Home » 

အင်တာနက်လုပ်ငန်း ဝန်ဆောင်မှုပေးသည့် BlueWave ကုမ္ပဏီ၏ CEO ဖြစ်သူ Mr. Clement Larroque နှင့် တွေ့ဆုံခြင်း

By: 

မြင့်ကျော်လှိုင်

ဆက်သွယ်ရေး ဥပဒေထွက် ရှိလာတဲ့နောက်ပိုင်း ဆက်သွယ်ရေးလိုင်စင်နဲ့ ပတ်သက်တဲ့ နည်းဥပဒေ ဆက်လက် ထွက်ရှိလာပါတယ်။ နည်းပညာ ကုမ္ပဏီတွေ အနေနဲ့လည်း ဆက်သွယ်ရေး လိုင်စင်ကို လွတ်လပ်စွာ လျှောက်ထားလာခဲ့ကြပါတယ်။ ကုမ္ပဏီ အများစုဟာ အင်တာနက်နဲ့ဆက်နွယ်တဲ့လုပ်ငန်းတွေကို လုပ်ကိုင်ပြီး ဝန်ဆောင်မှု ပေးအပ်ကြဖို့ပါ။ အဆိုပါ ကုမ္ပဏီတွေထဲမှာ BlueWave Broadband ၀န်ဆောင်မှု လုပ်ငန်းကလည်း တစ်ခု အပါအ၀င်ပါပဲ။

BlueWave ၀န်ဆောင်မှုရဲ့ အသေးစိတ်ကို သိရှိဖို့ အတွက် အင်တာနက်ဂျာနယ်အနေနဲ့ BlueWave ၀န်ဆောင်မှုလုပ်ငန်း ရဲ့CEO ဖြစ်သူ Mr. Clement Larroque နဲ့ အခုလို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

BlueWave နဲ့ပတ်သက်ပြီး မိတ်ဆက်ပေးပါလား။

Bluewave ဟာ Fiber, terrestrial wireless နဲ့ satellite စနစ်များကို အသုံးပြု၍ အိမ်သုံးရုံးသုံး အင်တာနက်ကို ၀န်ဆောင်မှုပေးတဲ့ ISP ကုမ္ပဏီ ဖြစ်ပါတယ်။ Holding ကုမ္ပဏီကတော့ စင်ကာပူနိုင်ငံမှာ ဖြစ်ပြီး အသုံးပြုသူများရဲ့ လိုအပ်ချက်ကို အမှန်တကယ်နားလည် သိရှိပြီး စိတ်ကျေနပ်မှု အပြည့်အ၀ ပေးနိုင်တဲ့ အကောင်းဆုံး ISP ဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။

BlueWave အနေနဲ့ မြန်မာနိုင်ငံမှာ Broadband အင် တာနက် လိုင်းရောင်းဖို့ အတွက် ဘယ်လောက် အထိ ပြင်ဆင်ပြီးပြီလဲ။

ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ နှစ်မှာ အဓိကအခြေခံအ ဆောက်အဦးတွေ၊ ကွန်ရက် စီမံခန့်ခွဲမှုစနစ်တွေ၊ အကျိုးတူပူ ပေါင်းမှုဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးတွေ တည်ဆောက်ခြင်းတွေနဲ့ အတူ ဝန်ဆောင်မှု အမှတ်တံဆိပ်နှင့် အရောင်း ချန်နယ် တည်ဆောက်ခြင်းတွေကိုလည်း လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ အင်တာနက်နဲ့ ပတ်သက်တဲ့  အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ့် ပြည်သူလူထု အမှန်တကယ်လိုအပ်နေတဲ့ အင်တာနက်ကို ၀န်ဆောင်မှုပေးဖို့ အသင့်ဖြစ်နေပါပြီ။ တွေ့ ကြုံလာမည့် စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖို့ မျှော်လင့်ထားပြီးဖြစ်သလို ဝယ်သူတွေကိုလဲ အကောင်းဆုံး ၀န်ဆောင်မှုပေးဖို့ လည်း အသင့်ဖြစ်နေပါပြီ။

