Home » 

AppExpo မှ တာဝန်ရှိသူတစ်ဦးနှင့်တွေ့ဆုံခြင်း

လက်ရှိ မိုဘိုင်းဖုန်းဈေးကွက် တစ်ဟုန်ထိုးတိုးတက်လာတဲ့ အပြင် စမတ်ဖုန်းသုံးစွဲမှုဟာလည်း အချိန်တိုင်း တိုးတက်လာတာကို တွေ့ရပါတယ်။ စမတ်ဖုန်းနဲ့App တွေဆိုတာက လက်ဖဝါးနဲ့ လက်ဖမို့လို ခွဲခြားမရတဲ့ မျက်နှာစာတွေ ဖြစ်နေတာကြတာပါ။ ပြည်တွင်း App တွေရဲ့ အလားအလာကတော့ ပြည်တွင်း စမတ်ဖုန်းဈေးကွက် ဒီရေနဲ့အတူတူ တိုးတက်လာမလား။ ဘယ်လို လျှောက်လှမ်းနေကြသလဲ ဆိုတာ တင်ပြချင်တဲ့ အတွက်ကြောင့်  AppExpo ပွဲကို ကျင်းပဖြစ်တဲ့အကြောင်း၊ ပြပွဲကျင်းပတဲ့အခါ တွေ့ကြရတဲ့ အခက်အခဲတွေ၊ ဒီကမိုဘိုင်းအက်ပ်ဈေးကွက် အပေါ် အမြင်တွေကို မေးမြန်း စုံစမ်းဖြစ်ခဲ့ပါတယ်။

ဒီပြပွဲကို ကျင်းပဖြစ်ခဲ့တဲ့ အကြောင်းအရင်းကဘာများ ဖြစ်ပါသလဲ။

ကျွန်တော်တို့ ဒီပြပွဲကိုပြုလုပ်ဖို့ ၂၀၁၂ ခုနှစ်ကတည်းက အိုင်ဒီယာစရခဲ့တာပါ။ ဘာလို့လည်းဆိုတော့ မကြာခင်မှာဘဲ မြန်မာပြည်မှာ မိုဘိုင်းဖုန်းအသုံးပြုသူတွေ များပြားလာတော့မယ်ဆိုတာ တယ်လီကွန်း အသစ်တွေဝင်လာတော့မယ် ဆိုကတည်းက အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အတွက်က မိုဘိုင်း အက်ပ်တွေ အခုထက်ပိုပြီးထွက်လာ သင့်တယ်ဆိုတာရယ် Android စတင်အသက်ဝင်ပြီး အသုံးများလာတာရယ်ကြောင့် မြန်မာတွေလည်း ဒီဘက်ပိုင်းမှာ ထုတ်လုပ်မှုစွမ်း အားမြင့်လာတော့မယ်ဆိုတာကို နားလည်ထားတဲ့ အတွက် ဒါတွေကို လူတွေသိအောင် လုပ်ရမယ်ဆိုတဲ့ အချက်၊ နောက်တစ်ခုကတော့ ကျွန်တော်တို့မှာ ရိုးအီနေတဲ့ software ထုတ်ကုန်တွေဖြစ်တဲ့ POS တို့ ၀န်ထမ်းလစာတွက်တဲ့ software တို့ ကနေပြီး cloud or mobile platform ပေါ် ကနေပြီးသုံးလို့ရတဲ့ ERP တွေနဲ့လုံခြုံရေး ဆိုင်ရာ software တွေ၊ စားသောက်ဆိုင် ဟိုတယ်တွေနဲ့ အခြားလုပ်ငန်းတွေမှာ လိုအပ်လာမယ့် software တွေ၊ banking and payment platform စတာတွေကို လည်း လုပ်ငန်းတွေ စီးပွားရေး အဖွဲ့အစည်းတွေ အစိုးရဌာနတွေပိုပြီး သုံးလာနိုင်အောင်ပိုပြီး သိလာအောင် awareness ပိုရဖို့အတွက် software relative ပြပွဲ တစ်ခုတော့ လုပ်မှဖြစ်မယ်ဆိုပြီး ဒါကိုကြိုးစားခဲ့တာပါ။

