်အခါက ၎င်းနာရီ၏ အထူးဗားရှင်းတစ်မျိုးကို အသင်းသားများထံ ချီးမြှင့်ခဲ့သည်။

(၅) ဆန်အလာဒွိုက်စ် (ပေါင် ၂၇,၇၀၀) - ခရစ္စတယ်ပဲလေ့စ်

  

ဆန်အလာဒွိုက်စ် ဝတ်ဆင်သော Hublot Big Bang Unico နာရီကို chronograph, titanium, rose gold, skeleton dial ဟူ၍ အမျိုးမျိုး ထုတ်လုပ်ထားသည်။ အင်္ဂလန်နည်းပြဟောင်း ရှိုင်းဟော့ဆန်ကလည်း အသက် ၆၆ နှစ်ပြည့်မွေးနေ့တွင် Hublot limited-edition ကို ဝတ်ဆင်ထားသည်။

(၆) ရော်နယ်ကိုးမန်းလ် (ပေါင် ၃၅,၈၅၀) - အဲဗာတန်

  

ချောကလက်ရောင် ဒိုင်ခွက်ပါဝင်သော Rolex Sky-Dweller မော်ဒယ်သည် ကိုးမန်းလ်ကဲ့သို့ ကမ္ဘာတစ်ဝန်း ခရီးသွားလာသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည်။ Rolex Sky-Dweller ကို မူပိုင်ခွင့် ၁၄ ခုဖြင့် ကာကွယ်ထားသည်။

(၇) မိုက်ဖီလန် (ပေါင် ၈,၉၀၀) - ဟူးလ်စီးတီး

  

မိုက်ဖီလန်၏ Rolex Deep Sea Dweller နာရီမှာ ရေအောက်အနက် ပေ ၁၂,၈၀၀ အထိ ခံနိုင်ရည်ရှိသည်။

(၈) ကလော်ဒီယိုရေနီယာရီ (ပေါင် ၄,၀၀၀) - လက်စတာ

  

၂၀၁၅/၁၆ ပရီးမီယားလိဂ်ချန်ပီယံ လက်စတာအသင်း နည်းပြ ရေနီယာရီ TAG Heuer Carrera – Heuer 01 ကို ဝတ်ဆင်သည်။ ၎င်းနာရီကို Inception ရုပ်ရှင်ကားတွင် လီယိုနာဒိုဒီကာပရီယိုက ဝတ်ဆင်ခဲ့သေးသည်။

(၉) ဂျာဂျန်ကလော့ပ် (ပေါင် ၄,၀၀၀) - လီဗာပူး

  

လီဗာပူးနည်းပြ ဂျာဂျန်ကလော့ပ်အပြင် နာမည်ကျော် အစီအစဉ်ကြေညာသူ ဂျယ်ရီမီကလက်ဆန်သည်လည်း IWC Pilots Chronograph 377701 နာရီကို ဝတ်ဆင်ထားသည်။

(၁၀) ပတ်ဂွါဒီယိုလာ (ပေါင် ၁,၉၀၀) - မန်စီးတီး

  

မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာ ဝတ်ဆင်သော Cimier QNETCity Automatic နာရီကို ကလပ်တည်ထောင်သည့် ခုနှစ်အား ကိုယ်စားပြုသည့်အနေဖြင့် အလုံးရေ ၁,၈၈၀ ထုတ်လုပ်ခဲ့သည်။

(၁၁) ဟိုဆေးမော်ရင်ဟို (ပေါင် ၂၅,၀၀၀) - မန်ယူ

  

Hublot Big Bang Unico Bi-retrograde Chrono (2014 FIFA model) အမှတ်တံဆိပ်ကို ဒီယေဂိုမာရာဒိုနာ ဝတ်ဆင်လေ့ရှိသည်။ သို့သော် မော်ရင်ဟို၏ ဘရာဇီးအသင်းတံဆိပ် ပုံစံ မော်ဒယ်ကိုမူ မာရာဒိုနာက ဝတ်ဆင်ခြင်း မရှိပေ။

(၁၂) အီတာခရန်ကာ (ပေါင် ၁၀,၀၀၀) - မစ်ဒယ်ဘရော့

  

အီတာခရန်ကာမှာ Roles Daytona နာရီဝတ်ဆင်သော ပရီမီးယားလိဂ်နည်းပြသုံးဦးအနက် တစ်ဦးဖြစ်သည်။ Rolex နာရီသစ်ကို ဝယ်ယူရန် စာရင်းပေးသွင်းပြီး နှစ်နှစ်ခန့် စောင့်ဆိုင်းရမည် ဖြစ်သည်။

(၁၃) ကလော့ဒီပူရယ် (ပေါင် ၇,၉၀၀) - ဆောက်သမ်တန်

  

