Home » 

ခေတ်သစ်လုံခြုံရေးနည်းပညာ သို့မဟုတ် Iris Scanning Technology

By: 

ကိုသုတ

စာဖတ်သူရဲ့ဖုန်းကို ဖွင့်ဖို့အတွက် password တွေ ရိုက်ထည့်နေရတာကို စိတ်ပျက်မိပါသလား? ဒါဆိုရင် password တွေ ရိုက်ထည့်စရာမလိုဘဲ ဖုန်းကို ခဏလေး စိုက်ကြည့်လိုက်ရုံနဲ့ ချက်ချင်းပွင့်သွားရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ဒီနည်းပညာကို ခဏလောက် စိတ်ကူးယဉ်ကြည့်လိုက်ပါ။ Password တွေ pattern တွေ ရိုက်ထည့်စရာ မလိုဘူး။ လက်ကိုလည်း home button ပေါ် တင်နေစရာမလိုဘူး။ ခဏလေးစိုက်ကြည့်လိုက်ရုံပါပဲ။ ကဲ မလွယ်ဘူးလား?

အခုဆိုရင် မနေ့တစ်နေ့ကမှ စတင်မိတ်ဆက်ခဲ့တဲ့ Samsung Galaxy Note 7 မှာ Iris Scanner ပါဝင်လာပါပြီ။ ဟုတ်ပြီ။ ဒီ Iris Scanning  နည်းပညာကို ဘာလို့ အသုံးပြုတာလဲ? ဘယ်လိုအလုပ်လုပ်တာလဲ? Fingerprint ထက်ဘာတွေပိုကောင်းလို့လဲ? ဒီမေးခွန်းတွေကို စာဖတ်ပရိသတ်ကြီးလဲ သိချင်မေးချင်နေမှာပါ။ ဒီမေးခွန်းတွေရဲ့အဖြေတွေကို အခုဆောင်းပါးမှာ တတ်နိုင်သမျှ ရှင်းလင်းအောင် ဖြေကြားပေးထားပါတယ်။

Iris Scanning နည်းပညာကို ဘာလို့အသုံးပြုတာလဲ?

ယနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်တာနဲ့အညီ ကိုယ့်ရဲ့ဒစ်ဂျစ်တယ် သတင်းအချက်အလက်တွေ (ဥပမာ - Facebook account, bank account) ရဲ့ လုံခြုံရေးဟာ ယခင်ကထက် ပိုအရေးကြီးလာပါပြီ။ လုံခြုံရေးအတွက် ယခင်သမားရိုးကျ နည်းလမ်းကတော့ အားလုံးသိတဲ့ password တွေနဲ့ ကာကွယ်တဲ့ နည်းပေါ့။ ဒါပေမဲ့ password  တွေဟာ သေသေချာချာ မပေးထားဘူးဆိုရင် လုံခြုံရေးအတွက် စိတ်မချရပါဘူး။ အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။ အဓိက အကျဆုံး အားနည်းချက်ကတော့ မှန်ကန်တဲ့ password ကိုသာ ရိုက်ထည့်နိုင်ရင် ပြင်ပလူဟာ ကိုယ့်ရဲ့အချက်အလက်တွေကို ရယူသွားနိုင်တာပါပဲ။

လုံခြုံရေး ပညာရှင်တွေကတော့ biometrics လို့ခေါ်တဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို password အနေနဲ့ အသုံးပြုတဲ့ နည်းပညာဟာ အကောင်းဆုံးပဲလို့ ဆိုပါတယ်။ Biometrics လုံခြုံရေးနည်းပညာဟာ သင်္ချာကိန်းဂဏန်းတွေကို အသုံးပြုမယ့်အစား လူတစ်ယောက်ရဲ့ ကိုယ်စီကိုယ်စီထူးခြားတဲ့ အစိတ်အပိုင်းလေးတွေကို ခွဲခြမ်း စိတ်ဖြာပြီးတော့ ဒီလူဟာ ပိုင်ရှင်ဟုတ်မဟုတ်ကို ဆုံးဖြတ်ပါတယ်။ ဒါဟာ ဘာနဲ့တူလဲဆိုရင် မှတ်ပုံတင်ထဲက ဓာတ်ပုံကို အသုံးပြုပုံနဲ့ သွားတူပါတယ်။ လုံခြုံရေး
စစ်ဆေးသူက သင့်မျက်နှာကို ကြည့်ပြီးတော့ မှတ်ပုံတင်ထဲက ဓာတ်ပုံနဲ့ တူမတူ တိုက်ဆိုင်စစ်ဆေးတာဟာ Biometrics ရဲ့ သဘောတရားပါပဲ။ Biometrics တွေရဲ့ အလုပ်လုပ်ပုံကလည်း ဓာတ်ပုံနှစ်ပုံကို တိုက်ဆိုင်စစ်ဆေးတာပါပဲ။

