Home » 

Hewlett Packard Enterprise နည်းပညာ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း

By: 

အောင်သူ

Hewlett Packard Enterprise နည်းပညာ ကုမ္ပဏီအနေဖြင့် မြန် မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် နည်းပညာ လုပ်ငန်းများနှင့် ပတ်သက်၍ ပြောကြားခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ရန်ကုန်မြို့ Park Royal တွင်ပြုလုပ်ခဲ့သည်။ အဆိုပါ ကုမ္ပဏီ အနေဖြင့် ယင်းတို့၏ တီထွင်မှုများ၊ ထုတ်ကုန်များနှင့် Solutions များကို မြန်မာနိုင်ငံသို့ ဝန်ဆောင်ပေးသွားမည် ဖြစ်သည်ဟုဆိုသည်။ အဆိုပါ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Vijay Balan (Asia Emerging Countries) နှင့် Country Manager (Brunei, Bhutan, Cambodia, Laos, Myanmar, Nepal, Timor) ဖြစ်သူ Kazi Shohidul Islam တို့အား ဝန်ဆောင်မှုအချို့နှင့် ပတ်သက်၍ အင်တာနက်ဂျာနယ်မှ မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

မေး - Hewlett Packard Enterprise အနေနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်သွားမယ့် ဆောင်ရွက်ချက်တွေကို သိချင်ပါတယ်။

ဖြေ - Hewlett Packard Enterprise အနေနဲ့ servers, storage, wired and wireless networking အစရှိတဲ့ ဝန်ဆောင်မှုတွေကို ကမ္ဘာတစ်ဝန်း ပေးနေပါတယ်။ အဲဒီဝန်ဆောင်မှုတွေ အားလုံးကို မြန်မာနိုင်ငံကို ပေးသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရနေတဲ့ Hewlett Packard Enterprise ကပေးတဲ့ ဝန်ဆောင်မှုအားလုံး မြန်မာနိုင်ငံမှာ ရရှိမှာပါ။

မေး - ကမ္ဘာတစ်ဝန်း ဈေးကွက်ဝေစု ဘယ်လောက်ရထားပါသလဲ။

ဖြေ - ကမ္ဘာတစ်ဝန်း ဈေးကွက်ဝေစု ၆၀ ရာခိုင်နှုန်းခန့် ရှိတယ်။ စွမ်းရည်မြင့် နည်းပညာတွေ၊ Computing နည်းပညာတွေ ပေးတယ်။ နောက် တစ်ခုက ကျွန်တော်တို့ နည်းပညာမြင့် Storage Platform ရှိတယ်။ အဲဒါကို ဝန်ဆောင်မှုပေးနေတယ်။ ပြီးတော့ HP Network Infrastructure ကိုလည်း ဝန်ဆောင်မှု ပေးနေပါတယ်။ ဒါကြောင့် Networking ဝန်ဆောင်မှု၊ ကြိုးမဲ့အင်တာနက် (WiFi) ဝန်ဆောင်မှုတွေကို ပေးနေပါတယ်။

မေး - HP ကထုတ်တဲ့ ထုတ်ကုန်တိုင်းကို မြန်မာနိုင်ငံကို ရောင်းချပေးသွားမှာလား။

ဖြေ - ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ အပေါ်ကပြောခဲ့သလိုမျိုးပဲ ကျွန်တော်တို့လုပ်နေတဲ့ ထုတ်ကုန်တွေ အားလုံးကိုဖြန့်ဖြူး ဝန်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာမှာ လက်ရှိဈေးကွက် အနေအထားက အဲဒီပစ္စည်းတွေကို လိုအပ်နေတယ်။ အဲဒီပစ္စည်း ပိုင်းဆိုင်ရာတွေက ရှင်သန်တိုး တက်နေတဲ့ ကာလဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပစ္စည်းတိုင်း၊ ထုတ်ကုန်တိုင်းကို မြန်မာနိုင်ငံမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။

မေး - ဘယ်လို Customer တွေက Hewlett Packard ရဲ့ အဓိက အားထားရတဲ့ သူတွေဖြစ်မလဲ။

အဓိကအားဖြင့်တော့ ဘဏ်လုပ်ငန်းဆိုင်ရာတွေ၊ ဘဏ္ဍာရေး ပိုင်းဆိုင်ရာတွေဟာ ကျွန်တော်တို့ ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အခြေခံကျတဲ့ အရာတွေပါ။ စီးပွားရေး လုပ်ငန်းတွေ၊ ဟိုတယ်တွေ အစရှိတဲ့ လုပ်ငန်းကြီးတိုင်း လိုလိုကို ကမ္ဘာတစ်ဝန်း ဝန်ဆောင်မှုပေးနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း အဲဒီလို အလားသဏ္ဍာန်တူတဲ့ လုပ်ငန်းတွေမှာ ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။