Blue wave အနေနဲ့ Broadband အင်တာနက် ဝန်ဆောင်မှုပေးအပ်ဖို့ Ooredoo ရဲ့ အင်တာနက် လိုင်းကို ပြန်လည် အသုံးပြုသွားမယ်လို့ ပြောနေကြတယ်။ အဲဒါနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပေးနိုင်မလား။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ရှင်းလင်းစွာပြောပြပါရစေ။ Bluewave ဟာ ကိုယ်ပိုင်နည်းပညာကို အသုံးပြုပြီး မြန်မာပြည်ရဲ့ အင်တာနက် အသုံးပြုသူတွေကို ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။ အင်တာနက်လမ်းကြောင်း သတ်မှတ်ခြင်းအတွက် နောက်ဆုံးပေါ်နည်းပညာပေါ်မှာ အခြေခံပြီးသုံးစွဲ သူရဲ့ တည်နေရာကို လိုက်၍ဖိုက်ဘာ၊ မြေပေါ်ကြိုးမဲ့စနစ်၊ ဂြိုလ်တု စနစ်တွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အကောင်အထည် ဖော်ဆောင်ရွက်မှု ပထမ အဆင့်မှာ ပြည်တွင်းနှင့်နိုင်ငံတကာ Upstream ချိတ်ဆက်မှုအတွက် Ooredoo ရဲ့ Gateway ကို အသုံးပြုသွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ပင်မ network ရဲ့ end to end ချိတ်ဆက်မှုအတွက် ကိုယ်ပိုင် IP အရင်း အမြစ်များကို (IPv4, IPv6 and ASN) အခိုင်အမာ တည်ဆောက်ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ network ကျယ်ပြန့်လာတာနဲ့ အမျှ back up Upstream ချိတ်ဆက်မှုများ ကိုပြည်တွင်းပြည်ပ မိတ်ဖက် အဖွဲ့အစည်းများနဲ့ ပူးပေါင်း၍အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ထိုအတွက်လည်း ဆွေးနွေးဆောင်ရွက်မှုတွေ လုပ်နေပြီး အခြေခံ သဘောတူညီမှု တွေရရှိပြီး ဖြစ်ပါတယ်။

အင်တာနက်လိုင်း စတင်ရောင်းချတဲ့အခါ ဘယ်မြို့တွေ ဖြစ်မလဲ။ နောက်ပိုင်း ဆက်လက်ရောင်းချမယ့် မြို့အနေနဲ့ ပြောပါဆိုရင်ကော။

ဖေဖော်ဝါရီ လအတွင်းမှာ ရွေးချယ်ထားတဲ့ဧရိယာတွေမှာ စတင်ဝန်ဆောင်မှု ပေးမှာ ဖြစ်ပြီး မတ်လ အကုန်မှ စတင်၍ တစ်နိုင်ငံလုံး အတိုင်း အတာ နဲ့ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်များကို ကျွန်တော်တို့ ရဲ့ အရောင်းဌာနကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ဆက်သွယ်ရေးလိုင်စင်ရ ကုမ္ပဏီတွေထဲမှာ BlueWave မပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါလဲ။

သက်ဆိုင်ရာ ၀န်ကြီးဌာနက ထုတ်ပေးထားတဲ့ လိုင်စင်ကို ရရှိထားပြီးဖြစ်သည့်အတွက် နောက်တစ်ခေါက် ထုတ်ပြန်မည့် လိုင်စင်ရ ကုမ္ပဏီများ စာရင်းမှာ ပါဝင်လာမှာဖြစ်ပါတယ်။

အင်တာနက်လိုင်း ရောင်းချမယ့် ဈေးနှုန်းတွေ အမြန်နှုန်းတွေ ကကော။

အိမ်သုံးအင်တာနက် ကို ကနဦး တပ်ဆင်ခ $120 နှင့် 1mbps လိုင်းအတွက် လစဉ်ကြေး $60 ၊ 2mbps လိုင်းအတွက် လစဉ်ကြေး $110, 4mbps လိုင်းအတွက် လစဉ်ကြေး $200 ကျသင့်မှာ ဖြစ်ပါတယ်။ လုပ်ငန်းသုံး အင်တာနက်ကို ကနဦး တပ်ဆင်ခ $500 နှင့် 1mbps လိုင်းအတွက် လစဉ်ကြေး $525, 2mbps လိုင်းအတွက် လစဉ်ကြေး $800, 4mbpsလိုင်းအ တွက် လစဉ်ကြေး $1240, 8mbps လိုင်းအတွက် လစဉ်ကြေး $2400, 10mbps လိုင်းအတွက် လစဉ်ကြေး $2750, 20mbps လိုင်းအတွက် လစဉ်ကြေး $5000 ကျသင့်မှာ ဖြစ်ပါတယ်။