မျက်နှာကို တိုက်ဆိုင်စစ်ဆေးတာရဲ့ အဓိကအားနည်းချက်ကတော့ ကျွန်တော်တို့လူသားတွေရဲ့ မျက်နှာဟာ အမြဲတမ်းပြောင်းလဲနေတာကြောင့် ရလဒ်က မတိကျပါဘူး။ ဒါ့အပြင် မျက်နှာအသွင်အပြင် တူညီတဲ့သူတွေလည်း ရှိနေတာကြောင့်ပါ။ လက်ဗွေရာတွေကတော့ ပိုပြီးလုံခြုံစိတ်ချရပြီး ရလဒ်ကလည်း အရမ်းတိကျပါတယ်။ ဒါပေမဲ့ လက်ဗွေရာတွေဟာ ရောဂါတွေ၊ ထိခိုက်ရှနာတွေကြောင့် ပြောင်းလဲနေပါတယ်။ ဒါကြောင့် သူတို့ဟာလည်း ရာနှုန်းပြည့် ယုံကြည်စိတ်ချလို့ မရပြန်ပါဘူး။ မျက်လုံးမှာရှိတဲ့ iris လို့ခေါ်တဲ့ အစိတ်အပိုင်းလေးဟာ လက်ဗွေရာထက်ကို ပိုပြီး ရေရှည်တည်တံ့တာကြောင့် ပိုပြီး စိတ်ချရပါတယ်။

Iris ဆိုတာ ဘာလဲ? ဘာတွေထူးခြားလို့ သူ့ကို အသုံးပြုရတာလဲ?

Iris ဆိုတာကတော့ သူငယ်အိမ်ကို အကျဉ်းအကျယ်ပြုလုပ်ပေးတဲ့ အရောင်ပါတဲ့ စက်ဝိုင်းပုံကြွက်သားလေးပါ။ မြန်မာစာအဖွဲ့ကထုတ်တဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာတော့ “မျက်ဝန်း” လို့ ဘာသာပြန်ထားပါတယ်။ ကျွန်တော်တို့ အမေ့ဝမ်းဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇက Iris ရဲ့အရောင်ကို ဆုံးဖြတ်ပေးပါတယ်။ ဒါပေမဲ့ အသက်နှစ်နှစ်ပြည့်မှ အရောင်က အပြည့်အဝ ပေါ်ပါတယ်။ Iris ရဲ့အရောင်ဟာ melanin ဆိုတဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုးကြောင့် ရတာဖြစ်ပြီးတော့ သူများရင်များသလို အညိုရောင်ဖြစ်လာပြီး နည်းရင်နည်းသလို အပြာရောင် ဖြစ်လာပါတယ်။ အပြာရောင်မျက်လုံး၊ အစိမ်းရောင်မျက်လုံး၊ အညိုရောင်မျက်လုံးလို့ ကျွန်တော်တို့တွေ အလွယ်တကူ ခွဲခြားကြပေမယ့် တကယ့်တကယ်မှာတော့ လူတွေရဲ့ မျက်လုံးအရောင်နဲ့ ဒီဇိုင်း (pattern) ဟာ အလွန့်အလွန်ကို ရှုပ်ထွေးပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် လုံးဝ မတူပါဘူး။ ဆဲလ်တစ်ခုထဲက ဖြစ်လာတဲ့ အမြွှာ  (monozygotic twins) တွေတောင်မှ တစ်ယောက် iris နဲ့ တစ်ယောက် မတူညီကြပါဘူး။

Note 7 ရဲ့ Iris Scanner က ဘယ်လို အလုပ်လုပ်သလဲ?