ဒီတော့ အဲဒီမှာစတဲ့အခါ ဘာအခက်အခဲတွေရှိခဲ့လဲ။

စစခြင်းတုန်းကလည်း ခက်ပါတယ်။ အခုလည်း အခက်အခဲက ရှိနေပါသေးတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ICT နဲ့ပတ်သက်တဲ့ ပြပွဲတွေက အမြဲတမ်းရှိပါ တယ်။ အများစုကတော့ hardware ပိုင်းကို အဓိက ထားကြတော့ software ဝင်ပြတဲ့သူ တွေအနေနဲ့ စိတ်ဝင်စားမှု ကျဆင်းစေတာတွေ့ရပါတယ်။ software ဆိုတာ အခုတွေ့ အခုဝယ်ကြလေ့ရှိတာ မဟုတ်ပါဘူး အထူးသဖြင့် လုပ်ငန်းသုံး တွေမှာပေါ့။ အဓိကအားဖြင့် ဒီအပိုင်းမှာ အစိုးရက အကြီးဆုံး စားသုံးသူဖြစ်နေတာရယ်။ လုပ်ငန်းကြီးတွေကို သီးသန့်ရေးဆွဲပေးတာ ဒါမှမဟုတ် ရောင်းချရတာက အများစုဖြစ်နေတော့ လုပ်ငန်းငယ်တွေနဲ့ သူတို့ထုတ် ကုန်တွေ နေရာမရ ဈေးကွက်မရတာတွေလည်း ရှိနေတယ် ဒါကြောင့် ဒီလိုသီးသန့် ပြပွဲတစ်ခုက ရှိကိုရှိသင့်တယ်ပေါ့။ နောက်တစ်ခုက မိုဘိုင်းအက်ပ်ဆိုလည်း ကျွန်တော်တို့က ဝယ်သုံးဖို့ အတွက် awareness မရှိသေးဘူး။ ဒီအတိုင်း ပေးသုံးထားနိုင်ဖို့ အတွက် ကျွန်တော်တို့မှာ ရင်းနှီးမြှုပ်နှံထားမယ့်သူတွေ မရှိသေးဘူး။ ဒီတော့ survive မလုပ်နိုင်လို့ ရပ်နားသွားတဲ့ မိုဘိုင်း အက်ပ်ထုတ်တဲ့မြန်မာလူငယ်တွေ အများအပြားတွေ့ခဲ့ရတယ်။ ဒါကနှမြောဖို့ သိပ်ကောင်းတယ်။ ဒီတော့ ကျွန်တော်တို့က ဒီအကြောင်း အချက် ၂ ခုစလုံးအတွက် ဈေးကွက်ကို မြှင့်တင်နိုင်ဖို့၊ သုံးတဲ့သူတွေ တိုးတက်လာဖို့၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ချိတ်ဆက်မိဖို့ ဒီလိုပွဲကို ကျင်းပရတယ်။ ကျင်းပတဲ့အခါမှာ အထောက်အပံ့ကောင်း ကောင်းမရှိဘဲနဲ့ ကြီးမား ကျယ်ပြန့်တဲ့ awareness ရရှိဖို့ အခက်အခဲရှိတယ်။ ပြီးတဲ့ အခါမှာ ဈေးရောင်းပွဲ လို မဟုတ်တဲ့ အတွက် လူအများအပြား မလာတာကို ပြောကြတာလည်းရှိတယ်။ ကျွန်တော်တို့ နိုင်ငံတကာ software show တွေမှာ လည်း ဒီလိုပဲတွေ့နိုင်ပါတယ်။ လူအများကြီးလာလေ့ မရှိပါဘူး။ ကျွန်တော်တို့ ရည်ရွယ်ထားတဲ့ သူ တွေ ဖြစ်တဲ့မီဒီယာနဲ့ Industry ထဲကသူတွေ၊ လုပ်ငန်းရှင်တွေ၊ စီးပွားရေး အဖွဲ့အစည်းတွေပဲ ရောက်လာရင် ဒါကအောင်မြင်ပါတယ်။ ဒါပေမဲ့ ဒါက ပါဝင်မယ့် သူတွေ အတွက် ဆွဲဆောင်မှုကျဆင်းစေတဲ့ အချက်လို ဖြစ်နေတာ အခက်အ ခဲတစ်ရပ်ဖြစ်နေတယ်။ ကျွန်တော်ပြောသလို အထောက်အပံ့ ကောင်းကောင်းရဖို့ အတွက် အတားအဆီး တစ်ရပ်ဖြစ်နေတယ်။ ဒါကိုနားလည်ဖို့ အတော်လေး ကြိုးစားရဦးမယ်ထင်တယ်။