လက်ရှိဈေးကွက်ထဲမှာ Broadband အင်တာနက်လိုင်းတွေ ရောင်းနေကြတယ်။ သူတို့တွေနဲ့ ဘာကွာခြားမလဲ။ သူတို့တွေ ထက်ဘာထူးခြားမလဲ။

ကျွန်တော်တို့ ရဲ့ ၀န်ဆောင်မှုဟာ လက်ရှိ မြန်မာနိုင်ငံမှာ မရှိသေးတဲ့ ယုံကြည်စိတ်ချရပြီး ခိုင်မာမှု အပြည့်ရှိတဲ့ ကွန်ရက်တည်ဆောက်မှုနှင့် နိုင်ငံတကာအဆင့်မီ နည်းပညာပေါ်မှာ အခြေခံထားပါတယ်။ ယုံကြည်စိတ်ချရမှု ရှိ စေရန် နှင့် တူညီကောင်းမွန်သော တသတ်မတ်တည်းရှိတဲ့ ၀န်ဆောင်မှုရ ရှိစေဖို့ ထို ကွန်ရက် တည် ဆောက်မှု လမ်းကြောင်းများကို မြန်ဆန်ပြီး ဖွံဖြိုးမှုအားကောင်းတဲ့ ကွန်ရက်ခန့်ခွဲမှု စနစ်များနဲ့ ထောက်ပံ့ပေးထားပါတယ်။ နည်းပညာဆိုင်ရာ အပြင်ဝန်ဆောင်မှု ဘက်မှာလည်း နိုင်ငံတကာအသိအမှတ်ပြု အကောင်းဆုံး ဝန်ဆောင်မှု အလေ့အကျင့်များကိုချမှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

လက်ရှိဈေးကွက်ကိုရော ဘယ်လိုလေ့လာထားလဲ။ လေ့လာထားတဲ့ ဈေးကွက်ကို ဘယ်လို သုံးသပ်ပြနိုင်မလဲ။

ကျွန်တော်တို့ရဲ့ အတွေ့အကြုံနဲ့ လက်ရှိ အင်တာနက် အသုံးပြုတွေရဲ့ Feedback ကို အခြေခံပြီး ပြောရမယ်ဆိုရင် လက်ရှိဈေးကွက်အတွင်းမှာ ရရှိနိုင်တဲ့ ၀န်ဆောင်မှုနဲ့ ၎င်းတို့အပေါ်အသုံးပြုတွေရဲ့ မျှော်လင့်ထားမှုဟာ ကွာခြားမှုတွေရှိနေပါတယ်။ ဒါ ဟာ အရည်အသွေးနဲ့ အမြန်နှုန်း ပေါ်မှာသာမက ၀န်ဆောင်မှုပေးတဲ့ အပိုင်းတွေ မှာပါ ဖြစ်ပေါ် နေတာပါ။ ကျွန်တောတို့ရဲ့ ရည်မှန်းချက်ကတော့ ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ အသုံးပြုသူတွေ မျှော်လင့်နေတဲ့ အင်တာနက်ကို ဝန်ဆောင်မှုပေးဖို့ပါပဲ။

အင်တာဗျူး မေးခွန်းထဲမှာ မပါပေမယ့် စာဖတ်သူကို အသိ ပးချင်တာများ ရှိနိုင်မလား။

ဟုတ်ကဲ့ ။ Bluewave အင်တာနက် စတင် မိတ်ဆက်မယ့်ရက်နဲ့ မြို့နယ်၊ Promotion Event  လုပ်မယ့် နေရာတွေကို ကျွန်တော်တို့ ရဲ့ Facebook စာမျက်နှာ www.facebook.com/bluewavenetworks နဲ့ website http://www.bluewavenetworks.net တွေမှာ အချိန်နှင့် တစ်ပြေးညီ ဖော်ပြပေးသွားမှာပါ။ Early Subscribers တွေအတွက်လည်း အထူး Promotion အစီအစဉ်တွေရှိတဲ့ အကြောင်းအသိပေးလိုပါတယ်။