Note 7 ရဲ့ရှေ့ဘက်မျက်နှာပြင်မှာ IR (infrared) LED မီးသီးလေးနဲ့ အထူးပြုလုပ်ထားတဲ့ iris scanning camera လေး ပါဝင်ပါတယ်။ အနီအောက်ရောင်ခြည်နဲ့ ပုံဖော်ထားတဲ့ iris ရဲ့ ပုံရိပ်ကို ခွဲခြမ်းစိတ်ဖြာဖို့အတွက် သေသေချာချာပြုလုပ်ထားတဲ့ filter တစ်ခုနဲ့ camera ကို တည်ဆောက်ထားပါတယ်။

အနီအောက် ရောင်ခြည်ကို သုံးရတဲ့ အကြောင်းအရင်းကတော့ အခြားအရောင်တွေဟာ အလင်းပြန်တာတွေကို ဖြစ်စေနိုင်လို့ပါပဲ။ ဒါပေမဲ့ အနီအောက် ရောင်ခြည်ကတော့ iris  ရဲ့ pattern ကို ကွဲကွဲပြားပြား မြင်နိုင်စေပါတယ်။ ဒါမှသာ scanner က မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

စတင် အသုံးပြုဖို့အတွက် register လုပ်မယ်ဆိုရင် ဖုန်းကို မျက်လုံးနဲ့ တစ်တန်းတည်း လက်တစ်ကမ်းအကွာမှာ ထားပြီးတော့ စိုက်ကြည့်ရပါမယ်။ အဲ့ဒီအခါမှာ iris camera က IR light ကို သုံးပြီးတော့ မျက်လုံးရဲ့ ဓာတ်ပုံကို ရိုက်ယူပါလိမ့်မယ်။ ပြီးတော့ iris ဟာ ဘယ်နေရာလဲဆိုတာကို ခွဲခြားပြီးတော့ မလိုအပ်တဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ မျက်တောင်မွေး၊ သူငယ်အိမ်၊ မျက်ဖြူသားစတဲ့နေရာတွေကို ဖယ်ထုတ်လိုက်ပါလိမ့်မယ်။ ပြီးရင် iris ရဲ့ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ အချက် ၂၄၀ (ဒါဟာ လက်ဗွေရာထက် ၅ ဆ ပိုများပါတယ်) ကို ခွဲခြမ်းစိတ်ဖြာပါလိမ့်မယ်။ ပြီးရင် ရလဒ်ကို Iris Code တစ်ခုအနေနဲ့ encrypt လုပ်ထားပြီး လုံခြုံစိတ်ချရတဲ့ hardware လေး တစ်ခုမှာ သိမ်းထားပါလိမ့်မယ်။ code ကို အလွယ်တကူ မယူနိုင်အောင် Internal Storage မှာ မသိမ်းတာပါ။

register လုပ်ပြီးနောက်ပိုင်းမှာတော့ user က ဖုန်းကို ဖွင့်ချင်ရင် ဒါမှမဟုတ် protected app တစ်ခုကို ဖွင့်ချင်ရင် scanner ကို မျက်လုံးနဲ့ ကြည့်လိုက်ရုံပါပဲ။ အဲဒီအခါမှာ LED နဲ့ camera က အတူတကွ အလုပ်လုပ်ပြီးတော့ iris ရဲ့ပုံရိပ်ကို ဖမ်းယူလိုက်ပြီး ခုနက သိမ်းဆည်းထားတဲ့ code နဲ့ တူမတူ တိုက်ဆိုင်စစ်ဆေးသွားမှာပါ။ တကယ်လို့ scan ဖတ်လို့ရလာတဲ့ iris ရဲ့ code ဟာ သိမ်းထားတဲ့ code နဲ့ တူနေမယ်ဆိုရင် unlock ဖြစ်သွားမှာပါ။  ဒါတွေအားလုံးဟာ တစ်စက္ကန့်အတွင်းမှာ ပြီးသွားမှာပါ။

နောက်ပိုင်းမှာ သုံးစွဲသူက ဖုန်းကိုဖွင့်ချင်ရင် ဒါမှမဟုတ် protected app တစ်ခုကို ဖွင့်ချင်ရင် မျက်လုံးနဲ့ ကြည့်လိုက်ရုံပါပဲ။ အဲ့ဒီအခါမှာ LED နဲ့ Camera က အတူတကွ အလုပ်လုပ်ပြီး iris ရဲ့ ပုံရိပ်ကို ဖမ်းယူကာ သိမ်းဆည်းထားတဲ့ code နဲ့ တိုက်ဆိုင်စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒါတွေအားလုံးကို စက္ကန့်ပိုင်းအတွင်းမှာ လုပ်ဆောင်သွားမှာ ဖြစ် ပါတယ်။ Iris scanner တစ်ခုဟာ fingerprint scanner လောက် မြန်ပါတယ်။