ဘာလို့များ နှစ်စဉ် MICT မှာကျင်းပခဲ့တာလဲ။

ကျွန်တော့်ရဲ့ ယုံကြည်မှုကြောင့်ပါ။ ကျွန်တော်လိုချင်တဲ့ ပုံစံနဲ့ လည်းကိုက်ညီပါတယ်။  ဒီနေရာက မြန်မာ့အိုင်စီတီနည်းပညာ တိုးတက်ဖို့အတွက် ရည်ရွယ် တည် ဆောက်ခဲ့တဲ့ ပထမဦးဆုံးသော အဆောက်အဦ လည်းဖြစ်၊ လက်ရှိမြန်မာ့နည်းပညာရပ်ဝန်းရဲ့ အကျယ်ပြန့်ဆုံးနဲ့ စုစည်း ထားတဲ့ နေရာ လည်းဖြစ်ပါတယ်။ ဒီလိုပဲ MICT ကသူတွေကလည်း ကျွန်တော့်ရဲ့ မိသားစုလိုဖြစ်နေပြီး သံယောဇဉ်ရှိတဲ့နေရာ ဒီနေရာက ကျွန်တော်တို့ကို အောင်မြင်မှု တစ်ခုဆီ တွန်းပို့ပေးနိုင်မယ့် နေရာလို့ ဒီလိုယုံကြည်တာကြောင့် နှစ်တိုင်းဒီမှာပဲ ကျင်းပတာပါ။

ဒီကမိုဘိုင်းအက်ပ်ဈေးကွက်ကိုဘယ်လိုမြင်ပါသလဲ။

ဒီမှာက သုံးတဲ့သူတွေ အများကြီး တိုးတက်လာတာကိုပဲ မြင်ကြတယ်။ တကယ့်ဈေးကွက်အစစ်က ထင်ထားသလောက် မရှိဘူး။ ဒါပေမဲ့ စမတ်ဖုန်းကို တော်တော် များများ သုံးကြတဲ့ အတွက် အလားအလာကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ  မိုဘိုင်းဖုန်း အတွက်ရေးထားတဲ့ အက်ပ်တွေက အရင်ကတည်းကရှိတယ်။ ဥပမာ ကိုထူးမြင့်နောင်တို့ဆို အစောပိုင်းကတည်းက ဒီဈေးကွက်မှာစတင်ခဲ့တယ်။ မိုဘိုင်းဂိမ်း ဆိုလည်း ကျွန်တော်တို့မှာ ကိုမြင့်ကျော်သူတို့လို၊ အခု ကိုအေးမောင် တို့လိုလုပ်နေတဲ့သူ တွေရှိတယ်။ ပြဿနာကဝယ်သုံးဖို့၊ ဝယ်သုံးတတ်အောင်၊ ဝယ် သုံးနိုင်အောင် ဒါတွေကို လိုအပ်ေ နသေးတယ်။ နောက်တစ်ချက် IP ပြဿနာတွေ ရှိတယ်။ ဒါတွေအတွက် အကာအကွယ်တွေ လိုအပ်နေသေးတယ်။ အဆိုးဆုံး ကတော့ ဒီနှစ်တွေ မှာ ဒေသတွင်းနိုင်ငံတွေက မြန်မာ့ မိုဘိုင်း ဈေးကွက်ထဲကို သူတို့အက်ပ်တွေ တဖြည်းဖြည်းနဲ့ မိတ်ဆက်လာတယ်။ ကျွန်တော်တို့မှာ ထုတ်လုပ်တဲ့သူတွေ များလာတာ သာရှိတာသုံးစွဲသူတွေက ထင်သလောက် တက်မလာသေးဘူး။ အခမဲ့ သုံးနိုင်တဲ့ အသုံးတည့်တဲ့ ဟာတွေကို တောင် မသုံးကြတာတွေရှိတယ်။ ဥပမာ သတင်း အက်ပ်လို ဟာတွေ၊ ဒူဝံလို အင်တာတိန့်မန့်ဖြစ်ပြီး အသစ်ဖြစ်လာတွေ၊ သိပ်မသုံးကြသေးဘူး။ သုံးစွဲသူ အများအပြား ရှိနေတာကလည်း အောင်မြင်မှုနဲ့ စီးပွားရေးပိုင်းကို တိုးတက်စေ လာနိုင်ပါတယ်။ ဒါပေမဲ့ တက်မလာသေးဘူး။ ဒီတော့ ရောင်းဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ အပိုင်းမှာ ရှိနေသေးတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီအလေ့အထကို ပြောင်းနိုင်ဖို့ အတွက် awareness ကောင်းကောင်း ပေးနိုင်ဖို့လိုသေးတယ်။ user behavior ကိုသိတဲ့ သူက ဒီအထဲက ဖောက်ထွက် သွားနိုင်လိမ့်မယ်။ ဘယ်သူဖြစ် လာမလဲတော့ စောင့်ကြည့်ရဦးမှာပေါ့။ တခြားတိုင်းပြည်နဲ့တော့ ကွာတဲ့ အချက်တွေ အများကြီးရှိနေသေးတယ်။