မေး - ရောင်းပြီးနောက်ပိုင်း ပေးမယ့်ဝန်ဆောင်မှု (After sale service) နဲ့ပတ်သက်ပြီး ပြောပြပေးပါ။

ဖြေ- အဲဒါက အရေးကြီးဆုံးသော အပိုင်းတစ်ပိုင်း ဖြစ်ပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ အထောက်အပံ့ ပေးနိုင်မယ့် ပစ္စည်းမဟုတ်ရင် ရောင်းမှာမဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ထားတဲ့ ပါတနာတွေ ရှိပါတယ်။ သူတို့က ပစ္စည်းတွေကို ဝန်ဆောင်မှုပေးမယ့်အပြင် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အထောက်အပံ့ လိုအပ်ရင် အလုံးစုံ ပေးသွားမှာ ဖြစ်ပါတယ်။ Customer တွေအနေနဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှု ရရှိဖို့အတွက် ရည်ရွယ်ပါတယ်။

မေး - မြန်မာမှာဈေးကွက် ဝေစုဘယ်လောက် ရရှိထားပါသလဲ။

ဖြေ - ဒီနိုင်ငံမှာလာပြီး ဝန်ဆောင်မှုပေးတာ အရမ်းမကြာသေးဘူးဆိုတော့ ပြောပြဖို့စောနေ ပါသေးတယ်။

မေး - Hewlett Packard (HP) အနေနဲ့ကမ္ဘာတစ်ဝန်းမှာ ဈေးကွက်ဝေစု ၆၀ ရာခိုင်နှုန်းလောက် ရထားတယ်လို့ ပြောတယ်။ အဲဒီတော့ ဘယ်နိုင်ငံတွေက ပုံမှန် Customer တွေဖြစ်မလဲ။

ဖြေ - ကျွန်တော်တို့ ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ရှစ်ဆယ်ကျော်ကို ဝန်ဆောင်မှုပေးပါတယ်။ အမေရိက၊ အာဖရိက၊ အာရှနိုင် အစရှိတဲ့ နိုင်ငံတွေ တော်တော်များများက ကျွန်တော်တို့ ဝန်ဆောင်မှုကို သုံးကြပါတယ်။ အသေးစိတ်ကိုတော့ ဝက်ဘ်ဆိုက်မှာ ကြည့်နိုင်ပါတယ်။ ဂျပန်တို့ သြစတျေးလျတို့လည်း ပါတယ်။

မေး - အာရှနဲ့ဥရောပမှာ ဘယ်ကပိုများလဲ။

ဖြေ - နေရာတိုင်းမှာတော့ သူဟာနဲ့သူ သုံးနေကြတာပါပဲ။ အာရှ၊ တရုတ်၊ အိန္ဒိယ စသည်ဖြင့် သုံးနေကြတာပါပဲ။ စင်ကာပူလို နိုင်ငံမှာလည်း သုံးစွဲမှုကြီးကြီးမားမား ရှိပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာပါပဲ။

မေး - မြန်မာနိုင်ငံမှာ ပါတနာဘယ်နှစ်ယောက် ရှိပါသလဲ။

ဖြေ - ငါးခုရှိပါတယ်။ အဲဒီကနေ တစ်ဆင့်ပြန်ရောင်းချ ပေးတာမျိုးလည်း ရှိတယ်။

မေး - မြန်မာနိုင်ငံရဲ့လုပ်ငန်းကြီးတွေမှာ အသုံးပြုမယ်ဆိုရင် After Sale Service အတွက် ဘာတွေများ ပြင်ဆင်ထားပါသလဲ။

ဖြေ - ဒါကတော့ ရှင်းပါတယ်။ တစ်ခုခု ဝယ်ယူသွားပြီဆိုရင် ကျွန်တော်တို့ဘက်က အမှားအယွင်း တစ်ခုခုရှိပြီဆိုရင်တော့ ကျွန်တော်တို့ဆီကို ယူလာခဲ့၊ ချက်ချင်းလဲပေး သွားမှာဖြစ်ပါတယ်။ အဲဒီအတွက် အခကြေးငွေလည်း တစ်စုံတစ်ရာမှ ပေးစရာမလိုဘူး။