Iris Scanning နည်းပညာရဲ့ အားသာချက်တွေ

Iris scanning နည်းပညာရဲ့ အကြီးမားဆုံး အားသာချက်ကတော့ သူ့ရဲ့တိကျမှန်ကန်မှုနဲ့ ယုံကြည်စိတ်ချရမှုပါပဲ။ ခန့်မှန်းချက်တွေအရ Iris Scanning ဟာ fingerprint scanning ထက် (၁၀) ဆ ပိုတိကျပါတယ်။ Iris scanning မှာ false match တွေဟာ ၁ သန်းကနေ ၂ သန်းမှာမှ ၁ ခါသာ ရှိနိုင်ပါတယ်။ Fingerprint ကတော့ ၁ သိန်းမှာ ၁ ခါ ရှိနိုင်ပါတယ်။

ဒါ့အပြင် လက်ဗွေရာတွေဟာ ထိခိုက်ဒဏ်ရာရမှုတွေကြောင့် ပြောင်းလဲဖို့ အလားအလာ အများကြီး ရှိပါတယ်။ Iris ကတော့ မျက်ကြည်လွှာက ဖုံးအုပ်ပေးထားတာကြောင့် ဆယ်စုနှစ်များစွာတိုင်အောင် နဂိုအတိုင်း မပြောင်းလဲဘဲ တည်ရှိနေနိုင်ပါတယ်။ ဒါ့အပြင် fingerprint scanner တွေလို ထိတွေ့ဖို့ မလိုအပ်ဘဲ အဝေးကနေ လှမ်းဖွင့်နိုင် တာကြောင့် ပိုပြီးတော့ ဘေးကင်းပါတယ်။

Note 7 ရဲ့ Iris scanner က ဘယ်အချိန်မှာ ကောင်းကောင်း အလုပ်မလုပ်နိုင်ဘူးလဲ?

Iris scan မှာ ကိုယ့်မျက်လုံးကို register ပြုလုပ်ရတာ လွယ်ကူပါတယ်။ ဒါပေမဲ့ အဲ့လို register လုပ်ချိန်မှာ camera ရဲ့ ပုံရိပ်ကို အနှောင့်အယှက် ဖြစ်စေမယ့် အခြေအနေတွေကို ရှောင်ရပါမယ်။

မျက်မှန်တွေ၊ မျက်ကပ်မှန်တွေ တပ်ထားတာ၊ မျက်မှောင်ကြုတ်ထားတာ၊  ဖုန်းကို စောင်းထားတာ၊ ဖုန်းကို လှုပ်နေတာ၊ camera ပေါ်မှာ မှန်ကပ်ကို ကပ်ထားတာ စတဲ့အနေအထားတွေမှာ iris scanner က ကောင်းကောင်း အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် စတင် register လုပ်တဲ့အချိန်မှာ အလင်းရောင် ကောင်းကောင်း ရတဲ့နေရာမှာ ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။

တကယ်လို့သာ အထက်မှာ ဖော်ပြထားတဲ့ အခြေအနေတွေကို ရှောင်ရှားမယ်ဆိုရင် Iris scanner က အဆင်ပြေပြေ အလုပ်လုပ်ပါတယ်။ အမြန်ဆုံး fingerprint scanner တွေလောက်ကို မြန်ပါတယ်။ ဒါပေမဲ့ အပြင်က နေရောင်ထဲမှာဆိုရင်တော့ ကောင်းကောင်း အလုပ်မလုပ်နိုင်ပါဘူး။ နေရောင်မှာ IR တွေ အများကြီးပါဝင်တာမို့ scanner ကို ရှုပ်ထွေးစေပါတယ်။ ဒါကြောင့် outdoor မှာတော့ လက်ဗွေရာက အကောင်းဆုံးပါပဲ။

Ref ; http://www.pocket-lint.com/news/138335-samsung-galaxy-note-7-iris-scanne...
http://www.explainthat stuff.com/how-iris-scans-work.html