e-commerce တွေကျ တော့ရော။

ဒါက မိုဘိုင်းအက်ပ်ကိုရောင်းတာ မဟုတ်ဘူး။ သူ့ပလက်ဖောင်းတစ်ခုအနေနဲ့ သုံးကြတာ။ အခုက မြန်မာပြည်မှာ အွန်လိုင်းက ဈေးဝယ်တာ ခေတ်စားတာတဲ့ အတွက် အလားအလာအကောင်းဆုံး အရာတစ်ခုဖြစ်လာပါတယ်။ ဒါပေမဲ့ ပြဿနာက ဒီလိုဆိုဒ်တွေပေါ်က ဈေးဝယ်တာနည်းပြီး Facebook page တွေကနေ ဝယ်တာများနေတယ်။ ဒီတော့ တစ်နေ့တစ်နေ့ စီးဆင်းသွားတဲ့ ငွေတွေက လွတ်ကုန်တာပေါ့။ ဒါကို Payment အားကောင်းလာဖို့နဲ့ e-commerce ဆိုဒ်တွေ ပို ကောင်းလာဖို့၊ ရောင်းသူဝယ်သူ တွေက ဘဏ်တွေပေါ်ကနေ တစ်ဆင့်အများဆုံး အသုံးပြုနိုင်ဖို့ လိုပါတယ်။ ဒီတော့ သန်းနဲ့ချီတဲ့ အသုံးပြုသူတွေက မြန်မာ e-com-merce  ဆိုဒ်တွေပေါ်မှာ ရောင်းကြဝယ်ကြမလား စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။

Startup တွေတော်တော်များ လာတာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရရှိသွားကြတဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

အခုက အားလုံး startup လုပ်ဖို့ပဲအာရုံ စိုက်နေကြတာတွေ့ရတယ်။ ဒီအကြောင်းကို ဘာမှ  ဂဃနဏ သိတာတော့နည်းတယ်။ အဓိကကတော့ ဆွဲဆောင်မှု သိပ်ကောင်းနေတာကိုး၊ ရင်းနှီးမြှုပ်နှံမှု ရရှိသွားကြတဲ့ သူတွေကို အားကျတာလည်းကျတာပေါ့။ သူတို့လည်း လွယ်လွယ်ရခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အားသာတဲ့နောက်ခံအကြောင်းအရင်းတွေကိုတော့ သိထားဖို့လိုအပ်ပါတယ်။ ဒါကိုချည်းမျှော်ကိုးနေမယ့်အစား startup လုပ်မယ့် လူငယ်တွေ အချင်းချင်း ပေါင်းပြီး လုပ်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ များလာတာ ကောင်းတော့လည်း ကောင်းပါတယ် တစ်ဖက်ကကြည့်ရင် နောက်တစ်ဖက် ကကြည့်ရင် အားလုံးလုပ်ငန်းရှင် လုပ်ဖို့ စိတ်ကူးလိုက်တော့ HR အခက်အခဲနည်းနည်း ဖြစ်သွားတယ်။ အင်အားတွေပြန့်ကျဲသွားသလိုခံစားရတယ်။ ထုတ်လုပ်မှု အသစ်တွေ ကျဆင်းသွားတယ်၊  နည်းပညာချင်း အိုင်ဒီယာချင်း ပေါင်းစပ်နိုင် ဖို့ အခွင့်အလမ်းနည်းသွားတယ်။ အဲဒီအစား တစ်ခုကောင်းလေးကို ကိုင်ပြီး ထိုင်စောင့်နေသလိုဖြစ်လာတယ်။

