Home » 

Amazon စီအီးအို ဂျက်ဘီးဇော့စ်နှင့် စကားစမြည်

By: 

ဟိန်းထက်

ဂျက်ဘီးဇော့စ်သည် Amazon ကို အွန်လိုင်းစာအုပ်အရောင်း လုပ်ငန်းလေးအဖြစ်မှ နိုင်ငံတကာအွန်လိုင်း လက်လီအရောင်း လုပ်ငန်းကြီးအဖြစ်သို့ မြှင့်တင်ခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ပရင်စတန် တက္ကသိုလ်ကနေ လျှပ်စစ်အင်ဂျင်နီယာနှင့် ကွန်ပျူတာသိပ္ပံဘွဲ့ ရရှိပြီးနောက် ဂျက်ဘီးဇော့စ်တစ်ယောက် ဝေါစထရိက ဘဏ္ဍာရေး လုပ်ငန်းတွေမှာ ဝင်လုပ်သည်။ ၁၉၉၄ ခုနှစ်တွင်တော့ ဘဏ္ဍာရေး လုပ်ငန်းနယ်ပယ်ကို စိတ်ကုန်ကာ ကိုယ်ပိုင်လုပ်ငန်း လုပ်ဖို့ဆုံးဖြတ်ပြီး Amazon.com ကိုထူထောင်သည်။ အွန်လိုင်းကနေ စာအုပ်ရောင်းဖို့ သူအားထုတ်သည်။ ၁၉၉၅ ခု နှစ်ဇူလိုင်လမှာ ပထမဆုံး စာအုပ်စရောင်းရသည်။ စာအုပ်ရောင်း လုပ်ငန်းမှသည် ဘာပစ္စည်းမဆို လက်လီရောင်းချသည့် အွန်လိုင်း လုပ်ငန်းကြီးအဖြစ်သို့ တက်လှမ်းနိုင်ခဲ့သည်။ Kindle စာဖတ်စက်ကဲ့သို့ နည်းပညာ ပစ္စည်းများလည်း ထုတ်လုပ်ရောင်းချနေသလို၊ အွန်လိုင်းဒေတာ သိမ်းဆည်းရေး ဝန်ဆောင်မှု လုပ်ငန်းများလည်း လုပ်ကိုင်နေသည်။ မစ္စတာဘီးဇော့စ်နှင့် အင်တာဗျူးကို အောက်တွင် ဖော်ပြပါမည်။

Amazon ဟာ အခုလောက်ထိ ကြီးထွားအောင်မြင် လာလိမ့်မယ်လို့ စလုပ်တုန်းက စိတ်ကူးကြည့်ဖူးလား။

တစ်နေ့မှာ ကြီးကြီးမားမား အောင်မြင်လာလိမ့်မယ်ဆိုတဲ့ ယုံကြည်မှုနဲ့ လုပ်ခဲ့တဲ့အတွက် အောင်မြင်မှု အတိုင်းအတာကို တိတိကျကျ စိတ်ကူးမကြည့်ခဲ့တဲ့တိုင် စိတ်အာရုံနဲ့တော့ မှန်းထားခဲ့တာ အမှန်ပါ။ စလုပ်တုန်းကတော့ စာအုပ်တွေကို အွန်လိုင်းကနေ ရောင်းမယ်၊ မှာသူတွေဆီ ပို့ပေးမယ်၊ ဒီအလုပ်ကိုပဲ ကြီးကြီးမားမား ဖြစ်လာအောင် လုပ်မယ်ဆိုတာလောက်ပဲ မှန်းခဲ့မိတာတော့ အမှန်ပဲဗျ။ ကျွန်တော်တို့ ထင်ထားတာထက် ပိုအောင်မြင်ခဲ့တယ်။ နှစ်ပိုင်းအတွင်းမှာကိုပဲ အမေရိကန်နိုင်ငံ ပြည်နယ် ၅၀ လုံးသာမက ပြည်ပ ၄၅ နိုင်ငံထိကို စာအုပ်တွေရောင်းချ နိုင်ခဲ့တယ်။

စာအုပ်အရောင်း လုပ်ငန်းတော်တော် တွင်ကျယ်လာတဲ့ နောက်ပိုင်းမှာတော့ ဖောက်သည်တစ်ထောင်လောက်ဆီ အီးမေးလ်ပို့ပြီး “စာအုပ်အပြင် နောက်ထပ် ဘာတွေရောင်းစေ ချင်သေးလဲ” လို့ သဘောထား စစ်တမ်းကောက်ကြည့်ခဲ့တယ်။ ဖောက်သည်တွေဆီက ပြန်လာတဲ့အဖြေတွေက ကျွန်တော်တို့ မှန်းထားတာထက်တောင် နယ်ပိုကျယ်သေးတယ်။ ကျွန်တော်တို့ စာအုပ်လုပ်ငန်းနဲ့ တော်တော်ကို အလှမ်းဝေးတဲ့ ကားရေသုတ်တံ ရောင်းပေးပါ ဆိုတာမျိုးတောင်ပါတယ်။ အဲ့ဒီမှာကျွန်တော်တို့ လမ်းစတွေ့သွားတယ်။ ကျွန်တော်တို့ ကျွမ်းကျင်ပြီးသား အွန်လိုင်းကနေ စာအုပ်ရောင်းတဲ့ နည်းအတိုင်း တခြားပစ္စည်းတွေလည်း ရောင်းလို့ရသားပဲဆိုတာ သိသွားတယ်။

စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက် အောင်မြင်ဖို့ အဓိက အရည်အသွေးတွေ ပြောပါဦး။

ရောက်သလောက်နဲ့ တင်းတိမ်မနေတဲ့စိတ်မျိုး ရှိဖို့ပဲဗျ။ ဘယ်အဆင့်ရောက်ရောက် ဒီအလုပ်ကို ဒီ့ထက်ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲ အမြဲတွေးကြံ စမ်းသပ်နေရမယ်။ လုပ်ငန်းရှင်လုပ်ရတာနဲ့ တီထွင်ဖန်တီးသူ သိပ္ပံပညာရှင် လုပ်ရတာ သဘောတရားချင်း အတူတူပဲ။ တီထွင်ဖန်တီး သူတွေဟာလည်း အမြဲတွေးကြံနေရတယ်။ လက်ရှိရောက်ထားပြီးသား တီထွင်မှုထက် ပိုကောင်းအောင် ဘယ်လို  အဆင့်တက်ရမလဲ စဉ်းစားဖို့က သူ့အဓိကအလုပ်ပဲ။ အလုပ်တစ်ခုက ကောင်းနေပြီ၊ အဆင်ပြေနေပြီ ဆိုရင်လည်း ကျွန်တော်ကတော့ ကျေနပ်နေမှာ မဟုတ်ဘူး။ ကောင်းသထက် ကောင်းအောင် ဘာထပ်လုပ်လို့ ရသေးလဲ အမြဲစဉ်းစားနေတာပဲ။

နောက်တစ်ချက်အနေနဲ့ ရှုံးရဲဖို့လိုတယ်။ စမ်းရဲရမယ်၊ မအောင်မြင်မှာ ပျက်စီးမှာမကြောက်နဲ့။ စွန့်ဦးတီထွင် လုပ်ငန်းရှင်ကောင်းဆိုတာ အကြံဉာဏ်သစ်တွေ အမြဲထုတ်နေရမယ်။ အသေးစိတ်ပိုင်းမှာလည်း အခြေအနေ အချိန်အခါလိုက်ပြီး ပြုလွယ်ပြင်လွယ် ဖန်တီးလွယ်သူ ဖြစ်ရမယ်။

နောက်တစ်ချက်ကတော့ ရည်မှန်းချက် တိကျဖို့ပဲ။ အကောင်းဆုံး ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေဆိုတာ ကိုယ်ဘာလုပ်မယ်ဆိုတဲ့ ရည်မှန်းချက် တိတိကျကျ ရှိသူတွေလက်က ထွက်လာတာချည်းပဲ။ ရည်မှန်းချက် တိတိကျကျ ရှိသူတွေဟာ မိုးလင်းနိုးလာရင်လည်း ဒီစိတ်၊ ညအိပ်ရာ ဝင်ချိန်ထိလည်း ဒီစိတ်ဆိုတာမျိုး ရည်မှန်းချက် ပေါက်မြောက်ရေးအတွက် တွေးကြံအားထုတ်ရင်း အသက်ရှင်သန်ကြတယ်။

မစ္စတာဘီးဇော့စ်ဟာ Amazon ကို ကြီးထွားလာအောင် မြေတောင်မြှောက် ပေးခဲ့ရုံသာမက အမြဲတမ်းလည်း သစ်လွင်ဆန်းသစ်နေအောင် မကြာမကြာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာတွေ့ရတယ်။ ဒီလောက်ကြီးမားတဲ့ လုပ်ငန်းကြီးတစ်ရပ်ကို စွန့်ဦးတီထွင် လုပ်ငန်းငယ် တစ်ခုအတိုင်း အမြဲသစ်လွင် လန်းဆန်းနေအောင် ဖန်တီးထားနိုင်ဖို့ ဘယ်အချက်တွေ အရေးအကြီးဆုံးလဲ။