ဆောက်သမ်တန် နည်းပြ ကလော့ဒီပူရယ် ဝတ်ဆင်သော နာရီ IWC Portofino Hand Wound Eight Days 45mm ကို၂၀၁၁ ခုနှစ်တွင် မိတ်ဆက်စဉ် ဇီနဒင်ဇီဒန်းက ကူညီခဲ့ဖူးသည်။

(၁၄) မာ့ခ်ဟုခ်ျ (ပေါင် ၃၉၉) - စတုတ်စီးတီး

  

မာ့ခ်ဟုခ်ျသည် အခြားနာရီများ ပိုင်ဆိုင်သော်လည်း ဖက်ရှင်ထက် ကြံ့ခိုင်ရေးအသားပေးရာတွင် Polar V800 ကို ပိုမိုအသုံးပြုသည်။ နာမည်ကျော်တီဗီအစီအစဉ် တင်ဆက်သူ ဒေဗီနာမက်ကောကလည်း လေ့ကျင့်ခန်းပြုလုပ်ရာတွင် Polar နာရီကို အသုံးပြုသည်။

(၁၅) ဒေးဗစ်မိုရက်စ် (ပေါင် ၃၀,၀၀၀) - ဆန်းဒါးလန်း

  

ဆန်းဒါးလန်း နည်းပြ ဒေးဗစ်မိုရက်စ်သည် Patek Philippe Annual Calendar Moonphase 5396G ကို ဝတ်ဆင်သည်။ ဘီးတဲလ်အဖွဲ့ဝင် ပေါလ်မက္ကာနေနှင့် ရင်ဂိုစတားသည်လည်း Patek Philippe ကို မကြာခဏ ဝတ်ဆင်လေ့ရှိသည်။ Patek Philippe နာရီများအနက် တစ်လုံးမှာ ယခုနှစ်တွင် ပေါင် ၉ သန်းဖြင့် လေလံအောင်ခဲ့သည်။

(၁၆) ဘော့ဘ်ဘရက်ဒလေ (ပေါင် ၄၀) - ဆွမ်ဆီးစီးတီး နည်းပြဟောင်း

  

ဘရက်ဒလေ၏ တစ်လုံးတည်းသော နာရီမဟုတ်နိုင်ပေ။ ၎င်းအနေဖြင့် ဆွမ်ဆီးမှ မထုတ်ပယ်ရခင် အချိန်ထိ ကွင်းထဲတွင် စည်းကြပ်သည့်အခါတွင် Timex Ironman 100 Classic ကို အသုံးပြုသည်။ ၉၀ ခုနှစ်များတွင် အမေရိကန်သမ္မတ ဘီလ်ကလင်တန်မှာ မူလ Ironman နာရီကို ဝတ်ဆင်ခဲ့ဖူးသည်။

(၁၇) မော်ရီချီယို ပိုချက်တီနို (ပေါင် ၈,၃၅၀) - တော့တင်ဟမ်စပါး

  

ပိုချက်တီနို၏ IWC Aquatimer chronograph edition ‘Expedition Charles Darwin’ မော်ဒယ်တွင် ရေကြောင်းပြတိုင်းတာမှုကိရိယာ ပါဝင်သည်။

(၁၈) ဝေါလ်တာမက်ဇာရီ (ပေါင် ၄,၀၀၀) - ဝက်ဖို့ဒ်

  

ဝေါလ်မက်ဇာရီဝတ်ဆင်ထားသော Rolex Oyster perpetual နာရီကို အမေရိကန်သမ္မတ ဒွိုက်အိုက်ဆင်ဟောင်ဝါမှ ရော်နယ်ရေဂင်အထိ အသုံးပြုခဲ့ကြဖူးသည်။

(၁၉) တိုနီပူးလစ် (ပေါင် ၁၅,၉၅၀) - ဝက်စ်ဘရွန်း

  

တိုနီပူးလစ်သည် Rolex Cosmograph Daytona ကို ဝတ်ဆင်သည်။ ကင်မရွန်းအသင်း ၂၀၁၀ ကမ္ဘာ့ဖလားတက်ရောက်စဉ် ဆန်မြူရယ်အီတိုးက အသင်းသားတိုင်းကို Rolex Daytona နာရီတစ်လုံးစီ ပေးခဲ့သည်။

(၂၀) ဆလေဗန်ဘီလစ် (ပေါင် ၆,၀၀၀) - ဝက်စ်ဟမ်း

  

Admiral's Cup ရွက်လှေပြိုင်ပွဲပုံစံအတိုင်း ထုတ်လုပ်ထားသော နာရီကို ဘီလစ်က ဝတ်ဆင်ထားသည်။ ၁၉၇၁ ခုနှစ်က ကျင်းပခဲ့သော အဆိုပါရွက်လှေပြိုင်ပွဲတွင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း အက်ဒ်ဝပ်ဟဲလ်က ဗိုလ်စွဲခဲ့သည်။

Ref: DailyMail