ဒီနှစ် AppExpo မှာဘာတွေ ထူးဦး မလဲ။

ထူးတာကတော့ ကျွန်တော်တို့ စပွန်ဆာမရှိဘူး။ ကျွန်တော်တို့ YangonHeartz အနေနဲ့ ဒီပွဲကိုတော်တော်လေး ခက်ခက်ခဲခဲနဲ့ ရုန်းကန်ခဲ့ရတယ်။ ဒါပေမဲ့ industry ထဲက ကူညီပေးတဲ့ သူတွေ၊ ပါဝင်ပြသကြတဲ့သူတွေ၊ မီဒီယာတွေကြောင့် ကျွန်တော်အားရှိခဲ့တယ်။ တစ်ချို့တွေက သူတို့ထုတ်ကုန်တွေ မပြီးပြတ်တဲ့ အတွက် မပါဝင်နိုင်ခဲ့ဘူး၊ တချို့က ဘတ်ဂျက်အခက်အခဲကြောင့်၊ တချို့ကအဆင်သင့်မဖြစ်လို့ စသဖြင့်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ပြိုင်ပွဲတစ်ခုကိုထည့် သွင်းထားနိုင်ခဲ့ပါတယ်။ ဒီလိုပဲ ဒီနှစ်မှာ အခမဲ့ ၀င်ရောက်ပြသမှုတွေကို တိုးပြီးပေးခဲ့ပါတယ်။ ပြီးတော့ နှစ်တိုင်းပါဝင်တဲ့ Samsung Tech Institute ကနေပြီး တစ်နိုင်လုံးကကွန်ပျုတာတက္ကသိုလ်တွေ၊ နည်းပညာတက္ကသိုလ်တွေကနေပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ ဆုရရှိခဲ့တဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ထူးခြားတဲ့ Apps တွေပြသွားမှာ ဖြစ်ပြီး ဈေးကွက်ထဲကို မရောက်သေးတဲ့ App တွေကိုလည်း မိတ်ဆက်သွားဖို့ ရှိပါတယ်။ ပြီးတော့ Apps competition ကိုလည်း Mekong innovation နဲ့ ပူးတွဲကျင်းပဖို့ ထည့်သွင်း ထားပါသေးတယ်။

ဒီပွဲကိုဘာတွေများ မျှော်လင့်ထားပါသေးလဲ။

ဒီပွဲကို မနှစ်ကထက်အများကြီးမျှော်လင့်ခဲ့ပါတယ်။ စပွန် ဆာမရှိလို့ ကိုယ့်စိတ်ကြိုက်အများ အပြားမလုပ်နိုင်ပေမယ့် ကျွန်တော် တို့ awareness ကောင်းကောင်းပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒီလိုဘဲ ပါဝင်ပြသကြတဲ့ သူတွေရဲ့ထုတ်ကုန်တွေကိုလည်း မီဒီယာတွေကနေတစ်ဆင့် လူထုက ပိုမို နားလည်သိရှိသဘောပေါက်ကြဖို့ မျှော်လင့်ပါတယ်။ ပြီးတဲ့အခါကျွန်တော်တို့ ရည်ရွယ်ချက်တွေအတိုင်း ဒီပွဲက industry အတွက် ဆက်ပြီး ရှိနေဦးမှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။