အမြဲသစ်လွင် လန်းဆန်းနေအောင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့နေရာမှာ ပြုပြင်ပြောင်းလဲရေးရဲ့ နောက်ကွယ်မှာ ကျဆုံးခြင်း၊ မအောင်မြင်ခြင်းတွေ ကပ်ပါလာမယ်ဆိုတာ သိလျက်နဲ့ ရဲရဲလုပ်ရဲတဲ့ စိတ်မျိုးရှိဖို့လိုတယ်။ အောင်မြင်အောင် ရေရှည်ကျားကုတ်ကျားခဲ လုပ်လိုစိတ်ရှိဖို့က အဓိကပဲ။ 

တချို့ကပြောတယ်။ Amazon ဟာ ဖောက်သည်တွေတိုးရပြီး အဆင်ပြေနေချိန်မှာ လုပ်ငန်းငယ်လေးတွေကတော့ Amazon ဆီ ဖောက်သည်တွေ ပါသွားလို့ ဒုက္ခရောက်နေပြီတဲ့။

တချို့သော လုပ်ငန်းငယ်လေးတွေဆို Amazon ကြောင့် အရင်ထက်တောင် အလုပ်ဖြစ်နေကြ ပါသေးတယ်။ ကျွန်တော်တို့နဲ့ လက်တွဲပြီး နိုင်ငံတကာက ဖောက်သည်တွေနဲ့ ချိတ်ဆက်ရောင်းဝယ်နိုင်လို့ အောင်မြင်နေကြတဲ့ လုပ်ငန်းငယ်လေးတွေ သန်းချီပြီး ရှိနေပါတယ်။ ဥပမာပြောရရင် Kindle Direct Publishing ဝန်ဆောင်မှုကို ကြည့်ပါ။ ဘယ်ထုတ်ဝေသူကမှ လက်မခံလို့ လူအများရှေ့ မရောက်နိုင်တဲ့ စာရေးဆရာကောင်းတွေ Kindle Direct Publishing သုံးပြီး ကိုယ်တိုင်ပုံနှိပ် ထုတ်ဝေလိုက်လို့ အောင်မြင်မှု ရသွားတာ အများကြီးပဲ။ Amazon ဟာ လုပ်ငန်းငယ်လေးတွေကအစ တစ်ယောက်ချင်းစီကိုပါ မြှင့်တင်ပေးနေပါတယ်။ Amazon Web Services ဆိုရင်လည်း လုပ်ငန်းငယ်လေး တွေအတွက် ဈေးအသက်သာဆုံး အွန်လိုင်းဒေတာ ဝန်ဆောင်မှု လုပ်ငန်းတွေ ပေးနေတဲ့အတွက် လုပ်ငန်းငယ်တွေဟာ သူတို့ဝက်ဘ်ဆိုက်တွေကို Amazon Web Services မှာတင်ပြီး ကမ္ဘာတစ်ဝန်းက ဖောက်သည်တွေ၊ ဖောက်သည်ဖြစ်လာ နိုင်ခြေရှိသူတွေဆီ ဒေတာခကုန်ကျစရိတ် သက်သက်သာသာနဲ့  လုပ်ငန်းတွေ ချဲ့ထွင်နိုင်နေပါပြီ။

နည်းပညာ ကဏ္ဍတိုးတက်မှုနဲ့  တီထွင်ဖန်တီးမှုပိုင်း တိုးတက်မှုဟာ ဘယ်တုန်းကနဲ့မှ မတူအောင် အမြင့်ဆုံးအနေအထား ရောက်နေတယ်လို့ ထင်ပါသလား။

လုပ်ငန်းနယ်ပယ်ကိုလိုက်ပြီး တိုးတက်မှုနှုန်းတွေ ကွာခြားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တိုးတက်မှုကတော့ နယ်ပယ်တိုင်းမှာ တွေ့နေရပါတယ်။ ယနေ့ခေတ်ဟာ အိုင်ဒီယာခေတ် (အကြံဉာဏ်) ဖြစ်တာကြောင့် ဘယ်ခေတ်နဲ့မှမတူတဲ့ အားသာချက်တစ်ချက်လည်း ရှိနေပါတယ်။ အိုင်ဒီယာသစ်တစ်ခု ထွက်ပေါ်တိုင်း သူကတစ်ဆင့် နောက်ထပ်အိုင်ဒီယာသစ် နှစ်မျိုးထပ်ထွက်လာတာ ဖြစ်ပါတယ်။ ကြာလေ ဆပွားများလေပါပဲ။ ဥပမာ ရွှေတူးကြသူတွေနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။ ရွှေသိုက်တွေ့ပြီဆိုရင် လူတွေပြုံရောက်သွားတာပဲ။ လူများများသွားတူးလေ ရွှေမြန်မြန် ကုန်သွားလေပါပဲ။ အိုင်ဒီယာကတော့ လူများများဝိုင်းတူးလေ ဆပွားနှစ်ဆ ပိုပိုပေါက်ဖွားလေပါပဲ။

Ref: The Man Who Sells Every-thing by Gideon Rose From Foreign Affairs